အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၁၈ (မော်ကွန်း)
နိုင်ငံအတွင်း မြို့နယ်အလိုက် COVID – 19 ရောဂါပိုး ကူးစက်ခံရမှုနှုန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က အများဆုံးဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်ထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြသည်။
ဝန်ကြီးဌာနက ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်ပြီး ပထမဆုံး ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀၊ မတ် ၂၃ မှ ယခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ ရောဂါကူးစက်ခံရသူ ပေါင်း ၁၃၃,၈၆၉ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၉ မြို့နယ်သာ ပိုးကူးစက်ခံရသည့်လူနာမရှိသေးကြောင်း ဖော်ပြသည်။
မင်္ဂလာဒုံမြို့နယ်သည် ပိုးကူးစက်ခံရသည့်လူနာ ၆,၀၂၄ ဦးဖြင့် လတ်တလောတွင် အမြင့်ဆုံး ဖြစ်နေပြီး ထိုမြို့နယ်နောက်တွင် ဒုတိယနှင့်တတိယ ပိုးကူးစက်ခံရမှုအများဆုံး မြို့နယ်များအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ၃,၂၀၇ ဦး နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂,၆၇၆ ဦး တို့ ရှိနေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရောဂါကူးစက်ခံရမှုအမြင့်ဆုံးဖြစ်သည့် မင်္ဂလာဒုံမြို့နယ်တွင် ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့်ပတ်သက်သည့် အခြေအနေများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းဝင်းမာအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရပါ။
ဇန်နဝါရီ ၁၇ ရက်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ ရောဂါကူးစက်ခံရသူ ၁၃၄,၃၁၈ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၇,၆၆၃ ဦးနှင့် သေဆုံးသူ ၂,၉၅၅ ဦး ရှိသည်။
#Dailynews

