အထက်အညာဒေသ ချင်းတွင်းမြစ်ရိုးကဒီရွာလေးမှာ မင်းကြီးစွာစောကဲကို မွေးဖွားခဲ့တယ်။ ဒီရွာလေးမှာ မင်းလက်ဝါးကို မွေးဖွားသန့်စင်ခဲ့တယ်။ ဒီရွာလေးမှာပဲ သခင်လေးမောင်ကို မွေးဖွားခဲ့တယ်။ ဦးတက်ထွဋ် (ဘိလပ်ပညာသင်)၊ အိုးဝေဦးညိုမြ၊ အရီးတောင်းဦးကျော်သိန်း(အရီးတောင်းလက်ဖက်)တို့ရဲ့ ဇာတိလည်း ဖြစ်တယ်။ မော်ဒန်စာပေရဲ့ တပ်ဦးခေါင်းဆောင်ဆရာဇော်ဇော်အောင်ရဲ့ ဇာတိဆိုလည်းမမှားဘူး။လက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ရဲ့မိခင်၊ ကဗျာဆရာကြီးမင်းသုဝဏ်ရဲ့ဇနီးဒေါ်ကြည် (B.A) ရဲ့ မွေးရပ်မြေလည်း ဖြစ်တယ်။
ချင်းတွင်းမြစ်ရိုးနံဘေး၊ မ္တနလေး-မုံရွာကားလမ်းမကြီးအနီးက ရှေးရွာကြီးက ပညာတတ်လူကုံထံတွေ ပေါများလှတယ်။သာသနိက အဆောက်အအုံတွေကလည်း အများကြီး။ ရွှေရောင်ဝင်းဝင်း စေတီပုထိုးတွေ ပြိုကျနေတဲ့ ဘုရားငုတ်တိုတွေလည်းပေါများလှတယ်။ မြစ်နီးချောင်းနီး ရေဝင်ရပ်ဖြစ်လို့ နုန်းတင်မြေနုပေါပြီး စိုက်ပျိုးရေးဖြစ်ထွန်းတယ်။ မြန်မာစကားမှာ ‘မြေဆူလူဖျင်း’ဆိုတဲ့ စကားရှိတယ်။ မြေဆီသြဇာ ကောင်းမွန်ပြီး စိုက်ပျိုးထွန်ရက်သမျှ ဖြစ်ထွန်းတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီအရပ်၊ ဒီဒေသက မြေဆူသော်လည်း လူမဖျင်းကြပါ။ မဖျင်းတဲ့အပြင် လူကျော်လူတော်တွေ အထူးအထွက်တိုးတဲ့ ဒေသလည်းဖြစ်တယ်။ ပတိရူပဒေသဝါသောစဆိုတဲ့ မင်္ဂလာတရားတော်နဲ့ပြည့်စုံကောင်းမွန်တဲ့ အရပ်လည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်ထဲမှာရှိတဲ့ ‘အမြင့်’ ဆိုတဲ့ ရှေးမြို့ဟောင်းဒေသ ဖြစ်ပါတယ်။ အမြင့်မြို့ဟောင်းက မုံရွာမြို့မှ ၁၃ မိုင်၊ ချောင်းဦးမြို့မှ ၇ မိုင် ၈ ဖာလုံအကွာချင်းတွင်းမြစ်ရိုးမှာ တည်ရှိတယ်။ ပဒေသရာဇ်ခေတ်က မြို့စားထားရတဲ့ မြို့ ဖြစ်ခဲ့ပေမယ့် အခုတော့ တိုက်နယ်အဆင့် ရွာကြီးတစ်ရွာ ဖြစ်နေတယ်။ ဒီလို တောခေါင်ခေါင်အရပ်က တိုင်းကျော်ပြည်ကျော်တွေ ဘယ်လိုများ မွေးထုတ်ခဲ့ပါလိမ့်။ ဘယ်လိုစေ့ဆော်မှုတွေက ဒီနယ်က လူတွေကို ဟိုးဟိုးကျော်စေခဲ့တာလဲ။ပဒေသရာဇ်ခေတ်မှာ ထင်ရှားတဲ့မြို့ဖြစ်ခဲ့ပြီးပါမှ ဘာကြောင့်ကြီးတစ်ရွာအဖြစ် လျှောကျသွားရတာလဲ စတဲ့ မေးခွန်းတွေရဲ့အဖြေကို သိရဖို့ အမြင့်မြို့ဟောင်းကို ရောက်အောင် သွားခဲ့တယ်။
ညိုမြတို့ရွာစာကြည့်တိုက် Photo- Than Naing Oo
