တပ်ရဲ့စစ်ရေးဦးဆောင်မှုကိုလျှော့မချနိုင်ဘူးဆိုရင်ကျွန်တော်တို့ရှေ့တစ်လျှောက်ဟာအကျပ်အတည်းတွေချည်းဆက်လက်ကြုံရဦးမှာပဲ

တပ်ရဲ့စစ်ရေးဦးဆောင်မှုကိုလျှော့မချနိုင်ဘူးဆိုရင်ကျွန်တော်တို့ရှေ့တစ်လျှောက်ဟာအကျပ်အတည်းတွေချည်းဆက်လက်ကြုံရဦးမှာပဲ

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ  အင်တာဗျူး  ဖြစ်ပါသည်။

ကျော်ဇေယျ တွေ့ဆုံ မေးမြန်းသည်

ဒေါက်တာစိုင်းဦး

သုတေသနညှိနှိုင်းရေးမှူး

ပြည်ထောင်စုအင်စတီကျု

(Pyidaungsu Institute)

 

လတ်တလော တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်အလားအလာ၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ် စဉ်မှာ ကြုံနေရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲ၊ ပိုမို အားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် ပေါ် ပေါက်လာနိုင်ဖို့ ပြုပြင်ပြောင်းလဲရမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့် အကဲဖြတ်မှု တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သုတေသနတွေကို ဖော်ဆောင်နေတဲ့ ပြည်ထောင်စုအင်စတီကျု (PI) အဖွဲ့က သုတေသန ညှိနှိုင်းရေးမှူးဖြစ်သူ ဒေါက်တာစိုင်းဦးကို မော်ကွန်းမဂ္ဂဇင်းက မတ်လ အတွင်းမှာ တွေ့ ဆုံ မေးမြန်းထားပါတယ်။

မော်ကွန်း။  ။ အခုလပိုင်းတွေအတွင်းမှာဆိုရင် ဖာပွန်နယ်ဘက်မှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာကို တွေ့လာရ တယ်။ KNU ရဲ့ ထုတ်ပြန်ချက်တွေအရလည်း NCA (နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်) ပါ စည်းကမ်း တွေကို လေးစားလိုက်နာဖို့ အစိုးရ၊ တပ်မတော်ဘက်ကို ပြန်လှန် ပြောဆို ထုတ်ပြန်တာတွေ ရှိပါတယ်။ ဒါမျိုးတွေ ဖြစ်လာတော့ ငြိမ်းချမ်းရေးရဲ့ အလားအလာဟာ ဘယ်လို ဖြစ်နိုင်မယ်လို့ သုံး သပ်မိပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ လက်ရှိ ငြိမ်းချမ်းရေးလမ်းကြောင်းကို အကြမ်းဖျင်း ခြုံပြီး ပြောရရင် NCA လမ်းကြောင်းဟာ အကျပ် အတည်းတစ်ခုကို ဆိုက်ရောက်နေတဲ့ အနေအထားပေါ့။ နိုင်ငံ ရေးဘက်မှာ ဖြစ်နေတဲ့ အခက်အခဲနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ စစ် ရေးအခက်အခဲဟာ ဆက်စပ်မှုတော့ ရှိတယ်။ ဒါပေမဲ့ ပုံသေတစ်ခု တည်း ကြည့်လို့တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ မြေပြင်မှာ ဖြစ်နေတဲ့ တချို့ဟာတွေက ဒေသဆိုင်ရာ အခက်အခဲ၊ တချို့ကျ တော့ နယ်မြေသတ်မှတ်မှုနဲ့ ဆိုင်တဲ့ ပြဿနာတွေပေါ့။ တစ်ဖက် က နိုင်ငံရေးဘက်က အခက်အခဲကျတော့လည်း နောက်ထပ် အခက်အခဲ တစ်ခုပေါ့။ ဒါပေမဲ့ ဒီနှစ်ခုစလုံးဟာ ဖြစ်ပျက်မှုပုံစံ မတူကြဘူး။ ဒါပေမဲ့ ဆက်စပ်မှု မရှိဘူးလားဆိုတော့ ဆက်စပ်မှု တွေ ရှိပါတယ်။

 

မော်ကွန်း။  ။ အဲဒီတော့ အပေါ်မှာလည်း ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဆွေးနွေးနေကြတယ်။ မြေပြင်မှာကျ တော့လည်း သူတို့ရဲ့ ဆိုင်ရာ ဆိုင်ရာ တပ်ဖွဲ့တွေဟာ ပစ်ခတ်တိုက် ခိုက်နေကြတယ်ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သဘာဝရော ကျပါရဲ့လား။

ဒေါက်တာစိုင်းဦး။  ။ အဲဒါပြောတာပေါ့။ ဒီဟာတွေဟာ ငြိမ်းချမ်း ရေးပုံရိပ်ကို အများကြီး ကျဆင်းစေတာပေါ့။ ကျွန်တော်တို့ သုံး သပ်တာကတော့ လက်ရှိ NLD အစိုးရမှာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဖော်ဆောင်မှုဟာ အရင်အစိုးရနဲ့ ယှဉ်လိုက်ရင် ပုံသဏ္ဌာန် နည်းနည်း ပြောင်းသွားတာရှိတယ်။ အရင်အစိုးရတုန်းက ငြိမ်း ချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ နီးနီးကပ်ကပ် ဖော်ဆောင်ပြီး တော့ နိုင်ငံရေးဆွေးနွေးပွဲ ပြုပြင်ပြောင်းလဲမှုတွေကို ငြိမ်းချမ်း ရေးရဲ့ လမ်းကြောင်းတွေအနေနဲ့ ထားတယ်။

ဒါပေမဲ့ ဒီဘက်ပိုင်းမှာကျတော့ ငြိမ်းချမ်းရေးအရ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးဟာ လုံခြုံ ရေးဆိုတဲ့ အောက်မှာ ဖြစ်သွားတယ်။ ဆိုတော့ စစ်ရေးတွေဟာ ပိုပြီး အသက်ဝင်လာတာပေါ့။ ဒါတွေဟာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေတာတွေ၊ အခု ဒီဘက်ပိုင်း (ကရင်ပြည်နယ်က တိုက်ပွဲ တွေကို ဆိုလို) မှာ ဖြစ်နေတာတွေပေါ့။

 

မော်ကွန်း။  ။ ဒါဆိုရင် မြောက်ပိုင်းမှာဖြစ်နေတဲ့ပြဿနာတွေကိုအခြေခံလို့ ‘ဝ’အဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ငြိမ်းချမ်းရေးကို ဒီ NCA နဲ့ အလုပ်မဖြစ်နိုင်ဘူးဆိုတာမျိုး ဝေဖန် ထုတ်ပြန်တာတွေ ရှိခဲ့ဖူးပါတယ်။ အခုဆိုရင်လည်း KNU ဘက် က ထုတ်ပြန်ချက်တွေအရ NCA  အကျပ်အတည်းဆိုက်နေရတဲ့ ထုတ်ပြန်ချက်မျိုးတွေကို တွေ့ရပါတယ်။ ဒီတော့ လက်ရှိ NCA နဲ့ ငြိမ်းချမ်းရေးကို ဆက်လက်အကောင်အထည်ဖော်လို့ ရနိုင်ရဲ့လား။

ဒေါက်တာစိုင်းဦး။  ။ ဒီလိုမြင်လို့ ရပါတယ်။ NCA စာချုပ်အနေနဲ့ ကတော့ ကျွန်တော်တို့ ဒါဟာ နိုင်ငံကူးပြောင်းဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်လို့ရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ အခြေခံပြီး သွားရမယ်ဆိုတဲ့ အခြေခံကျတဲ့ အချက်တွေဟာ ဃြဗ ထဲမှာ ရှိတယ်။ ဒီအပေါ်မှာ အငြင်းပွားနေကြတာ မဟုတ်ဘူး။

ဒါပေမဲ့ NCA ကို အခြေခံပြီး ဆက်လက်ပြီးတော့ ဖော် ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို အလိုမကျတာပေါ့။ ဒါဟာ မြောက်ပိုင်းအဖွဲ့တွေရဲ့ အမြင်။ နောက် လက်မှတ်မထိုးထားသေး တဲ့ အဖွဲ့တွေရဲ့ အမြင်ပေါ့။ သူတို့ NCA ကို ဝေဖန်နေတယ် ဆိုတာ က NCA ကို အခြေခံပြီး ဆက်လက် လုပ်ကိုင်တဲ့လုပ်ငန်းတွေကို  သူတို့ ဘဝင်မကျတာမျိုး ဖြစ်တယ်။ ဒီလို ခွဲမြင်လို့ရတယ်။ NCA ကို သဘောမကျဘူးဆိုရင် NCA ထဲက ဘယ်အချက်လဲဆိုတာ တိတိကျကျ ဝေဖန်ပြီးတော့ ပြောင်းလဲပါဆိုတဲ့ ပုံစံမျိုး ပြောဆို တာ မတွေ့ရဘူး။ တွေ့နေရတာကတော့ NCA ကနေ ဖြစ်ပေါ်လာ တဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ၊ NCA ကနေ ဖြစ်ပေါ်လာ တဲ့ အပစ်အခတ်စောင့်ကြည့်ရေး ယန ္တရားတွေအပေါ်မှာ သူတို့ ဘဝင်မကျတာတွေ၊ လက်တွေ့မကျဘူးလို့ ပြောဆိုတာမျိုးကို တော့ တွေ့ရတယ်။

 

မော်ကွန်း။ ။ လက်ရှိ ကရင်ပြည်နယ်ဘက်မှာ ပြန်ဖြစ်လာတဲ့ ပစ် ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ရင် ဆရာအနေနဲ့ ဘယ်အဖွဲ့ လွန်တယ်၊ မလွန်ဘူးလို့ ပိုင်းခြား သုံးသပ်ပြောရမယ်ဆိုရင် ဘယ် လို သုံးသပ်ပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ ကရင်မှာ ဖြစ်တဲ့ ပြဿနာက သူက အများ ထဲက ပြဿနာတစ်ခုပါပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ တော်တော်များများ ပြဿနာတွေက နယ်မြေကန့်သတ်ဖို့ အခက်အခဲရှိတာတွေကြောင့်။ နိုင်ငံတကာပုံစံကို ကြည့်မယ်ဆိုရင် ပစ်ခတ်စောင့်ကြည့်ရေး ယန္တရားမှာဆိုရင် နယ်မြေကန့်သတ်မှုကို အရင်လုပ်ထားပြီးတော့မှ၊ စည်းကမ်းတစ်ခုအနေနဲ့ ချမှတ်ပြီးတော့မှ ဘယ်သူလွန်တယ်၊ မလွန်ဘူးဆိုတာကို အသွား အလာတွေနဲ့ စစ်ပွဲတွေကို စောင့်ကြည့်ကြတာ။

