တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၁၁ လုံးထက် မနည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၂၃ရက် နံနက်ဆယ်နာရီလောက်က စပြီး တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ မီးရှို့ခဲ့တာဖြစ်ပါတယ်။
အိမ်ခြေ ၁၁ လုံးထက်မနည်း ပျက်စီးသွားတဲ့အပြင် စပါးတင်း ၆၀၀ ဝန်းကျင်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့အိမ်တွေထဲမှာ NLD အမာခံတွေရဲ့အိမ်တွေလည်း ပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၂၂ရက်နေ့ညက အဆိုပါ ကျီးကုန်းကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်လို့ လူပြောများနေတဲ့ အမျိုးသားတစ်ဦးနဲ့ သူ့ဇနီး၊ သူ့သမီး ရဲနှစ်ယောက်၊ စုစုပေါင်း လေးယောက် အသတ်ခံခဲ့ရပါတယ်။
အဆိုပါသတ်ဖြတ်ခံရမှုကြောင့် လက်စားချေဖို့ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ သေဆုံးသူ သမီးတစ်ယောက်ရဲ့ ယောကျာ်းဖြစ်သူဟာလည်း တန့်ဆည်မြို့ ရဲစခန်းက ရဲတစ်ယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံစာ – မီးလောင်သွားတဲ့ ကျီကုန်းရွာမြင်ကွင်း။
ဓါတ်ပုံ-ဒေသခံ
#Dailynews