မုံရွာ-မ္တနလေး ကားလမ်းမကြီး နံဘေးမှာ ရှိတဲ့ ချောင်းဦးအထကနဲ့ ကပ်လျက်မှာ အမြင့်မြို့ဟောင်းကို သွားတဲ့ လမ်းရှိပါတယ်။ ချောင်းဦးမြို့က မ္တနလေးမြို့ရဲ့ အနောက်မြောက်ဘက် မိုင်၈ဝ လောက်အကွာမှာ ရှိပါတယ်။ ချောင်းဦးအထကရဲ့ နံဘေးကလမ်းအတိုင်း ရှစ်မိုင်လောက် ဝင်သွားရင် အမြင့်မြို့ဟောင်းကိုရောက်မှာပါ။ လမ်းခရီးတစ်လျှောက်မှာ ကင်းမွန်တော်၊ ကုလားကြီး၊ ကန်စည်း၊ ကုန်းသာစတဲ့ အညာရွာတွေကို ဖြတ်လာရမှာဖြစ်ပါတယ်။ ရွာတွေ တစ်ရွာနဲ့ တစ်ရွာ ဆက်သွယ်ထားတဲ့ လမ်းဖြစ်လို့ တစ်ဖြောင့်တည်းမဟုတ်ဘဲ မြွေလိမ်မြွေကောက်သဖွယ်ကောက်ကွေ့နေတယ်။ အမြင့်မြို့ဟောင်းကို သွားတဲ့ လမ်းကကျဉ်းပေမယ့် ကတ္တရာလမ်း ဖြစ်ပါတယ်။ မြစ်နီးချောင်းနီးအောက်တောအရပ်ဒေသဖြစ်လို့ ချင်းတွင်းမြစ်ထဲကို စီးဝင်တဲ့ ချောင်းရိုးလေးတွေကို ဖြတ်ကျော်ဆောက်လုပ်ထားတဲ့ ချောင်းကူးတံတားလေးတွေကို ဖြတ်သွားရမှပါ။
မြစ်ရေဝင်တဲ့ အရပ်ဖြစ်လို့ အိမ်တွေကို ခြေတံရှည်ဆောက်ထားကြတယ်။ ဒီနှစ် မိုးလေဝသမှန်လို့ လယ်ခင်းယာခင်းတွေစိမ်းစိုနေတယ်။ အမြင့်သွားတဲ့ လမ်းတစ်လျှောက်မှာ ရှားပင်၊ထနောင်းပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်ကြီးတွေက အုပ်မိုးထားတယ်။ စိမ်းညို့နေတဲ့ ထန်းတောကြီးတွေလည်း တွေ့ရပါတယ်။အပူပိုင်းဒေသဖြစ်လို့ ရွာထိပ် သစ်ပင်ကြီးတွေအောက်မှာ ရေချမ်းစင်လေးတွေ တည်ထားကြတယ်။ လမ်းခရီးတစ်လျှောက်မှာတရုတ်ဆိုင်ကယ်တွေ၊ လိုက်ထရပ်ကားတွေ၊ ခွေးဘီလူးကားလေးတွေ ဥဒဟို ဖြတ်သန်းနေကြတယ်။ အမြင့်ရွာထိပ်ရောက်တော့အင်္ဂတေနဲ့ လုပ်ထားတဲ့ အမြင့်ရွာဆိုင်းဘုတ်ကို တွေ့ရတယ်။
အမြင့်ရွာထဲ ဝင်ဝင်ချင်းမှာပဲ ရှေးဟောင်းစေတီပျက်ကြီးတစ်ဆူကို ဖူးတွေ့ရတယ်။ ဉာဏ်တော် ပေ ၄ဝ ဝန်းကျင်မြင့်တဲ့စေတီတော်ကြီးက လမ်းရဲ့ ဘယ်ဘက်က ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ရှိနေတယ်။ အဲဒီစေတီတော်ကြီးနဲ့ ဓားလွယ်ခုတ် ရွာလမ်းမ ညာဘက်ဘေးမှာ ရှေးဟောင်းစေတီတွေ တစုတဝေးထဲဖူးတွေ့ရပြန်တယ်။ စေတီတော် အပျက်အစီးတွေကြားမှာ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတစ်ဆူလည်း ရှိပါတယ်။ ရွာလယ်လမ်းအတိုင်း ရှေ့ဆက်သွားရင် အမြင့်ရွာလမ်းဆုံကို ရောက်ရှိမှာပါ။ရွာလမ်းဆုံမှာ ချောင်းဦးစည်ပင်က ဈေးဖွင့်ပေးထားတယ်။အဝတ်အစားဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဆိုင်ကယ်ပစ္စည်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စိုက်ပျိုးရေးသုံးပစ္စည်းဆိုင် စတဲ့ ဆိုင်တွေက အစီအရီပါပဲ။