အခု ကျွန်တော်တို့ ကြုံနေရတာက နယ်မြေကန့်သတ်မှု အတွက် ဒီနိုင်ငံမှာ လုပ်ဖို့ အခက်အခဲ အများကြီး ရှိနေတယ်။ လက်နက်ကိုင်အဖွဲ့များဟာပုံသေ သူနေရာ၊ ကိုယ်နေရာဆိုတာ မျိုး မဟုတ်ဘဲနဲ့ ပျော့ပျောင်းတဲ့ နယ်မြေကန့်သတ်မှုတွေ ရှိနေတယ်။ နယ်မြေတွေက ပြောင်းလဲနေတယ်။ ဒါမျိုးဟာ တပ်မတော် နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားထဲမှာ ဖြစ်စေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ကြားထဲမှာပဲ ဖြစ်စေ၊ ပြောင်းလဲနေတဲ့ သူ့ရဲ့ ထိန်းချုပ်နယ်မြေတွေဟာ အဲဒီအပေါ်မှာ အခြေခံပြီးတော့ မြေပြင် ပြဿနာ အတော်များများ ဖြစ်နေကြတာကို တွေ့ရတယ်။ နယ် မြေကန့်သတ်မှုရဲ့ အဓိက ပြဿနာတွေပေါ့။

 

မော်ကွန်း။  ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွက် အရေး ပါတဲ့ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ကြတဲ့ အခါ ရှမ်းပြည်နယ်ဘက်မှာ၊ ဟိုတလောကဆိုရင် မွန်ပြည်နယ် ဘက်မှာရောပဲ တပ်မတော်ဘက်က လိုက်လံကန့်သတ်တဲ့၊ တား မြစ်တဲ့အခြေအနေတွေနဲ့ တိုင်းရင်းသားတွေဘက်မှာ ကြုံခဲ့ရတာ တွေ ရှိပါတယ်။ ဒီဟာတွေကရော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လောက် အကျိုးသက်ရောက်စေပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ အလားအလာကတော့ အတော်မကောင်းဘူးပေါ့။ ဘာဖြစ်သလဲဆိုတော့ ထင်ရှားတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အထူးသဖြင့် တပ်မတော်ဟာ NCA အပေါ်မှာ နားလည်မှုဟာ ကွဲပြားနေကြတာတွေကို တွေ့ရတယ်။ အဓိပ္ပာယ်က ဘာလဲဆိုတော့ NCA ကို အကောင်အထည် ဖော် တဲ့အခါမှာ တပ်မတော်ဘက်က ဖြစ်ချင်တဲ့ ပုံစံနဲ့ တိုင်းရင်းသား ဘက်က ဖြစ်စေချင်တဲ့ ပုံစံတွေဟာ NCA ကို ဖော်ဆောင်တဲ့အခါ အခြေခံကျကျ ကွဲပြားနေတာကို သွားတွေ့ရတယ်။

ဥပမာပြောရရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေ ဘက်က ပြောတယ်။ အနာဂတ် ဖက်ဒရယ်နိုင်ငံ ဖွဲ့စည်းမှာ ဖြစ်တဲ့ အတွက်ကြောင့်၊ ဒါမှမဟုတ်ရင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ပြည်သူနဲ့ ထိတွေ့ပြီးတော့ သူ တို့ရဲ့ဆန္ဒကို ရယူရမယ်။ ဒါမှသာလျှင် ရေရှည်တည်တံ့မယ့် ငြိမ်း ချမ်းရေးဖော်ဆောင်ဖို့အတွက် ပြည်သူတွေရဲ့ ဆန္ဒတွေ၊ အသံတွေ လည်း ပါလာမယ်ဆိုတဲ့ အယူအဆနဲ့ သူတို့က လူထုတွေကို တွေ့ ဆုံချင်တယ်။ ဆွေးနွေးချင်တယ်။ သူတို့က တိုင်ပင်ချင်တယ်။ တပ်မတော်ကလည်း မဟုတ်ဘူး၊ EAOs များသည် ပြည်သူတွေနဲ့ တိုင်ပင်တာမျိုး မလိုအပ်ဘူး။ EAOs များဟာ သူတို့ (တပ်မ တော်)ရဲ့ ထိန်းချုပ်နယ်မြေအပြင်မှာ ဒီဆွေးနွေးပွဲတွေ လုပ်မှာကို တပ်မတော်ဘက်ကနေပြီးတော့ စိုးရိမ်မှုတွေ အများကြီး ရှိနေတယ်။

ပြောချင်တာက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှုဟာ အရမ်းကို အားနည်း နေတယ်။ ဒီတော့ အလုပ်လုပ်ကြတဲ့အခါကျတော့ တစ်ဖက်နဲ့ တစ်ဖက်က ယုံကြည်မှုက မရှိကြဘူးပေါ့။ နောက်တစ်ဖက်မှာက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကျင့်စဉ်ဟာ တော်တော်လေး နုနယ် နေသေးတာလည်းပါတယ်။ နုနယ်တော့ ကျွန်တော်တို့ဟာ အပြန်အလှန် ပြဿနာ ဖြေရှင်းကြတဲ့အခါမှာ တကယ့် Dialogue ကန (နှစ်ဖက်ပွင့်လင်းတဲ့ ပြန်လှန် ပြောဆိုဆွေးနွေးမှုတွေ) မရှိဘူး ဖြစ်နေတယ်။ အထင်အမြင်နဲ့ အပြစ်ရှာနေကြတဲ့ လမ်းစဉ် ဖြစ်နေတော့ ပြဿနာဟာ အရမ်းများတယ်။

 

မော်ကွန်း။  ။ NCA ကို ထိုးထားတဲ့ ရှစ်ဖွဲ့အပြင် အခုမွန်နဲ့လားဟူတို့လည်း ထိုးလိုက်တဲ့အခါကျတော့ ငြိမ်းချမ်းရေးမှာ ဒီဟာကကောင်းတဲ့ အလားအလာလား။ ဒါမှမဟုတ် ဒီအဖွဲ့တွေဟာ သူတို့ ရဲ့  နိုင်ငံရေးအကျပ်အတည်းကြောင့် ထိုးလာကြရတာလား။ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ NCA ကို ဘာကြောင့် ထိုးတယ်ဆိုတဲ့ အတွင်းရေးကတော့ ထိုးတဲ့အဖွဲ့တွေကသာလျှင် အသိဆုံးဖြစ်မှာ ပါ။ ကျွန်တော်ထင်တာကတော့ NCA သည် တကယ်တမ်း ပြန်လည်လေ့လာသုံးသပ်မယ်ဆိုရင် နိုင်ငံရေးအရ အလားအလာရှိတဲ့ လမ်းကြောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ သွားကြမယ်ဆိုတာကို ဖွင့်ပေးထားတာ ကြောင့်ပေါ့။

တစ်ဖက်က လက်မှတ်မထိုးကြသေးတဲ့အဖွဲ့တွေ အတော် များများဟာ NCA ကို ညှိနှိုင်းကြတုန်းက တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်တာကို မမေ့သင့်ပါဘူး။ ဒီ NCA  နဲ့ သူတို့ မစိမ်းကြပါဘူး။ NCA ရဲ့ အတွေးအခေါ်တွေကိုလည်း သိ နေကြတဲ့အခါကျတော့ သူတို့တွေဟာ NCA မှာ ဘာတွေရနိုင် တယ်ဆိုတာလည်း နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီအချိန်မှာ ထိုးကြတယ်။ ဘာကြောင့် ဒီအချိန်မှာ မထိုး ကြသေးသလဲ ဆိုတာကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဟာ သူတို့ အခြေ အနေကို သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

 

မော်ကွန်း။  ။ အခုလာမယ့် တတိယ ပင်လုံငြိမ်းချမ်းရေးညီလာခံ မှာဆိုရင် ဆွေးနွေးကြမယ့် အဖွဲ့အရေအတွက်ဟာ ၁ဝ ဖွဲ့ ဖြစ် သွားပြီပေါ့။ ဒီတော့ တတိယပင်လုံမလုပ်ခင်မှာ အရင်ဆုံးလုပ် သင့်တဲ့ အကြောင်းအရာ၊ ကိစ္စတွေက ဘာတွေ ရှိမယ်လို့ ထင်ပါ သလဲ။

ဒေါက်တာစိုင်းဦး။  ။ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ဒါကလည်း ခြောက်လတစ်ခါ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး အတွက် မှတ်ကျောက်တိုင်လေးတွေပေါ့။ အလုပ်ဖြစ်နေတယ် ဆို တဲ့ ခံစားမှုကို ပေးချင်တာပေါ့။

ဒါပေမဲ့ အခုလက်ရှိ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေ အရ တကယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အတွင်းကျကျ ပြဿနာတွေ ကို ရင်ဆိုင်နေရပြီ။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ဒီအချိန် မှာ ကျွန်တော်တို့ တော်တော်ကြီးကို လိမ္မာပါးနပ်မှု ရှိဖို့တွေ လို အပ်လာပြီ။

အထက်မှာပြောခဲ့သလိုပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြန် အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ အရမ်းကို အားနည်းနေတဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေဟာ ဒုတိယပင်လုံ မတိုင်ခင်မှာတော့ ကျွန်တော်တို့ ခြောက်ခုလောက် လုပ်ဖြစ်ခဲ့ကြတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ခုမှ မလုပ်ဖြစ်ကြသေးဘူး။ လူမျိုးရေးအဆင့် ဆွေးနွေးပွဲတွေ မှာ ရှမ်းတို့၊ ဘာတို့က လုပ်ကြတဲ့အခါမှာ သူတို့ သွားလုပ်တဲ့ နေရာဒေသတွေမှာ တပ်မတော်က ဝင်ဟန့်တားတာတွေရှိတော့ လုပ်ခွင့်မရကြဘူး။ ဒီတော့ မကျေလည်မှုတွေ အများကြီးရှိတာပေါ့။

