တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁၂:၀၀ နာရီဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာ အနောက်တံတားကနေ ဒေါင့်ကြီးရွာကို ခြေလျင်ဝင်ရောက်လာတဲ့ ၁၅ယောက်ခန့်ပါတဲ့စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား သုံးဦးခန့် ပွဲချင်းပြီးသေဆုံးကာ တပ်သား နှစ်ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေနဲ့ ကျန်တဲ့တပ်သားတွေကို ဖလံချိုင်ကျေးရွာက စစ်ကောင်စီသတင်းပေးတစ်ယောက်က ကားနဲ့လာသယ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါ် ပကဖ က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မနေ့ကညနေပိုင်းကလည်း တန့်ဆည်မြို့နဲ့ ငတန်းကျေးရွာကြားမှာ စစ်ကောင်စီရဲ့ ယာဥ်တစ်စီးနဲ့ ဆိုင်ကယ်နှစ်စီး တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
#Dailynews

