စစ်ကိုင်း – ၂၀၂၃ ဇွန် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုက သိမ်တော်ရွာနဲ့ ရွှေအင်းလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ အကြောင်းမဲ့ရှို့တာဗျ။ ဒီနေ့မနက် ရှစ်နာရီကျော် ကိုးနာရီလောက်မှာ မီးခိုးတွေစမြင်ရတယ်၊ အစက မီးခိုးလုံးကတစ်ခုတည်းမြင်တာ၊ နောက်ပိုင်းကျတော့ နှစ်နေရာခွဲရှို့တာတွေ့ရတယ်။ တိုက်ပွဲဖြစ်တာလည်း မကြားရဘူးဗျ။ ဘူဒိုဇာတွေနဲ့ထိုး မီးတွေရှို့လာတာတွေလုပ်လာတော့ အခုချိန်ထိ နေရပ်ပြန်ဖို့အဆင်မပြေဘူး။ တချို့ကျတော့လည်း ပြန်စရာနေရာကိုမရှိတော့ဘူးပေါ့ဗျာ” လို့ ၎င်းကပြောပါတယ်။
လက်ရှိအချိန်အထိတော့ စစ်ကောင်စီတပ်တွေရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ဆိုပါတယ်။
အခုလ ၉ ရက်က ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်စီးပြီးကတည်းက စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို မီးရှို့နေတာဖြစ်ပြီး အိမ်ခြေရာကျော်ပျက်စီးဆုံးရှုံးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိညောင်ပင်ကြီးကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် သုံးထောင်ကျော်ရှိလာပြီး စစ်ရှောင်ရတာကြာလာတာနဲ့အမျှ စားဝတ်နေရေးကြပ်တည်းပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ မီးရှို့တာခံရတဲ့ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာများ
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
#Dailynews