ဒီလိုပဲ တခြား တိုင်းရင်းသားအုပ်စုတွေမှာလည်း ဒီလို ဟန့် တားမှုတွေ ရှိလာတယ်။ ဟန့်တားမှုတွေရှိတော့ ဘယ်သူကမှ လုပ်ဖို့ မပြေလည်ဘူး ဖြစ်နေရတယ်။ ရခိုင်ဆိုရင် လုပ်ခွင့်ကို မရ တာ။ ဒီလိုအနေအထား၊ ဒီလိုကာလအတွင်းမှာ ဒုတိယပင်လုံပြီး ကတည်းက လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်သူမှ မလုပ်ဖြစ်ကြသေးဘူး။

ဒါပေမဲ့ လက်ရှိ NCA  ထိုးလာတဲ့ အသစ်နှစ်ဖွဲ့ဖြစ်တဲ့ မွန် ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ရှိလာတယ်။ မွန်ပြည်သစ်ပါတီကတော့ သူ့ရဲ့ ထိန်း ချုပ်နယ်မြေမှာ လုပ်ဖို့ တောင်းဆိုထားတာ ရှိတယ်။ အဲဒါကတော့ သူတို့ဘာကြောင့် NCA ကို ထိုးရသလဲဆိုတာကို ရှင်းပြတာ လည်းရှိမယ်။ နောက် ကျွန်တော်ထင်တာ တစ်ခါတည်း သူတို့ နိုင်ငံရေး ဆွေးနွေးပွဲပါလုပ်မယ့် ပုံစံမှာ ရှိတယ်။ ဒီလိုလုပ်နိုင်ရင် အဲဒီကနေ စာတမ်းတွေ ထွက်လာမယ့် အလားအလာတွေလည်း ရှိတယ်။ ဒါတောင် သူတို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ တဲ့အခြေအနေတွေလည်း ကြားနေရတယ်။ ( မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီဟာ မေလ ပထမအပတ် အတွင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။)

လားဟူကျတော့ သူမှာ ထိန်းချုပ်တဲ့ နယ်မြေ မရှိတဲ့အခါကျတော့ တရားဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့ တောင်း ဆိုတဲ့နေရာမှာ အခက်အခဲဖြစ်သွားတယ်။ လားဟူဟာ အခုထိ တရားဝင် လုပ်လို့ မရဘူးဖြစ်နေတယ်။

အဲဒီအခါ အကျပ်အတည်းတွေက ဘာသွားဖြစ်သလဲ ဆို တော့ UPDJC  (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ)ပေါ့။ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်နေကြ တဲ့အထဲမှာ UPDJC  က ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးဆွေးနွေးမှု တွေရဲ့ အောက်မှာ UPDJC ရဲ့ အဖွဲ့ဝင် တစ်ဖွဲ့ဖြစ်တဲ့ တပ်မတော် တစ်ဖွဲ့ကသာလျှင် ဟိုနေရာမလုပ်ရ၊ ဒီနေရာမလုပ်ရ ဆိုတာတွေ ဖြစ်လာတယ်။

မေးခွန်းက UPDJC ကနေ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတွက် NCA ရဲ့ mandate (လုပ်ပိုင်ခွင့်) နဲ့ လုပ်နေတာ ဖြစ်တယ်။ NCA ကို ထိုးထားတာလည်း တပ်မတော်ဖြစ်တယ်။ တပ်မတော်ဟာ ဘာကြောင့်မို့ ယခုလက်ရှိအချိန်မှာ ဒီလို မလို လားချက်တွေ၊ ကန့်ကွက်မှုတွေ ဘာကြောင့် ဖြစ်နေသလဲဆို တာကို ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါ တပ်မတော်က NCA ကို အရင်တုန်းက သဘောတူထားတာနဲ့ လက်တွေ့ အကောင်အထည်ဖော်နေရတဲ့အခါမှာ သူတို့ မျှော်မှန်းထားတဲ့ ပုံစံ ဖြစ်မလာဘူးဆိုတာကို သွားတွေ့နေရတယ်။ ဖြစ်မလာတဲ့အခါ တစ်ဖက်မှာ တပ်ဟာလည်း လက်ရှိအပြောင်းအလဲမှာ အပြောင်း အလဲတစ်ခုကို ဖြတ်သန်းနေတယ်လို့ မြင်ကြည့်မယ်ဆိုရင် ဒီ အပြောင်းအလဲမှာ တပ်မတော်ကလည်း သူရဲ့ လက်ရှိအနေ အထား လွှမ်းမိုးမှုနဲ့ တည်ရှိမှုကို အရမ်းကြီး လှုပ်ခါပြောင်းလဲ သွားမှု မဖြစ်အောင် ကာကွယ်နေတဲ့ ပုံစံမှာလည်း ရှိတယ်။

နောက်တစ်ဖက်ကိုကြည့်ရင် အစိုးရဘက်ကလည်း လက်ရှိ သွားနေတဲ့ ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပုံမှန် ဖြစ်နေစေချင်တယ်။ ဒါမှလည်း အစိုးရဘက်ကကြည့်ရင် ပုံမှန် ငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ကျင်းပနေတယ် ဆိုတဲ့ ပုံစံကို ပြနိုင်မှာဖြစ်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပုံမှန်ကျင်းပတာကို လက်ခံ တယ်။ ဒါပေမဲ့ ကျင်းပတဲ့အခါမှာ ပြည်သူလူထုတွေဆီမှာ သူတို့ သွားပြီး ဆွေးနွေးတိုင်ပင်လို့ ရလာတဲ့ နိုင်ငံရေး ရလဒ် ဆွေးနွေးမှု တွေကို ပင်လုံမှာ ထည့်ဆွေးနွေးမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနေ ကြတယ်။

ဒါပေမဲ့ အခု အဲဒီလို လုပ်ခွင့်မရတော့၊ လူထုတွေနဲ့ ဆွေး နွေးခွင့်မရတော့ ဒီညီလာခံကြီးကို ပုံမှန်လုပ်နေရင် အနှစ်သာရ အပိုင်းပေါ့။ ပင်လုံညီလာခံဟာ ပုံမှန်တော့ ကျင်းပလို့ရတယ်။ ဒါပေမဲ့ ဘယ်လို အနှစ်သာရ ရှိမလဲဆိုတဲ့ အမြင်တွေပေါ့။ ဒါတွေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကြားမှာ ရှိနေတယ်။

လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားမှာတောင် ဒီလောက် အခက်အခဲဖြစ်နေရင် လက်မှတ်မထိုးတဲ့ အဖွဲ့တွေဘက်က ပြန် ကြည့်မယ်ဆိုရင်လည်း ထိုးထားတဲ့ အဖွဲ့တွေတောင် လုပ်ကိုင်ခွင့် ဒီလောက်ခက်ခဲနေရင် ငါတို့လည်း ပိုလို့တောင်ခက်မှာပဲလို့ မြင် စရာတွေ ရှိတာပေါ့။ နောက်ပြီးတော့ ဒီဖြစ်စဉ်တွေဟာ တစ်တိုင်း ပြည်လုံးကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ် လုပ်နေကြတာဖြစ်တယ်။ ငါတို့ရဲ့ ဆန္ဒမပါ၊ ငါတို့ရဲ့ ပါဝင်မှုမပါဘဲနဲ့ ဘယ်လို ပြောင်းလဲမှုတွေ လုပ်မလဲဆိုတဲ့ သံသယကို အများကြီး ဖြစ်ပေါ်စေတယ်။ ဒါဟာ ကျွန်တော့်အမြင်အရ ဒီငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံးရဲ့ အရိပ်မည်းပါပဲ။

 

မော်ကွန်း။  ။ တချို့ ဝေဖန်တာက မြန်မာပြည်အရှေ့မြောက်ပိုင်းက လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်။ အရှေ့မြောက်ပိုင်း တစ်ကျောမှာရှိတဲ့ အဖွဲ့အများစုဟာ ဃြဗ ကို ထိုးမထားကြဘူး။ အခု ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီ လာခံမှာလည်း ပြည်ထောင်စု သဘောတူညီချက်ဆိုတာတွေ ထွက်ပေါ်လာတယ်ဆိုတော့ ဒီအချက်တွေရဲ့ တရားဝင်မှုပေါ့။ အားလုံး မပါဝင်ကြတဲ့ ဒီညီလာခံတွေက ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေရဲ့ ပြည်ထောင်စုဆိုင်ရာ တရားဝင်မှုပေါ့။ ဒီအလားအလာတွေကရော ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ NCA မှာ လက်မှတ်ထိုးပြီးလုပ်ဆောင်ကြတဲ့ အပိုင်းကိုကြည့်ရင်တော့ NCA အရ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ အားလုံးအတွက်ဆိုပြီး ဆွေးနွေးကြတာပါပဲ။ တကယ်လို့ အများ က လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ တရားမျှတတဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်မယ်ဆိုရင် အားလုံး လက်ခံ ကြမှာပဲဆိုတဲ့ အယူအဆဘက်ကနေ ချဉ်းကပ်ကြတာပါပဲ။ ဒါ ပေမဲ့ ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အထူးသဖြင့် လူမျိုးရေး အဆင့်မှာ ယုံကြည်မှု အရမ်းနည်းနေတဲ့ အနေအထားမှာ ရှိတယ်။

ဆိုတော့ ဘယ်လောက်ပဲ သေးငယ်တဲ့ အဖွဲ့ဖြစ်ပါစေ။ သူ တို့ရဲ့ ပါဝင်မှုကို မဖန်တီးပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေက ရလာတဲ့ ရလဒ် မည်မျှပင် ကောင်းသည် ဖြစ်စေ၊ ဒီပတ်ဝန်းကျင်ဟာ ယုံကြည်မှု နည်းနေတဲ့အတွက်ကြောင့် ဒီရလဒ်တွေအပေါ်မှာ လက်ခံနိုင်တာတို့၊ လိုက်ပါလုပ်ဆောင် တာတို့ အပိုင်းမှာ အားနည်းနေဦးမှာပဲ။

ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ တစ်ဖက်ကလည်း လက်မှတ်မထိုးတဲ့သူတွေပါ အကုန်ပါဝင်ဖို့ လမ်းကြောင်းကို ရှာ နေရမယ်။ ဒါပေမဲ့ စစ်ရေးနဲ့ ဖိအားပေးပြီးရှာတဲ့ နည်းမျိုးနဲ့တော့ မရဘူးပေါ့။ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ စစ်ရေးနဲ့ ဖိအား ပေးတိုင်း တစ်ဖက်က လက်ခံလာတယ်ဆိုတာ မဟုတ်ဘူးဆိုတာ သိပြီးသားပဲ။ မလွှဲမရှောင်သာလို့ လက်ခံလိုက်ရတာမျိုးတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါဟာ ယာယီသဘောသာဖြစ်လိမ့်မယ်။နောက် လက်ရှိသွားနေတဲ့ပုံစံဟာ အားလုံးကို ပါဝင်လာစေတဲ့ လမ်းကြောင်းကို ဖော်ဆောင်နေတာ မဟုတ်ဘဲနဲ့ တချို့ကိုတော့ ခဏချန်ထားမယ်။ တချို့အဖွဲ့တွေနဲ့ပဲ ဆွေးနွေးကြဆိုတာမျိုးဟာ လိုချင်နေတဲ့ ပန်းတိုင်ကို ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ကတော့ ဒီလို မြင်ပါတယ်။

 

မော်ကွန်း။  ။ တချို့ ဝေဖန်နေကြတာက အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပြောဆိုချက်နဲ့ မြေပြင်မှာ တပ်မတော်နဲ့ ကြုံ နေရတဲ့ အခြေအနေတွေဟာ ကွဲပြားတယ်ပေါ့။ ဒီတော့ ငြိမ်းချမ်း ရေးဖြစ်စဉ် အောင်မြင်ဖို့ တပ်မတော်အပိုင်းအနေနဲ့ ဘာတွေများ ပြုပြင်ပြောင်းလဲသင့်တယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ တော်တော်များများ သုံးသပ်ကြတာကတော့ အစိုးရနဲ့ တပ်နဲ့ဟာ သဘောထား မတူညီမှုတွေ အများကြီးရှိနေ တယ် ဆိုတာကို တွေ့ရတယ်လို့ ဆိုကြတယ်။ တချို့ သုံးသပ်ချက် တွေဆိုရင် ဒီနိုင်ငံမှာ စင်ပြိုင်အစိုးရ နှစ်ရပ် ရှိနေသလားလို့ ထင်ရ တယ်လို့ သုံးသပ်ကြတယ်။ အပြင်ကနေကြည့်ရင်တော့ အစိုးရနဲ့ တပ်ဟာ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ထင်စရာ ရှိပေမယ့် တကယ်တမ်း လေ့လာကြည့်တဲ့အခါမှာ တပ်မတော်က ဖော် ဆောင်နေတဲ့ဟာနဲ့ အစိုးရ လုပ်ဆောင်နေတဲ့ဟာက ဟန်ချက် မညီကြဘူး။

ဥပမာ-အခု ဒီဘက်နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဟာ လုံခြုံ ရေးဆိုတဲ့ အတွေးအမြင်တွေ ပိုဖြစ်လာတော့ တပ်ကနေပြီး တပ် အင်အားနဲ့ သုံးပြီး လိုအပ်တဲ့ ပုံစံကို အင်အားနဲ့ လုပ်တဲ့ပုံစံတွေ ပို တွေ့လာရတယ်။ တစ်ဖက်မှာ လူထုက ရွေးထားတဲ့ အစိုးရလည်း ရှိနေတယ်။ ဒီအစိုးရဟာလည်း တကယ့် နိုင်ငံရေးလမ်းပြဦး ဆောင်နိုင်မှုအပိုင်းမှာ အားနည်းနေတယ်။ ကြုံနေရတဲ့ အခက် အခဲတွေကို ထိုးဖောက်ဖို့အတွက်ဆိုရင် အစိုးရရဲ့ နိုင်ငံရေး ဦး ဆောင်လမ်းပြမှုနဲ့ပဲ ထိုးဖောက်နိုင်မယ်လို့ ကျွန်တော်တို့က ထင် ခဲ့တာ။ ဒါပေမဲ့ လက်ရှိအခြေအနေက အဲဒီလို မဟုတ်ဘူး။ စစ်ရေး က ပိုပြီး အားသန်နေတယ်။ ဒီလိုအခက်အခဲတွေ ရှိနေတယ်။

 

မော်ကွန်း။  ။ အခုဆိုရင် အရပ်သားအစိုးရရဲ့ သက်တမ်းဟာ နှစ် နှစ်ကာလကို ရောက်ခဲ့ပြီ။ သူတို့တက်လာတုန်းက ကြွေးကြော်မှုဟာ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ပေါ့။ ဒါပေမဲ့ လက်ရှိ အခင်းအကျင်းတွေအရ နောက်သုံးနှစ်ဆိုတဲ့ သူတို့ သက်တမ်းအတွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ ဘယ်လို အတိုင်းအတာ၊ အနေ အထားထိ ရောက်သွားနိုင်သလဲ။ ဒီအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရော ရနိုင်သလား။

ဒေါက်တာစိုင်းဦး။  ။ ပြီးခဲ့တဲ့ နှစ်နှစ်ကာလ အနေအထားကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ လုပ်ဆောင်ချင်တဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက် ကတော့ ကောင်းပါတယ်။ ဒီအစိုးရဟာ တကယ့်ကို အတိုက်အခံ အဖြစ် နှစ်ပေါင်းများစွာ လုပ်လာရာကနေ ရုတ်တရက် အစိုးရဖြစ် လာတာပေါ့။ ဖြစ်လာတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆို တာဟာ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ မတူပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် ဟာ တော်တော်လေးကို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာပါ။  လက်ရှိ အစိုးရ လူအင်အားနဲ့ ဒီဟာကို ဖော်ဆောင်ဖို့ မလုံလောက်ဘူးပေါ့။ ဒီအချိန်မှာ ဒီဖြစ်စဉ်ကို တပ်မတော်ကနေ ပိုပြီးတော့ ဦးဆောင်မှု ကို ရယူတာမျိုး ဖြစ်လာတယ်။

အစိုးရဘက်ကိုကြည့်ရရင် ဒီအနေအထားအတိုင်း ဆက်သွားမယ်။ တကယ်လို့ တပ်ရဲ့ စစ်ရေးဦးဆောင်မှုကို လျှော့မချနိုင် ဘူး ဆိုရင် ကျွန်တော်တို့ ရှေ့တစ်လျှောက်ဟာ အကျပ်အတည်း တွေချည်း ဆက်လက်ကြုံရဦးမှာပဲ။ အခုဖြစ်ပေါ်နေတဲ့ ယုံကြည်မှု နည်းနေတဲ့ အနေအထား၊ တပ်မတော်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံ ရေးထက် စစ်ရေးနဲ့ ပိုပြီး ဖိအားပေးလာတဲ့ ပုံစံတွေအပေါ်မှာ ခြုံကြည့်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးရလဒ်ကောင်းတွေ ဟာ ပိုပြီး ဝေးကွာလာစေတယ်။ ဒီဟာကို ဘယ်လို လုပ်သင့်သလဲ ဆိုရင် ပိုပြီးတော့ အကျိုးရှိစေမယ့် နည်းလမ်းကို စဉ်းစားဖို့ အစိုးရအနေနဲ့ လိုလာတယ်။ ဒီအတိုင်းပဲ တွန်းလုပ်နေမယ်ဆိုရင် NCA  ထဲမှာ ပါနေတဲ့ လူတွေဟာ ဒီ NCA ရဲ့ ရလဒ်ကို သူတို့ ပိုပြီး အားမလို အားမရတွေ ဖြစ်လာမယ်။ သူတို့ရဲ့ ပါဝင်မှုတွေလည်း အားနည်းလာလိမ့်မယ်။

တစ်ဖက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ ပြည်သူတွေဟာလည်း NCA အရ ၂၁ရာစုပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ်တော့ ကျင်းပနေ တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲနိုင် တဲ့ ရလဒ်တွေကို မတွေ့ရဘူးဆိုရင် ပြည်သူတွေဟာ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်အပေါ်မှာ ယုံကြည်မှုတွေ ကင်းမဲ့လာလိမ့်မယ်။ လူထု က ယုံကြည်မှုကင်းမဲ့လာပြီဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒီပြဿနာတွေကို နောက်မကျ သေးခင်မှာ ပိုပြီးတော့ ထိရောက်တဲ့ နည်းလမ်းတွေ ရှာကြံပြီး အစိုးရအနေနဲ့ လုပ်ဆောင်သင့်တယ်။

ထိရောက်အောင် လုပ်သင့်တယ်ဆိုတာက အခု ကျွန်တော် တို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောက်ခြေကနေ ပါဝင် မှုနဲ့ တကယ့်ဒီမိုကရက်တစ် တန်ဖိုးတွေနဲ့အညီ ချဉ်းကပ်နေတာ မျိုး မဟုတ်ဘူး။ လက်တွေ့မှာလည်း ဒီလိုအနေထားတွေကို ကျွန်တော်တို့နိုင်ငံမှာ  ကျင့်သုံးနိုင်ဖို့ အခက်အခဲ တွေ့နေရတာကို တွေ့ရပါတယ်။ ယုံကြည်မှုတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရမ်းနည်းသွားသလိုပဲ။

 

မော်ကွန်း။  ။ ကျွန်တော်တို့ဆီမှာ NCA ထိုးထားသူတွေနဲ့ မထိုး ထားသူတွေဆိုပြီး ငြိမ်းချမ်ရေးဖြစ်စဉ်ဟာ နှစ်ပိုင်း ဖြစ်နေတယ် ပေါ့။ အဲဒီအထဲကမှ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆောင်မှု သက်တမ်းဟာ အခုဆိုရင် သုံးနှစ်သက် တမ်းကာလကို ဝင်လာပြီ။ ဒါပေမဲ့ ဒီအဖွဲ့တွေဘက်ကို လေ့လာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးကိစ္စတွေ၊ မြေထဲက မိုင်းတွေ ရှင်းလင်းရေးကိစ္စ လိုမျိုးတွေဟာ အခုကာလအထိ တို့ထိနိုင်ခြင်းတောင် မရှိတာကို တွေ့ရတယ်။ ဒီလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ အခြေအနေကို (လက်မှတ်)မထိုးသေးတဲ့ အဖွဲ့တွေကလည်း စောင့်ကြည့်နေမှာပဲ။ ဒီအပေါ်မှာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ရှိမှာပဲ။ ဒီနေရာမှာ မေးချင်တာက ငြိမ်းချမ်းရေးဖော်ဆောင်မှုကြောင့် ရတဲ့ လတ် တလောအကျိုးရလဒ်ဆိုတာတွေ ပေါ်လာအောင် ငြိမ်းချမ်းရေး ဖြစ်စဉ်က မဖန်တီးသင့်ဘူးလား။

