ဖူးမေ၊ ဒီဇင်ဘာ-၃၀
အာမခံပေးမရတဲ့ တစ်လင်တစ်မယားဥပဒေပုဒ်မနဲ့ တရားစွဲခဲ့ပေမယ့် လှည်းကူးတရားရုံးက ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့သည့်အပေါ်မကျေနပ်လို့ တရားစွဲသူ အမျိုးသမီးက ဒီနေ့ရန်ကုန်မြို့က City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တစ်လင်တစ်မယားဥပဒေပုဒ်မ (၁၃) နဲ့ တရားလို ဒေါ်မြင့်မြင့်ဝင်းက သူ့အမျိုးသား ဗိုလ်မှူးအငြိမ်းစား ဦးမောင်မောင်လတ်ကို နိုဝင်ဘာ ၂၆ ရက်က လှည်းကူးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
ဒီနောက် တရားရုံးချိန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ ခေါ်ခဲ့ကာ ဒေါ်မြင့်မြင့်ဝင်းမတက်ရောက်နိုင်ခဲ့တဲ့ အဲဒီတရားခွင်မှာ တရားသူကြီးရဲ့ဆင်ခြင်တုံ့တရားကို အသုံးပြုလို့ တရားပြိုင်ကို အာမခံပေးခဲ့တာလို့ ဒေါ်မြင့်မြင့်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောတယ်။
” အမှန်တရားက ငွေကြေးအရှိန်အဝါ၊ ရာထူးအရှိန်အဝါ ဖိအားတွေအောက်မှာ တကယ်ပျောက်ကွယ်သွားပြီလား ” လို့ ဒေါ်မြင့်မြင့်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်။
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၄ အရ မကျန်းမာတာ၊ အမျိုးသမီးဖြစ်တာ၊ ကလေးသူငယ်ဖြစ်တာတို့ဆိုရင် အာမခံပေးလို့ မရတဲ့ ပုဒ်မဖြစ်တဲ့တိုင်အောင် တရားသူကြီးက ဆင်ခြင်တုံတရားအကြောင်းပြု အာမခံလို့ ရတယ်လို့ ဖော်ပြထားပေမယ့် ဦးမောင်မောင်လတ်ဟာ ကျန်းမာရေးလည်းကောင်းပြီး ဆေးသောက်စရာတောင်မလိုတဲ့ ကျန်းမာနေသူကို အာမခံပေးခဲ့တယ်လို့ ဒေါ်မြင့်မြင့်ဝင်းက ပြောတယ်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၃) ဟာ အမြင့်ဆုံးပြစ်ဒဏ်ထောင်ခုနှစ်အထိ ချမှတ်နိုင်သလို ဒီဥပဒေကို မျိုးစောင့်ဥပဒေလို့လူသိများကာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တာပါ။
ဓါတ်ပုံ-တွယ်တာလှိုင်၊
#dailynews