တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာက နေအိမ်အလုံး ၂၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၇:၀၀ နာရီခန့်က တန့်ဆည်မြို့နယ်၊ ပုတီးရွာမှာ စစ်ကောင်စီတပ်သားတွေက နေအိမ်များကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ကျော်အနက် ခြောက်လုံးမှာ ဆက်လက်နေထိုင်၍မရသည်အထိ ပျက်စီးသွားကြောင်း တန့်ဆည် ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေ ၄:၀၀ နာရီခန့်က အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကောင်စီတပ်ဟာ ပုတီးရွာသူရွာသားတွေကို အိမ်တွေကိုသော့ဖွင့်ပြီးထားခဲ့ပြီး ဘုန်းကြီးကျောင်းထဲသွားနေဖို့နဲ့ ထွက်ပြေးရင်ပစ်သတ်မယ့်အကြောင်း လိုက်အော်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အကုန်ကိုရစရာမရှိအောင်ဖျက်ဆီးသွားတယ်။ မှန်တွေကောရိုက်ခွဲသွားတယ်။ ရွာထဲကပြည်ခိုင်ဖြိုးအိမ်တွေကျ မလုပ်ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုတီးရွာက ဒေသခံအချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာဘုန်းကြီးကျောင်းထဲမှာလည်း ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ လူကြီးများ ကျန်ရစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလအတွင်းက ပုတီးရွာသားတချို့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံခဲ့ရဖူးပြီး ပုတီးရွာအနီးမှာ PDF စခန်းရှိတယ်လို့စွပ်စွဲကာ ရွာကိုအငြိုးထားဖျက်ဆီးနေတာဖြစ်ကြောင်း တန့်ဆည်ဒေသခံတွေကပြောပါတယ်။
ဓာတ်ပုံ-CJ
#Dailynews

