မုံရွာ – ၂၀၂၃ ဇွန် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ကျောက်စစ်ပုံအမြောက်တပ်စခန်းအနီး ရပ်ကွက်ထဲကနေအိမ်တွေကို အာဏာသိမ်းစစ်တပ်က ပြောင်းရွှေ့နေထိုင်ခိုင်းတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျောက်စစ်ပုံအမြောက်တပ်စခန်းထဲမှာ ဇွန်လ ၁၈ရက်က ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးနောက် အနီးအနားနေအိမ် ၂၀ ဝန်းကျင်ကို ရွေ့ခိုင်းခဲ့တာလို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
” အဆောက်အဦးအချို့လည်းပျက်စီးတာရှိတယ်၊ သူတို့တပ်ထဲပွက်လောရိုက်နေတာပဲ၊ နောက်ရက်ကျ ရွှေ့ခိုင်းတာ၊ ဘယ်ရက်ထိရွှေ့နေရမယ်ဆိုတာတော့မသိဘူး”လို့ရပ်ကွက်နေအမျိုးသားဒေသခံတစ်ဦးကပြောပါတယ်။
အမြောက်တပ်စခန်းပတ်ဝန်းကျင်က နေအိမ် ၂၀ ဝန်းကျင်ကို စစ်တပ်က ရွှေ့လို့သာပြောတာကြောင့် ဘယ်နေ့မှာ အိမ်ပြန်လာရမလဲဆိုတာ မသိဘူးလို့ ဒေသခံတွေကပြောပါတယ်။
တခြားပြောင်းစရာနေရာလည်းမရှိတာကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေကိုပြောင်းရွှေ့နေရပြီး ဒီနေ့မှာတော့ နေအိမ်အားလုံးရွေ့သွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်တွေထားတဲ့အဆောင်နဲ့အရာရှိဆောင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် လူနာတင်ကားတွေအဝင်အထွက်ရှိခဲ့သလို သတင်းထွက်မှာစိုးရိမ်တာကြောင့် ခုလိုရွှေ့ခိုင်းတာဖြစ်နိုင်ကြောင်း ဒေသခံတွေကပြောပါတယ်။
မုံရွာမြို့ ကျောက်စစ်ပုံအမြောက်တပ်စခန်းကို ဇွန် ၁၈ရက်နေ့ ညနေက ဒရုန်းငါးစင်းနဲ့ ဗုံး ၅လုံးနှစ်ကြိမ်ချပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။
#Dailynews