ဒေါက်တာစိုင်းဦး။  ။ လိုအပ်တာပေါ့။ ဆွေးနွေးခဲ့သလိုပဲ၊ မိုင်းရှင်း လင်းရေးတို့၊ ဒုက္ခသည်တွေကို နေရပ်ကို ပြန်ခေါ်ရေးကိစ္စတွေ သည် ရေရှည် သေချာပြုလုပ်ရမယ့် ကိစ္စတွေလည်း ဖြစ်တယ်။ ဒါတွေ လုပ်နိုင်ဖို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ တည်ငြိမ်မှု ကို လိုအပ်တယ်။ နိုင်ငံရေးဆွေးနွေးမှုတွေဟာ တည်ငြိမ်မှုမရှိဘူး၊ လားရာကို မမြင်ရဘူးဆိုရင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ တွေ၊ မိုင်းရှင်းလင်းရေးကိစ္စတွေဟာ လုပ်ဖို့အတွက် အခက်အခဲ ရှိနေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့မြင်တာက လက်ရှိသွားနေ တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးဟာ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီလို့ ပြောတာပေါ့။ ဒီလို အကျပ်အတည်း ရင်ဆိုင် နေရတဲ့အတွက် ကျွန်တော်တို့ ပြန်လည် သုံးသပ်ရမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်စုံလုံးကို သုံးသပ်ဖို့ လိုတယ်။ ပထမလုပ် နေကြတဲ့ အခြေခံ စဉ်းစားမှုတွေမှာကိုက ဘာတွေများ ပြုပြင် ပြောင်းလဲဖို့ လိုသလဲ ဆိုတာကို အဖြေရှာရမှာပေါ့။

လုပ်နေတဲ့ လုပ်နည်းလုပ်ဟန် သေးသေးလေးတွေတင် မကဘူး။ တစ်စုံလုံးရဲ့ ချဉ်းကပ်မှုတွေမှာကအစ ကျွန်တော်တို့ စဉ်း စားမှုတွေဟာ မှားယွင်းနေပြီလား။ သဘောက အခြေခံအကျဆုံး ပြဿနာဖြစ်တဲ့ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင် ဖို့အတွက်ဟာ (NCA ရေးထိုး ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့) သုံးနှစ်ဆိုတဲ့ ကာလဟာ အတိုင်းအတာ တစ်ခုအထိတော့ ရှိနေရ မယ်။ ဒါပေမဲ့ လက်ရှိမှာ ယုံကြည်မှုဟာ လိုအပ်သလောက် မရှိ သေးဘူး ဖြစ်နေတယ်။

တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် နားလည်မှုအပိုင်းတွေ မှာပေါ့။ အဲဒါကြောင့်မို့လည်း ဃြဗ ကို ဖော်ဆောင်ကြတဲ့အခါမှာ ဟိုက ဒီလိုဖြစ်သင့်တယ်၊ ဒီက ဟိုလိုဖြစ်သင့်တယ်ဆိုတာတွေ ကွဲလွဲနေကြတယ်။ ဒီလို အခြေအနေမှာ အရှေ့ကို အတင်းစွတ်ပြီး ဖော်ဆောင်လေ၊ အဖြေကောင်းဆိုတာထက် ပိုပြီး အငြင်းပွားရ မယ့် အဖြေတွေပဲ ရလိမ့်မယ်။ ဒီအနေအထားမှာ ဖြစ်သင့်တာက တော့ အားလုံးထိုင်ပြီး အခြေအနေကို ပြန်လည် သုံးသပ်ဖို့ လိုနေ ပြီ ဆိုတာပါပဲ။

လက်ရှိ လက်မှတ်ထိုးထားတဲ့သူတွေဟာ မလှုပ်သာ၊ မလွန့်သာလို့ လိုက်လုပ်နေတဲ့ အနေအထားလား။ ဒီလိုဆိုရင် တော့ နောက်ပိုင်းမှာ ဒီအဖွဲ့တွေမှာလည်း ပြဿနာတွေ ဖြစ်လာ မှာပဲ။ တချို့အဖွဲ့တွေဆိုရင်လည်း တပ်တွင်း မကျေနပ်မှုတွေ ဖြစ် ကြတာက တစ်ဆင့် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ရောက်နိုင်ကြ မှာ မဟုတ်ဘူး။ လက်မှတ်မထိုးရသေးတဲ့ လူတွေဘက်က ပြန် ကြည့်ရင်လည်း နေပါဦး၊ ထိုးပြီးတဲ့သူတွေတောင် ဘာမှလည်း မလုပ်နိုင်ကြဘူး။ သူတို့တောင် ဘာမှ မစွမ်းဆောင်နိုင်သေးဘူး ဆိုရင် ငါတို့က ဘာလို့ လိုက်ထိုးရမှာလဲဆိုတဲ့ အမြင်တွေကို အား ပေးရာ မရောက်ဘူးလား။

ကျွန်တော်တို့ ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာက လက် မှတ်ထိုးသူရော၊ လက်မှတ်မထိုးသူရော အားလုံးကို ခြုံပြီးတော့ တကယ်တမ်း ပြုပြင်ပြောင်းလဲမှု လုပ်နိုင်မယ့် စဉ်းစားမှုမျိုး ဖြစ် သင့်တာပေါ့။ ဒါကို အခုအချိန်မှာ သေချာပြန်လည် သုံးသပ်ဖို့ လို နေပြီ။ အခု ချဉ်းကပ်နေတဲ့နည်းက တစ်ဖွဲ့ချင်းကို ချဉ်းကပ်နေတာ ရှိတယ်။ ဒါပေမဲ့ ရလဒ်ချင်းတွေက မတူကြဘူးဖြစ်နေတယ်။ သဘောက တစ်ဖက်က အားကြီးတဲ့ တပ်မတော်က ဖြစ်ဖြစ်ပေါ့၊ အားလုံး လက်ခံတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးသင့်တယ်။ ဒီလို ဖန်တီးပေးထားတဲ့အပေါ်မှာ အားလုံးက လာပြီး ဆွေးနွေး ကြတယ်ဆိုရင် သင့်တော်သေးတယ်။ အခုက တစ်ဖွဲ့ကို အခြေ အနေတစ်မျိုးစီနဲ့ ဆွေးနွေးနေတယ်ဆိုရင် ဘာဖြစ်လာမလဲဆို တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းအရဆိုရင် အခြေအနေ လေးတွေကိုတော့ ထိန်းသိမ်းနိုင်တယ်၊ တကယ့်လက်တွေ့ ငြိမ်း ချမ်းရေး တစ်ခုလုံးကိုတော့ မဖန်တီးနိုင်ဘူး။

သဘောက ကချင်နဲ့ဆွေးနွေးတဲ့အခါ အခြေအနေတစ်ခုနဲ့ ဆွေးနွေးမယ်ပေါ့။ ဒါဆိုရင် သဘောတူညီမှု တစ်စုံတစ်ခုရရင် တောင် အဲဒီဒေသလေးတစ်ခုမှာပဲ အဆင်ပြေမယ်။ တလောက ‘ဝ’အဖွဲ့နဲ့လည်း သွားဆွေးနွေးတာပဲ။ ဒါပေမဲ့ ဒီလို ဆွေးနွေးမှုတွေ ဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုမရှိဘူးဖြစ်နေတယ်။ အပြန်အလှန် နားလည်မှု ယူသလောက်ပဲ ဖြစ်နေတယ်။

 

မော်ကွန်း။  ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော် ဆောင်မှုနဲ့ အခု အစိုးရလက်ထက် သက်တမ်း နှစ်နှစ်လောက်ရှိ လာတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်းကို နှိုင်းယှဉ်ကြည့်လို့ ရမလား။ အားသာချက်၊ အားနည်းချက်တွေက ဘာတွေများ ရှိပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ အစိုးရအဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို အဲဒီလို စွမ်း ဆောင်ရည်ကောင်းတယ်၊ မကောင်းဘူးဆိုတာကို တကယ်တမ်း ပြောရမယ်ဆိုရင် ဒါဟာ မတရားရာ ကျပါတယ်။ ဒါပေမဲ့ သူ့ အခြေအနေနဲ့ အနေအထားတွေကိုတော့ သုံးသပ်လို့ ရပါတယ်။ဦးသိန်းစိန်လက်ထက်တုန်းက သူက တစ်ဖက်ကနေ ပထမဆုံး အရပ်သားအစိုးရကို အသက်သွင်းဖို့ ကြိုးစားပြီးတော့ တစ်ဖက် ကလည်း နိုင်ငံတကာကို သုံးသပ်ကြည့်ပြီးတော့ ပတ်ဝန်းကျင် ဒေသတွင်းတွေကို သုံးသပ်ပြီးတော့ မြန်မာပြည်ရဲ့ အနေအထား ဟာ အရမ်းကြီးကို ဆုတ်ယုတ်နေပြီ၊ ငါတို့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတဲ့ အသိတရား သူတို့မှာ ရှိခဲ့တယ်။

ရှိလာတော့ သူတို့ အဲဒီကာလမှာ ပထမဦးဆုံး စစ်အုပ်ချုပ် ရေးကနေ အရပ်သားအုပ်ချုပ်ရေးပေါ့၊ တကယ့် ဒီမိုကရေစီဆိုတဲ့ တန်ဖိုးတွေကို လေးစားဖို့ ကြိုးစားပြီးတော့ လုပ်ကြတဲ့အခါမှာ သူတို့က အစစအရာရာကို လက်ခံပြီး လုပ်ချင်ကိုင်ချင်တဲ့ အနေ အထားရှိတယ်။ အခက်အခဲတွေ အများကြီး ကြားထဲက မရှိခဲ့တဲ့ အခွင့်အရေးတွေကို သူတို့ အစိုးရက တတ်နိုင်သမျှ ဖွင့်ပေးခဲ့တဲ့ အနေအထားတွေ ရှိခဲ့တယ်။ ဒီလို အခြေအနေတွေမှာ တိုင်းရင်း သားတွေဘက်ကလည်း တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ရှိရဲ့လား ဆိုတာကို စူးစမ်းလေ့လာတဲ့အနေနဲ့ ဒါကိုလာပြီး ဆွေး နွေးကြတာ ရှိတယ်။

အသေးစိတ်ထပ်ပြောရရင် အရင်အစိုးရလက်ထက် ဒီငြိမ်း ချမ်းရေးကို  ဦးစီးဦးဆောင်လုပ်ရတဲ့ ဝန်ကြီး ဦးအောင်မင်းတို့ဟာ ဒီအခြေအနေကို တကယ်တမ်း ပြုပြင်ပြောင်းလဲပစ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာတွေကို တွေ့ရတော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ တိုင်းရင်းသားတွေအနေနဲ့ စကားပြောလို့ ရတဲ့ လမ်းကြောင်းတွေ ပေါက်သွားကြတယ်။ စကားပြောလို့ ရသွား တယ်ပေါ့။ ဒီတော့ ဒီမိုကရက်တစ်ယဉ်ကျေးမှုအရ အပြန်အလှန် ပြောဆိုလို့ရတဲ့ လမ်းကြောင်းတွေ ရှိလာရင် လွယ်ကူသွားတဲ့ သဘောပေါ့။

လက်ရှိအစိုးရကျတော့ ကျွန်တော်ထင်ပါတယ်၊ ငြိမ်းချမ်း ရေး ဖော်ဆောင်ချင်တဲ့ ဆန္ဒချင်းကတော့ အတူတူပါပဲ။ ဒါပေမဲ့ အစိုးရသစ်မှာ လက်ရှိငြိမ်းချမ်းရေးအပေါ်မှာ ကျွမ်းကျင်နား လည်မှု၊ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ ပတ်သက်ပြီး NLD အစိုးရဘက်မှာ ပြင်ဆင်ထားမှု အရမ်းကို အားနည်းနေတယ်။ တခြားအပိုင်းတွေအတွက် ပြင် ဆင်ထားမှု ရှိကောင်းရှိမယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်မှုမှာ သူတို့ လူ အင်အားအားဖြင့်လည်း အရမ်း အားနည်းနေတယ်။ အဲဒီလို အခြေအနေမှာ ကိစ္စတော်တော်များများဟာ သူတို့အတွက် အသစ်အဆန်းတွေချည်းဖြစ်နေတော့ ငြိမ်းချမ်းရေးဟာ နိုင်ငံ ရေးဆွေးနွေးမှုတွေက တစ်ဆင့် သွားရမယ်ဆိုတဲ့ဟာက အတော် လေး အားနည်းလာပြီးတော့ ငြိမ်းချမ်းရေးဟာ လုံခြုံရေးပုံစံ ဖြစ် လာတယ်။ ဒါကြောင့် စစ်ရေးနဲ့ပဲ ဖိအားပေးနေတဲ့ အနေအထား မျိုးတွေကို သွားတွေ့ရတယ်။

ဒီလိုကာလမှာတော့ လက်ရှိအစိုးရကို ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ် ဆိုတာမျိုးထက် အခြေအနေတွေကို ပြန်သုံး သပ်ရရင် ပထမကတော့ သူတို့အနေနဲ့ စစ်တပ်နဲ့ နားလည်မှု သေချာယူဖို့လိုတယ်။ အခုလို စစ်ရေးနဲ့ ဖြေရှင်းနေရင်တော့ ယာယီအဖြေပဲ ရမယ်။ ရေရှည်အဖြေကတော့ ရမှာမဟုတ်ဘူး။ နောက်ပြီး အားလုံးပါဝင်နိုင်တဲ့ ‘မူ’ လို့ ကျွန်တော်တို့က ပြော တော့  ပြောနေကြတယ်။ တကယ်တမ်း လက်တွေ့ကျကျ ပါဝင် နိုင်တဲ့ ‘မူ’ မတွေ့ရဘူး။

နောက် တပ်မတော်က အမြဲတမ်း နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ သူပြောနေတဲ့ စိုးရိမ်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုးရိမ်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေကို သူက ခဏခဏပြောနေတာ ရှိတယ်။ ဆိုတော့ ဒီလိုမျိုး စိုးရိမ်မှုတွေ လျော့ကျအောင် နဂိုကတည်းက ဘယ်လိုအနာဂတ်ပြည်ထောင်စုဖက်ဒရယ်နိုင်ငံကို ကြိုးစား တည်ထောင် မယ်ဆိုတဲ့ သဘောတူညီချက်တွေက ရထားပြီးသားပါ။ လုပ်နည်း လုပ်ဟန်တွေ ကွာဟနေတာပါ။ ဒီအထဲကနေမှ တိုင်းရင်းသား တွေက ဘယ်လိုမျိုး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ဆိုတာကို ဆွေးနွေးတာတွေတော့ ရှိတယ်။

တိုင်းရင်းသားတွေဘက်က ကြည့်ရင်လည်း သူတို့က နှစ် ပေါင်းများစွာ အခွင့်အရေးတွေ ပိတ်ပင်ခံခဲ့ရတဲ့အခါကျတော့ သူ တို့တွေရဲ့ တောင်းဆိုမှုတွေဟာ ကြည့်လိုက်လို့ရှိရင်လည်း ကြမ်း သလို၊ အလွန်အကျွံ ဖြစ်သလို တပ်မတော်ဘက်က မြင်စရာ ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က တောင်းဆိုတိုင်း အဲဒီ အပေါ်မှာ အခြေခံပြီး စိတ်ဆိုးနေမယ်ဆိုရင် ဒါဟာ ဆွေးနွေးမှု ဆိုတဲ့ ခေါင်းစဉ်အရ သဘာဝမကျဘူး။ တိုင်းရင်းသားတွေဘက် ကလည်း ဒီတိုင်းပြည်ကို ဖက်ဒရယ်စနစ်နဲ့ အနာဂတ်မှာ သွား မယ်ဆိုရင် ဘယ်လို ဖက်ဒရယ်နဲ့ သွားကြမယ်ဆိုတာကို သူတို့ ဘာသာ ကြိုးစားပြီး ရှာဖွေနေတာ ရှိပါတယ်။

အခု အဓိက ဖြစ်နေတဲ့ အခက်အခဲကတော့ ပထမပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ စာတမ်းတွေ ပေါ်ထွက်လာတော့ တပ်မတော်ဘက်က ဒါတွေဟာ မဖြစ်သင့်ဘူး။ အလွန်အကျွံ   တောင်းဆိုမှုတွေ ဖြစ်တယ်ဆိုတာမျိုးတွေ ပြောဆိုလာတာ ရှိ တယ်။ တပ်မတော်အနေနဲ့ နားလည်ရမှာက ဒါက နှစ်ပေါင်းများ စွာ ဖိနှိပ်ခံခဲ့ရတဲ့ တိုင်းရင်းသားတွေ ပထမဦးဆုံး သူတို့အနေနဲ့ လေသံကျယ်ကျယ်နဲ့ အော်တာသာဖြစ်တယ်။ ဒါကို ဒီလိုအပေါ် မှာ ကြည့်ပြီး သိပ်ပြီး စိုးရိမ်လွန်နေရင် ဒါဟာ လက်တွေ့မကျဘူး ပေါ့။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ ခဏခဏပဲ ဒီဟာတွေ အပေါ်မှာ အခြေခံပြီး စိုးရိမ်ကြောင်း ပြောနေတယ်။ ဒါပေမဲ့ ညှိနှိုင်းပြီးတော့ တရားမျှတမှုနဲ့ အပြန်အလှန် သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး လေးစားပြီးတော့ လုပ်သွားမယ်ဆိုရင် အဆင် ပြေနိုင်တဲ့ကိစ္စပါ။ ဒီလိုအခြေခံတွေပေါ်မှာ မသွားဘူးဆိုရင်တော့ တစ်ဖက်နဲ့ တစ်ဖက်ဟာ ယုံကြည်မှုဟာ ဘယ်လိုမှ တည်ဆောက် လို့ ရမှာ မဟုတ်ဘူး။

 

မော်ကွန်း။  ။ တချို့ တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်ပိုင်း တွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေအပေါ်မှာ အားမလို အားမရ ဝေဖန်သုံးသပ်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။  လက်ရှိအစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပတ် သက်ပြီး ဘယ်လိုမျိုး အခြေအနေတွေကို ပြန်လည် ဖန်တီးပေးနိုင် ဖို့ လိုပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ ဝေဖန်သုံးသပ်မှုတွေကတော့ အမျိုးမျိုး ရှိနေ မှာပါပဲ။ လက်ရှိအစိုးရအနေနဲ့ အတိုက်အခံအဖြစ် ရှိနေချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျနေ ချိန်၊ ပါတီက ကိုယ်စားလှယ်တော်တော်များများဟာ နယ်စပ် ဘက်တွေကို ထွက်သွားပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်တော်များများ ကိစ္စတွေကို လက်တွဲလုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီအခါမှာ အနာဂတ်မြန်မာပြည်ကို တည်ထောင်တဲ့အခါမှာ တိုင်းရင်းသားတွေဘက်က လိုချင်တဲ့ပုံစံနဲ့ NLD ပါတီက မျှော် မှန်းတဲ့ ပုံစံနဲ့ဟာ တော်တော်လေးနီးစပ်တယ်၊ သိပ်မကွာပါဘူး။ ငါတို့ အတူတူ အလုပ်တွဲလုပ်လို့ရတယ်ဆိုတဲ့၊ ငါတို့ဟာ  မဟာ မိတ်တွေပဲဆိုတဲ့ နားလည်မှုအပေါ်မှာ အခြေခံပြီးတော့ NLD သာ အစိုးရ ဖြစ်ခဲ့ရင်တော့ တို့ရဲ့ လိုအပ်ချက်နဲ့ သိပ်ကွာမှာ မဟုတ်ဘူးဆိုတာမျိုး သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါတွေက တိုင်း ရင်းသားတွေဘက်က အမြင်ပေါ့။

ဒါပေမဲ့ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလို့ မရတော့ဘူးဆိုတဲ့ စိတ်ပျက်မှုမျိုးတွေ တိုင်းရင်းသား တွေဘက်မှာ ဖြစ်နေရင်လည်း ဒါဟာ မဖြစ်သင့်ပါဘူး။ တိုင်းရင်း သားတွေအနေနဲ့လည်း သူတို့ရဲ့ အခွင့်အရေးကို သူတို့ တိုက်ပွဲဝင် ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က ဒေါ်စု လုပ် ပေးတာကိုပဲ စောင့်နေမယ်၊ ဒေါ်စု လုပ်မပေးရင် စိတ်ပျက်တာမျိုး ကတော့ ကျွန်တော်ထင်တာကတော့ သဘာဝမကျဘူး။

