ရန်ကုန် – ၂၀၂၃ ဇွန် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အခုလ ၉ ရက်ကစီးနင်းခဲ့ပြီးနောက် အနီးက ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို စစ်ကောင်စီတပ်တွေ အကြိမ် ၂၀ ကျော်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်သုံးရာဝန်းကျင် ပျက်စီးသွားတယ်လို့ စစ်ဘေးရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“ညောင်ပင်ကြီးကျေးရွာအုပ်စုက ကျေးရွာရွာခုနစ်ရွာမီးရှို့ခံရတယ်။ ကွက်ကြားရှို့တာဆိုတော့ အိမ်ခြေက နှစ်ရာနဲ့သုံးရာကြားပဲ ခန့်မှန်းလို့ရတာဗျ။ အတိအကျတော့ ပြောမရဘူး။ (မီးရှို့တာ) အကြိမ် နှစ်ဆယ်ကျော်ပြီဗျ။ ဒေသခံသုံးထောင်ကျော်ထွက်ပြေးနေရတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို စီးနင်းမီးရှို့စဉ် လေးဦးအသတ်ခံရကာ ခုနစ်ဦးဖမ်းဆီးခံထားရပြီး တစ်ယောက်သာပြန်လွတ်လာသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကိုတော့ ဘယ်မှာထိန်းသိမ်းထားမှန်း မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တဲ့အပြင် စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့တာဝန်ခံကပြောပါတယ်။
“စစ်ရှောင်တွေကတော့ စားရေးသောက်ရေးအတွက် အခက်အခဲတွေဖြစ်တာပေါ့ဗျာ။ ရက်ရှည်လာတဲ့အတွက်ပေါ့။ ပြီးတော့ပြန်ကပ်ဖို့ကလည်း သူတို့(စစ်ကောင်စီတပ်တွေ)က တပ်စွဲထားတော့ ပြန်ကပ်လို့မရဘူး။ စားရေးသောက်ရေးအခက်အခဲဖြစ်တာပေါ့။ သူတို့က(စစ်ရှောင်တွေက)နီးစပ်ရာဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေထဲမှာ ရှောင်နေရတာပေါ့။ တစ်ကျောင်းကို အနည်းဆုံး ငါးရာ၊ သုံးရာရှောင်နေရတာ” လို့သူကပြောပါတယ်။
ညောင်ပင်ကြီးရဲစခန်းကို အခုလ ၉ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်စီးနင်းစဉ် စစ်ကောင်စီတပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ မေ ၃၁ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်းခုနစ်သောင်းကျော် ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းက နေအိမ်ပေါင်းငါးသောင်းကျော်နဲ့ အများဆုံးဖျက်ဆီးခံထားရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာများ
Photo- အညာပစ်တိုင်းထောင်လေးများ
#Dailynews

