ကျော်ဇေယျ
ဖေဖော်ဝါရီ-၁၄
တပ်မတော် တပ်ရင်းမှူးနှစ်ဦးထံကနေ RCSS/SSA တပ်ဖွဲ့ဝင်တွေယူသွားတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပြန်မ ပေးပါက ပြင်းထန်စွာအရေးယူမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ညနေပိုင်းက့ တောင်ကြီးမြို့ကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့ကို ယာယီတာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ တပ်မတော်တပ်ရင်းမှူးနှစ်ဦးစီးနင်းလာတဲ့ကားအား မိုင်းပျဉ်းမြို့နဲ့ကျိုင်းတုံမြို့ကြား ပြည်ထောင်စုကားလမ်းမ တစ်နေရာမှာ RCSS/SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) အဖွဲ့မှ အင်အား ၅၀ လောက်က တားမြစ်ကာ ကားပေါ်မှာပါလာတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရယူသွားခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် ပါတယ်။
“ တပ်မတော်သားများနှင့်စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည်ကိုသိလျက်နှင့်ဆောင်ရွက်မှုသည် ထာဝရငြိမ်းချမ်းရေး အတွက် ကြီးမားသည့် ဆန့်ကျင်ဘက်စိန်ခေါ်မှုတစ်ခုဖြစ်သည်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြတယ်။
RCSS/SSA ဌာနချုပ်ကိုလည်း ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့ အကြောင်းကြားထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်ထားတဲ့အခုလိုကာလမျိုးမှာ လုံခြုံရေးသတိကင်းမဲ့စွာဆောင်ရွက်ခဲ့တဲ့ တပ်ရင်းမှူးတွေကိုလည်း စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
RCSS/SSA အဖွဲ့ဟာ ကုန်ခဲ့တဲ့အစိုးရလက်ထက်ကတည်းက နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို လက်မှတ်ရေးထိုးကာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။
#mawkun #magazine #chronicle #mawkunmagazine #RCSS/SSA