လက်တွေ့မှာလည်း တိုင်းရင်းသားခေါင်းဆောင် အတော် များများဟာလည်း ဒီလို စိတ်နေစိတ်ထားမျိုး မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ မျှော်လင့်တာကတော့ NLD နဲ့ တိုင်းရင်းသားတွေ ဟာ တော်တော်လေး နီးစပ်တဲ့ မဟာမိတ်တွေ ဖြစ်တယ်။ ဘယ် လိုပဲ ဖြစ်ဖြစ် ဒီပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ငါတို့နဲ့ သိပ် ကွာဟမှာ မဟုတ်ဘူးဆိုတာကိုတော့ သူတို့ တွက်ချက်ထားကြ တယ်။ လက်ရှိလည်း NLD က ဖော်ဆောင်မယ့် ပြည်ထောင်စုနဲ့ တိုင်းရင်းသားတွေဘက်က မျှော်မှန်းတဲ့ ပြည်ထောင်စုပုံစံဟာ တစ်ခုနဲ့ တစ်ခု သိပ်ပြီး ကွာဟချက်မျိုးလည်း မရှိပါဘူး။ တွဲလုပ်လို့ ရနိုင်တာတွေ ရှိပါတယ်။

ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ NLD အစိုးရဖြစ်လာပြီး နောက်ပိုင်းဟာ NLD  အတိုက်အခံဘဝနဲ့ မတူတော့ဘူးလေ။ အစိုးရက အစိုးရပုံစံ စလုပ်တဲ့အခါကျတော့ ကျွန်တော်ထင်တာ ကတော့ တစ်ဖက်က တိုင်းရင်းသားမဟာမိတ်များဟာလည်း အစိုးရဟာ အစိုးရပုံစံ ဖြစ်သွားတာကို လက်ခံရမယ်။ အရင်တုန်း ကလို အတိုက်အခံ မဟုတ်တော့ဘူးလေ။ ဒီနှစ်ခုကို ဆက်စပ်တဲ့ အခါမှာ တစ်ဖက်က NLD ကလည်း နိုင်ငံတစ်ခုလုံးကို တာဝန် ရှိတဲ့အလျောက် အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေကို လုပ်ကိုင်ရသလို တစ်ဖက်က ပြည်တွင်းငြိမ်းချမ်းရေးကို တည် ဆောက်တဲ့အခါမှာ သူဟာ ပထမဦးဆုံးသော သူ့ရဲ့ ဦးစားပေးမူ တွေကို သတ်မှတ်ထားတာ ရှိတာပေါ့။

အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတကာကို ဆက်ဆံရတဲ့ ပုံစံရှိ သလို ပြည်တွင်းငြိမ်းချမ်းရေးမှာ တိုင်းရင်းသားတွေကို ဆက်ဆံ ပြီး အလုပ်လုပ်တဲ့အခါမှာ လက်ရှိအစိုးရက နည်းလမ်းတွေကို ရှာဖို့သင့်တယ်။ ပိုပြီး နီးနီးကပ်ကပ်ပေါ့။ နီးနီးကပ်ကပ်ဆိုတဲ့ နေရာမှာ သဘောက တစ်ဖက်နဲ့ တစ်ဖက် လိုချင်တဲ့ဟာတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့ အနေအထားတွေပေါ့။ ဒီလိုဆိုရင် လက်ရှိအစိုးရရဲ့ လိုအပ်မှုကို ကျန်တဲ့ တိုင်းရင်းသားအုပ်စုတွေက ပိုပြီးတော့ သူ့ရဲ့ ဗျူဟာပဲ ခေါ်ခေါ်၊ နည်းလမ်းပဲ ခေါ်ခေါ် ပိုပြီး နား လည်လာနိုင်မယ်။ နားလည်နိုင်လာရင် အစိုးရကို ဘယ်နေရာ၊ ဘယ်ရှုထောင့်ကနေ ပံ့ပိုးနိုင်မလဲဆိုတဲ့၊ ပူးပေါင်းလုပ်ဆောင်နိုင် မလဲ ဆိုတဲ့ စဉ်းစားမှုတွေ ရှိလာမယ်။

အခုအနေအထားကျတော့ ”ဟာ…ဘယ်လိုလဲ။ အစိုးရ ဖြစ်သွားတော့ ငါတို့ချဉ်းကပ်ဖို့ ပိုခက်သွားပါသလား”ဆိုတဲ့ အမြင်တွေ ဖြစ်နေတာတွေ ရှိလာတယ်။ ဒါပေမဲ့ တစ်ဖက် တိုင်း ရင်းသားတွေအနေနဲ့လည်း ဒီလိုအမြင်တွေတော့ မဖြစ်သင့်ဘူး။ သို့သော် အစိုးရ ဖြစ်သွားတဲ့သူက အခွင့်အလမ်းကို ပိုပြီး ဖန်တီး နိုင်တဲ့အတွက်ကြောင့် လမ်းကြောင်းအမျိုးမျိုးတွေကို ပိုပြီး ဖန် တီးသင့်တယ်။ ငါတို့ အစိုးရဖြစ်သွားပြီ၊ အားလုံးသည် ဏမသအသခသူ (လုပ်ထုံးလုပ်နည်း) အတိုင်းပဲ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ နည်းလမ်းအမျိုးမျိုးကို အသုံးချသင့်တယ်။

အစိုးရအနေနဲ့ ဒါဟာ ညီနောင်တိုင်းရင်းသားတွေဖြစ် တယ်ဆိုတဲ့ အမြင်နဲ့  လုပ်ဆောင်ဖို့ပေါ့။ တွေ့ဆုံနိုင်တဲ့ နည်းလမ်း တွေ အမျိုးမျိုး ရှိတယ်။ ဒေါ်စုကိုယ်တိုင်လည်း ဖြစ်ကောင်းဖြစ် မယ်၊ သို့မဟုတ် ဒေါ်စုကိုယ်တိုင်လည်း ဟုတ်ချင်မှဟုတ်မယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကို ရှာကြတဲ့အခါမှာ ယုံ ကြည်မှုဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်တာကို အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် စိတ်ထားသိလာခဲ့ပြီဆိုရင် အဖြေရှာရတာ လွယ် သွားတာပေါ့။ ဒီလိုဟာမျိုးကို အစိုးရအနေနဲ့ တပ်မတော်နဲ့လည်း လုပ်ဆောင်သင့်ပါတယ်။ ပြီးတော့ လက်ရှိအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဆိုတာဟာ နဂိုကတည်းက နီးစပ်ပြီးသားတွေပါ။ လမ်းကြောင်းရှာဖို့ဆိုတာဟာ တကယ်လုပ်မယ်ဆိုရင် သိပ်ပြီး မခက်ပါဘူး။

 

မော်ကွန်း။  ။ NCA ထိုးထားတဲ့ အကြီးဆုံးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ KNU နဲ့ တပ်မတော် လက် ရှိကာလမှာ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တချို့ရဲ့  အခြေအနေ မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒါဟာ NCA  ကို သက်ရောက်နိုင်ပါ သလား။

ဒေါက်တာစိုင်းဦး။  ။ ဒီစစ်မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ထိခိုက်မှု တွေဟာ အသေးလေးဖြစ်စေ၊ အကြီးကြီးဖြစ်စေ တစ်နည်းတစ်ဖုံ NCA ကို လာပြီး ထိခိုက်သက်ရောက်တာပါပဲ။ ဒါပေမဲ့ အခုဖြစ် နေတဲ့ ကရင်ရဲ့ တပ်မဟာ ၅ နယ်မြေက ပြဿနာကတော့ အခြေခံကတော့ နယ်မြေသတ်မှတ်မှုကနေ ဖြစ်ပျက်လာတာပါပဲ။ ဖြစ်ခဲ့တာတွေကိုကြည့်ရင် တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းပြီး လုပ် ဆောင်မှု အပိုင်းမှာ အရမ်းကို အားနည်းတဲ့အတွက် ဒီလိုအထိ ဖြစ်လာတဲ့ သဘောပါပဲ။ နောက်တော့ ပြဿနာက မပြေလည်ဘဲ ပိုပြီး ကြီးထွားလာတာ ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းမှု မပြု နိုင်ရင်တော့ ပိုပြီး ကြီးကျယ်လာနိုင်ပါတယ်။

NCA အပေါ်မှာ ယုံကြည်မှုအပိုင်းဟာ အခုဆိုရင် အမျိုး မျိုး သုံးသပ်မှုတွေ ရှိနေကြတယ်။ ဆိုတော့ ဒီလို စစ်မြေပြင်က ထိခိုက်မှုတွေဟာ ယုံကြည်မှုတည်ဆောက်ရေးကို အထောက် အကူ မပေးပါဘူး။ အထူးသဖြင့် KNU နဲ့ တော်တော်ကြာကြာ လေး ထိန်းသိမ်းထားနိုင်ခဲ့ပြီးပါပြီ။ အခုမှ ပြန်လည် စဖြစ်လာတဲ့ သဘောပေါ့။ KNU ဘက်ကလည်း ဒီ ဃြဗ စာချုပ်ကို အများ ကြီး လေးစားသမှု ရှိပါတယ်။ ကျွန်တော်တို့ ကြည့်နေသလောက် KNU သည် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲမှာ အဖွဲ့အင်အား လည်း ကြီးပြီး NCA ကို ယုံယုံကြည်ကြည်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲမှာ ပါပါတယ်။

ဒီလို အဖွဲ့မျိုးနဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို စောစောစီး စီး ပြေလည်နိုင်မယ့် နည်းလမ်းနဲ့ အဖြေရှာနိုင်ရင် ကောင်းပါ တယ်။ နည်းလမ်းမရှာတာကြောင့် ဒီပဋိပက္ခဟာ ပိုပြီး ကြီးကျယ် လာပြီဆိုရင်တော့၊ KNU လို အဖွဲ့အစည်းက ဒီ NCA အပေါ်မှာ စပြီး သံသယများပြီဆိုရင်တော့ ငြိမ်းချမ်းရေး အလားအလာဟာ မကောင်းဘူးပေါ့။ KNU တင်မကပါဘူး။ ဒီ NCA ကို ထိုးထား တဲ့ အခြားအဖွဲ့တွေဟာလည်း ဒီအပေါ်မှာ ယုံကြည်မှု ရှိကြပါ တယ်။ ဒါကို ကျွန်တော်တို့ သိပါတယ်။

