ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၃ (မော်ကွန်း)
မြန်မာနိုင်ငံရဲ့ တတိယရေကြီးကာလဖြစ်တဲ့အခုလမှာ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်အောက်ပိုင်းဒေသတွေမှာ ရေကြီးမှုတွေကြုံရနိုင်တာကြောင့် သတိပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
ဧရာဝတီမြစ်အောက်ပိုင်းက ဆိပ်သာ၊ ဟင်္သာတ နဲ့ ဇလွန်မြို့နဲ့ သံလွင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ဘားအံမြို့မှာ ရေကြီးမှုတွေထပ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ ဇူလိုင်၊ ဩဂုတ်လပြီးရင် စက်တင်ဘာလက ရေကြီးကာလ တတိိယအပတ်ဖြစ်တယ်။ မြစ်အထက်ပိုင်းက ရေတွေဆင်းလာပြီး မြစ်အောက်ပိုင်းကဒေသတွေမှာရေကြီးမှုတွေဖြစ်လာမယ်။ ဧရာဝတီမြစ်အောက်ပိုင်းဆိုတာ ဆိပ်သာ၊ ဟင်္သာတ၊ နဲ့ ဇလွန်မြို့တွေပေါ့။ နောက်ပြီး ပြီးခဲ့တဲ့ရက်တွေက စိုးရိမ်ရေအမှတ်ရောက်သွားတဲ့ သံလွင်မြစ်လည်းသတိထားဖို့လိုပါတယ်။” လို့သူကပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ လက်ရှိ ဆိပ်သာ၊ ဟင်္သာတ၊ နဲ့ ဇလွန်မြို့တွေမှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေတယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
စိုးရိမ်ရေအမှတ်ကျော်နေတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် ငဝန်မြစ်ဟာလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငပိဆိပ်ကျေးရွာမှာ စိုးရိမ်ရေအမှတ်ကျော်နေလို့ မြစ်ကမ်းနဘေးကနေအိမ်တွေ ရေမြုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“ရေကတော့ တာတစ်ဝက်လောက်ရောက်နေတယ်။ ရွာထဲမှာလည်း သမ္ဗာန်လေးတွေနဲ့သွားကြတာ။ ဒီထက် ထက်တက်လို့ တာကျိုးသွားရင် အကုန်ဒုက္ခရောက်ကုန်မှာ” လို့ရွာခံတစ်ဦးကပြောပါတယ်။
လက်ရှိ မြေနိမ့်ပိုင်းကရွာခံတွေဟာ မြေအမြင့်ပိုင်းမှာ တာပေါ်လင်တွေထိုးပြီးနေထိုင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။
ငပိဆိပ်ကျေးရွာမှာ မုတ်သုန်ရာသီရောက်တိုင်း နှစ်စဉ်မြစ်ရေတက်ပေမယ့် မနှစ်ကထက် ဒီနှစ် မြစ်ရေတက်မှု ပိုများလာတယ်လို့ ရွာခံတွေကသုံးသပ်ကြပါတယ်။
ငဝန်မြစ်ဟာ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် ထက်တက်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းရက်ဆက်မပြတ်မိုးရွာသွန်းခဲ့သလို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နဲ့ဘီးလင်းမြစ်တွေမြစ်ရေတက်လာမှုကြောင့် မြို့ပေါင်းဆယ်မြို့ကျော်မှာရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ ပြုစုထားတဲ့စာရင်းတွေအရ မုတ်သုန်ရာသီ၊ မိုးရက်ဆက်မပြတ်ရွာသွန်းတာ၊ မြစ်ရေတက်လာတာကြောင့် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသက လူဦးရေ ၁၂၀,၀၀၀ ဟာ ရေဘေးကြုံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။
ပုံစာ- ဩဂုတ်လအတွင်း ပဲခူးမြို့ရေကြီးမှုမြင်ကွင်း
ဓာတ်ပုံ- အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်း
#Dailynews

