ကျော်ဇေယျ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၄၊ ၂၀၂၀
ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ် အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် ပလက်ဝဒေသအပါအဝင် မြို့နယ်ငါးခုမှာ တပ်မတော်ဟာ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA) က ဒီနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
တပ်မတော်ဟာ ရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်တာ၊ ရွာတချို့နဲ့ ပတ်ဝန်းကျင်ရှိ စပါးပုံ၊ ကောက်ရိုးပုံတွေကို မီးရှို့ဖျက်ဆီးတာ၊ ကျွဲ၊နွားတိရစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာ၊ လူမရှိတဲ့ အိမ်တွေက ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာနဲ့ ခရီးသွားဒေသခံတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို မြေပြင်မှာ ကျူးလွန်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ဒါအပြင် တပ်မတော်ရဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒဏ်ရာရသူတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်း သွားလာ ကုသခွင့်ကို ပိတ်ပင်တာတွေကြောင့် တချို့ဟာ သွေးထွက်လွန်သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားမှတ်ချက်ကို ရရှိဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် အဆက်အသွယ်မရခဲ့သလို စာပေးပို့မေးမြန်းထားချက်ကို လည်း ပြန်လည်ဖြေကြားမှု မရှိသေးပါ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁၁ ရက် တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အရပ်သားတွေကို နှိပ်စက်တာနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို AA အဖွဲ့က ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
AA ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာတိုင်း တခြားတိုင်းရင်းသား ဒေသတွေမှာ လည်း ဒီလိုကိစ္စတွေကို ကျူးလွန်ခဲ့တာမို့ မထူးဆန်းဘူးလို့ ဖော်ပြတယ်။
အစိုးရအနေနဲ့ တပ်မတော်ရဲ့ ဒီလုပ်ရပ်တွေကို တားမြစ်ပေးရမယ့်အစား အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ပေးပြီး တပ်မတော်ရဲ့ကျူးလွန်မှုတွေကို အားပေးအားမြှောက်ပေးကာ စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ကြံရာပါသူလို ဖြစ်လာတယ် လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ဒါကြောင့် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေဟာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အရပ်သားပြည်သူလူထုတွေ၊ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ၊ စာသင်ကျောင်းတွေကို တပ်မတော်က ပစ်မှတ်ထား တိုက်ခိုက်နေတာ တွေကို စောင့်ကြည့်ပေးပြီး တားမြစ်အရေးယူပေးဖို့ ရခိုင်ပြည်သူလူထုကိုယ်စား အကူအညီတောင်းခံပါတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
တပ်မတော်ရဲ့ ဖေဖော်ဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်တစ်ခုမှာတော့ AA ဘက်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက မြောက်တောင်ရွာနဲ့ တောင်ဘွယ်(မူ) ရွာတွေထဲကို လက်နက်ကြီးကျည် ကျခဲ့တာကြောင့် အဲဒီရွာတွေက အရပ်သားတစ်ချို့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဖော်ပြတယ်။
တပ်မတော်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ခိုက်စဉ်မှာ ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်အောင် ရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို AA က လုပ်နေတယ်လို့လည်း ဖော်ပြထားတယ်။
ပြီးခဲ့တဲ့လ ဇန်နဝါရီ ၇ ရက်မှာ AA ရဲ့ မိုင်းထောင်မှုကြောင့် ထိပ်တူပေါက်ရွာက ကလေးငယ် လေးဦး သေကာ ကျောင်း ဆရာ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တယ်။ ဇန်နဝါရီ ၂၅ မှာလည်း ကင်းတောင်ရွာအတွင်း AA ရဲ့ လက်နက်ကြီးကျည်ကျခဲ့တာကြောင့် ရွာသား နှစ်ဦးသေကာ၊ ငါးဦးဒဏ်ရာရခဲ့သလို ဇန်နဝါရီ ၃၁ မှာလည်း ဘင်္ဂါလီ ရွာဖြစ်တဲ့ သိန်းတန်ရွာမှာ AA က ထောင်ထားတဲ့ မိုင်းတွေကို ရွာသားတွေကို စောင့်ကြည့်ထားဖို့နဲ့ မတော်တဆ ပေါက်ကွဲ ခဲ့ရင် လျော်ကြေးပေးဖို့ ခြိမ်းခြောက်ခိုင်းစေမှုတွေ ရှိသလို ရွာက အမျိုးသမီးတွေကိုလည်း မုဒိန်းကျင့်ဖို့ကြိုးစား၊ ရိုက်နှက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားတယ်။
#Dailynews