ဒါပေမဲ့ KNU ကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ အနီး ကပ် အလုပ်လုပ်တဲ့အခါမှာ သူတို့ဟာ တော်တော်လေးကို ယုံယုံ ကြည်ကြည်နဲ့ လုပ်နေတဲ့ အဖွဲ့ဆိုတာ လေ့လာမိပါတယ်။ ဆိုတော့ ဒီလိုအဖွဲ့မျိုးနဲ့ ပြဿနာဖြစ်လာပြီဆိုရင်တော့ ပိုမို အလေးထားပြီး ပြဿနာကို ပြေပြေလည်လည်နဲ့ ပြီးနိုင်မယ့် နည်းလမ်းကို စော စောစီးစီး ရှာနိုင်တာက ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အကျိုးအမြတ် ပိုများတာပေါ့။

 

မော်ကွန်း။  ။ အခုဆိုရင် ဃြဗ လက်မှတ်မထိုးရသေးတဲ့ တိုင်း ရင်းသားအဖွဲ့တွေနဲ့ မကျေလည်တာ၊ တိုက်ပွဲဖြစ်နေတာတွေကို အသာထားဦး။ လက်မှတ်ရေးထိုးထားတဲ့ သူတွေနဲ့တောင် အခု လို ပြဿနာတွေ ပြန်ပေါ်လာတာတွေ ရှိတော့ ဒီလို အခြေအနေ တွေကို မဖြေရှင်းနိုင်သေးဘဲနဲ့ တတိယအကြိမ် ပင်လုံငြိမ်းချမ်း ရေးညီလာခံကို ဖော်ဆောင်သင့်ပါသလား။ ဒီပွဲ မကျင်းပသေး ခင်စပ်ကြား ဘာတွေကို အရင်ဆုံးဖြေရှင်းမှ သင့်တော်မယ်လို့ ထင်ပါသလဲ။

ဒေါက်တာစိုင်းဦး။  ။ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ အချိန်တန်လို့ ပင်လုံညီလာခံကို ကျင်းပနေတယ်ဆိုရင် ဒါဟာ ဖြစ်စဉ်ကို ပြနေ တာပဲ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်တိုင်းဟာ အလုပ် လည်း ပြီးမြောက်ရမယ်။ လက်တွေ့ကျတဲ့ အကျိုးကျေးဇူးလည်း ရရမယ်။ တစ်ဖက်က ပြည်သူတွေရဲ့ ယုံကြည်မှုလည်း အား ကောင်းလာရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားတယ်ဆိုရင် လာ မယ့် ပင်လုံညီလာခံကို နောက်ထပ် အချိန်ကျလာလို့ လုပ်ရတယ် ဆိုတဲ့ပုံစံ မဟုတ်ဘဲနဲ့ပေါ့၊  အခုက ပြီးခဲ့တဲ့ဒုတိယပင်လုံနဲ့ ယှဉ် ကြည့်လိုက်ရင် ဘာကွာသလဲဆိုတော့ ပြီးခဲ့တဲ့ ညီလာခံတုန်းက ကျွန်တော်တို့ စာတမ်းခြောက်စောင်ကို အခြေခံပြီးတော့ ဆွေး နွေးကြတယ်။ နောက်ဆုံးကျတော့ ပြည်ထောင်စု သဘောတူညီ ချက်ဆိုတာတွေ ရတယ်။

တတိယညီလာခံကိုလည်း ဒီလိုပဲ အချိန်တန်လို့ လုပ်မယ် ဆိုရင် တစ်ခုက စာတမ်းအသစ်လည်း အခုထိ မရှိသေးဘူး။ နောက် ပြီးခဲ့တဲ့ ညီလာခံက ရထားတဲ့ သဘောတူညီချက်တွေထဲက တချို့ဟာ မေးခွန်းတွေ အများကြီးရှိနေတုန်းပဲ။ ကျွန်တော်တို့ဟာ ဒီပင်လုံကို ပုံမှန်ကျင်းပတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ တကယ်တမ်း ငြိမ်းချမ်းအောင် ဖန်တီးတဲ့အခါမှာ အစိုးရအနေနဲ့ သူ့ရဲ့ နိုင်ငံ ရေးအမြင်၊ နိုင်ငံရေး Vision ရှိတာကို ပြနိုင်ရမယ်။ နည်းလမ်း ကောင်းတွေကို ရှာနိုင်ဖို့ လိုအပ်လာပါတယ်။

တစ်ဖက်က လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁ဝ ဖွဲ့တင် မက ဘူး။ NCA သည် တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တယ်။ ကျန်တဲ့ အဖွဲ့ တွေလည်း ဘယ်လို ပါဝင်လာရမယ်ဆိုတဲ့ နည်းလမ်းမျိုးတွေပေါ့။  ဆွေးနွေးမှုလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဒီ ဘောင်ထက် ပိုကျော်တဲ့ နိုင်ငံရေး အမြင်ကျယ်မှုနဲ့ စဉ်းစားဖို့နဲ့ စဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော်မြင်ပါတယ်။ ဒါမှသာလျှင် ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ မလိုအပ်တဲ့ အသေးအဖွဲလေးတွေကို ကျော် လွှားနိုင်မှာ ဖြစ်ပါတယ်။ နည်းလမ်းတွေရှာပြီး မသွားဘဲနဲ့ ဒီ အတိုင်းပဲ တိုးပြီး သွားနေမယ်ဆိုရင် ကျွန်တော်တို့ဟာ သိသိကြီး နဲ့ အတင်းလုပ်နေသလိုမျိုး ဖြစ်နေလိမ့်မယ်။

သဘောက လက်ရှိသွားနေတဲ့ နည်းလမ်းဟာ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေကို မလျှော့ချနိုင်၊ မတည်ဆောက်နိုင်ဘူး။ ဒီဟာ တွေကို ကျော်လွှားနိုင်တဲ့နည်းလမ်းကို အစိုးရအနေနဲ့ ရှာဖွေရ တော့မယ်။ လက်ရှိ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေလည်း ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ သူတို့ရဲ့ ပါဝင်မှုကို ပိုမိုပြီး အားတက်လာစေ ရမယ်။ ကျန်တဲ့အဖွဲ့တွေရဲ့ အမြင်မှာလည်း သြော်…ဒီနည်းလမ်း ရှိနေပါလား၊ ငါတို့ရဲ့ စိုးရိမ်မှုတွေကိုလည်း လျော့ကျစေပါလား ဆိုတဲ့ အမြင်မျိုး ဖြစ်စေတဲ့ နည်းလမ်းကို ရှာရမယ်။ ဒီဟာကို မရှာ ဘူး၊ မကျော်လွှားနိုင်ဘူးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် ဟာ အခက်အခဲထဲမှာပဲ လည်နေလိမ့်မယ်။

လည်နေတဲ့အလျောက်၊ ငြိမ်းချမ်းရေးဟာ ကြာလာတာနဲ့ အလျောက် အသီးအပွင့် မရဘူးဆိုရင် ပြည်သူတွေဟာ ဒီအပေါ် မှာ ရေစုန်မျောသွားနိုင်တယ်။ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာတာကြောင့် ဒီလို ပုံစံကို ပြန်ဖြစ် သွားဖို့ဆိုတာက လွယ်တယ်။ ဒါ့ကြောင့် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်၊ ငါတို့ဟာ ကိုယ်တိုင်ပါဝင်ခွင့် ရရှိပါ လားဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်ဖို့ လိုတယ်။ ဒီလို ဖြစ်ဖို့အတွက်ဆိုရင် အားလုံးကတော့ ဝိုင်းဝန်းလုပ်ရမယ်။ ဒါပေမဲ့ အစိုးရကတော့ ပိုပြီးတော့ နိုင်ငံရေးအမြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ လိုတယ်။ ပြီးတော့ တပ်မတော်က လည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝိုင်းဝန်း ပံ့ပိုးပါဝင်မှုတွေ ဒီထက် မက လိုတယ်။

မော်ကွန်း။  ။ ဖြည့်ပြောချင်တာများ ရှိပါသလား။

ဒေါက်တာစိုင်းဦး။ ။ ကျွန်တော်တို့ဟာ ဃြဗ ကို ပြန်ကြည့်မယ် ဆိုရင် သုံးနှစ်ခရီးတော့ ရောက်လာခဲ့ပြီ။ ဒါဟာ မြန်မာ့သမိုင်းမှာ ကြည့်မယ်ဆိုရင် အောင်မြင်တာ၊ မအောင်မြင်တာတွေကို ခဏ ထား၊ ဒီလိုမျိုး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ ကြိုးစား ဖြေရှင်း မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အတော်လေး ကောင်းခဲ့ပါ တယ်။ နောက် NCA သည် ပြည့်စုံသည်၊ မပြည့်စုံသည် အသာ ထား သူက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး က ကောင်းခဲ့တယ်။ အခု လက်မှတ်မထိုးသေးဘူးဆိုတဲ့ အဖွဲ့ တွေဟာလည်း ဒီ NCA အပေါ်မှာ အငြင်းပွားခြင်း မဟုတ်ဘဲနဲ့ လုပ်နည်းလုပ်ဟန်အပေါ်မှာသာ အငြင်းပွားနေကြခြင်း ဖြစ်ပါတယ်။

ဒီလို ရရှိနေတဲ့ အခွင့်ကောင်းကို ယူပြီးတော့ ကျွန်တော်တို့ ဟာ ဒီအပေါ်မှာ ထိုးဖောက်သွားနိုင်ဖို့ အခွင့်အလမ်းကောင်းကို ရှာဖွေနိုင်ဖို့ပဲ လိုနေတာပါ။ ဒါကို မရှာဖွေနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုရင် NCA ကို ဒီလိုပဲ သူအလို၊ ငါ့အလိုအရ ယူနေကြမယ်ဆိုရင် အလုပ်လုပ်ကြမယ်ဆိုရင် အကျိုးမရှိနိုင်ပါဘူး။ ဒါဟာ ကျွန်တော် တို့ ရရှိထားတဲ့ ယုံကြည်မှုတွေလည်း ဆုံးရှုံးသွားနိုင်တယ်။ ဒါ လေးတွေတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သတိထားလုပ်ရမှာတွေ ရှိတယ်။

 

#MawKunMagazine
#Kyaw Zayya

ဆက်သွယ်မှာယူနိုင်စေရန်…….

           

OFFICE    :  No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239
: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."