လမ်းဆုံက ဘယ်ဘက်ကို ချိုးဝင်ရင် အမြင့်တိုက်နယ်ဆေးရုံကို ရောက်မှာပါ။ ညာဘက်ချိုးဝင်ရင် ညိုမြတို့ရွာ စာကြည့်တိုက်ကို ရောက်မှာဖြစ်တယ်။ အမြင့်က ရွာကြီးတစ်ရွာဆိုပေမယ့် ဘုန်းတော်ကြီးကျောင်းတွေ၊ တိုက်နယ်ဆေးရုံ၊ မူလတန်းလွန်ကျောင်း၊ရဲစခန်း၊ ဈေး၊ အထက်တန်းကျောင်း၊ မီးသတ်စခန်း၊ ကိုယ်ပိုင်ဆေးခန်း၊ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ တယ်လီဖုန်းပြုပြင်ရေး၊ ဆိုင်ကယ်ဝပ်ရှော့၊ အလှပြင်ဆိုင်၊ တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တွေ ရှိလို့ ဖွံ့ဖြိုးတဲ့ ရွာလို့ ဆိုနိုင်တယ်။ အမြင့်မှာ နိုင်ငံရေးပါတီတွေနဲ့ လူမှုကူညီရေးအသင်းလည်း ရှိပါတယ်။ မေတ္တာရှင်လူမှုကူညီရေးအသင်းကို လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်က တည်ထောင်ခဲ့ပြီး အမြင့်ရွာသူရွာသားတွေရဲ့ လူမှုရေးကိစ္စအဝဝကိုဆောင်ရွက်ပေးနေပါတယ်။ အမြင့်ဟာ ရှေးမြန်မာမြို့ဟောင်းဖြစ်တာနဲ့အညီ ရွာတည်ထားပုံက စနစ်ကျတယ်။ လမ်းတွေက ညီညာဖြောင့်တန်းနေတယ်။ ညိုမြတို့ရွာ စာကြည့်တိုက်အနီးမှာထရန်စဖော်မာကြီး ရှိပြီး ၇.၇.၂ဝ၁၄ ခုနှစ်မှာဆောက်လုပ်ခဲ့တာလို့ မှတ်တမ်းရေးထိုးထားပါတယ်။ ညိုမြတို့ရွာ စာကြည့်တိုက်မှူးဦးညိုသောင်းက ”လျှပ်စစ်မီးရတာက ခုနစ်သုံးလုံးပဲဗျ။ မှတ်ရလွယ်တာပေါ့”လို့ သူ့ရွာ အမြင့် မီးလင်းပုံကို ပြောပြတယ်။
ချောင်းဦးမြို့နယ် အမြင့်ဈေး Photo- Than Naing Oo
အညာရွာကြီးတစ်ရွာမှာ စာကြည့်တိုက်ကြီးရှိနေတာ ဂုဏ်ယူစရာကောင်းတယ်။ စာကြည့်တိုက်က အုတ်ကာသွပ်မိုးတစ်ထပ် အဆောက်အအုံပါ။ စာကြည့်တိုက်ရှေ့မှာ အမြင့်ရွာသား သုံးယောက်ဖြစ်တဲ့ အိုးဝေဦးညိုမြ၊ သခင်လေးမောင်၊ အရီးတောင်းဦးကျော်သိန်းတို့ရဲ့ ကိုယ်တစ်ပိုင်းပုံ ကြေးရုပ်တွေ စိုက်ထူထားတယ်။ ၂ဝ၁၄ ဧပြီ ၂၄ ရက်က အိုးဝေဦးညိုမြ နှစ် ၁ဝဝ ပြည့်တဲ့နေ့အမှတ်တရအဖြစ် အမြင့်ရွာသားသုံးယောက်ရဲ့ ကြေးရုပ်တွေစိုက်ထူခဲ့ကြတာပါ။ ညိုမြတို့ရွာ စာကြည့်တိုက် ဖြစ်မြောက်ဖို့ မ္တနလေးက လူထုဒေါ်အမာရဲ့ စီစဉ်ပေးမှုနဲ့ ၁၉၉၈ ဒီဇင်ဘာ ၁၃ရက်မှာ ဖွင့်လှစ်ခဲ့ကြတာပါ။ စာကြည့်တိုက်ဖွင့်ပွဲလာကြတဲ့ ဆရာနေဝင်းမြင၊့် ဆရာကျော်ရင်မြင့်၊ ဆရာညီပုလေး၊ ဆရာဆူးငှက်တို့ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကို စာကြည့်တိုက်ထဲမှာ ပြသထားတယ်။စာကြည့်တိုက် တည်ထောင်ပြီး နှစ် ၂ဝ နီးပါးအတွင်း စာပေဟောပြောပွဲတွေ ၁ဝ ကြိမ်ထက်မနည်း လုပ်ဆောင်ပေးခဲ့တယ်။
ညိုမြတို့ရွာ စာကြည့်တိုက်ရယ်လို့ အမည်မတွင်ခင်က နန်းမြင့်အမည်နဲ့လည်း စာကြည့်တိုက် ဖွင့်လှစ်ခဲ့ဖူးတယ်။ အလင်းရောင်စာကြည့်တိုက်၊ ရတနာပျိုးခင်းစာကြည့်တိုက် စတဲ့ နာမည်တွေနဲ့လည်း အမြင့်မှာ စာကြည့်တိုက်တွေ ရှိခဲ့ဖူးတယ်။ အခု ညိုမြတို့ရွာ စာကြည့်တိုက်ဗီရိုထဲမှာ အရင်စာကြည့်တိုက်တွေကစာအုပ်တွေပါ စုဆောင်းထားရှိပါတယ်။ စာကြည့်တိုက်မှူး ဦးညိုသောင်းက ”စာအုပ်ပုံမှန် အလှူရှင်တွေလည်း ရှိတယ်။ လက်ရှိမှာလည်း စာအုပ် ၄,ဝဝဝ ဝန်းကျင်လောက် ရှိတယ်။ နေ့စဉ် ပုံမှန်စာလာဖတ်သူက ၁ဝ ဦးထက် မပိုဘူး။ တချို့ရက်တွေဆို လေး၊ငါးယောက်ပဲ လာတယ်”လို့ သူ့စာကြည့်တိုက် အခြေအနေကိုပြောပြတယ်။
အမြင့်က လူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းက မိရိုးဖလာ တောင်သူလုပ်ငန်းနဲ့ နှီးဖျာရက်လုပ်ရောင်းချတာပါ။ နှီးဖျာရက်လုပ်ပြီး တောင်း၊ ခမောက်၊ ဖျာ စတဲ့ လက်မှုလုပ်ငန်းထွန်းကားပြီး အနီးဝန်းကျင် မြို့ ရွာတွေမှာ ရောင်းချကြပါတယ်။အမြင့်က ဘွဲ့ရလူငယ်တွေ ကုမ္ပဏီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြတာ ရှိပါတယ်။ အညာရွာတွေ ထုံးစံအတိုင်း မလေးရှားနဲ့ ကိုရီးယားမှာသွားရောက်လုပ်ကိုင်နေကြသူတွေလည်းမနည်းလှဘူးလို့ အမြင့်ရွာခံက ပြောတယ်။
အမြင့်ဝန်းကျင်ဒေသက ရှေးမြန်မာကြီးတွေ အခြေစိုက်နေထိုင်ခဲ့ကြတာပါ။ အမြင့်မှာ ရှေးခံတပ်မြို့ ဖြစ်တာနဲ့အညီ ကျုံး၊မြို့ရိုးဟောင်းတွေ အခုတိုင် တွေ့မြင်နိုင်ပါသေးတယ်။ ခေတ်အဆက်ဆက် စိုက်ထူခဲ့တဲ့ ကျောက်စာတွေလည်း အမြင့်မှာ ရှိတယ်။ နန်းတော်ရာကုန်းမှာ တိုင်အဟောင်းအမြင်းတွေသာ ရှိတော့တယ်။ ရှေးခေတ် စေတီအပျက်အစီးတွေကို ရှေးဟောင်းသုတေသနက နံပါတ်ရေးထိုးပြီး မှတ်တမ်းတင်ထားပါတယ်။အမြင့်ရွာအနီးမှာ ရှိတဲ့ တောကျောင်းလေးရွာက ပျူတွေ တည်ခဲ့တ့ ဲရွာဖြစ်ပြးီ တစခ်ါတစ်ရ ံပျူခေတ်လက်ရာ ရှေးဟောင်းပစ္စည်းတွေ ရလေ့ရှိပါတယ်။ အမြင့်ရွာနဲ့ ငါးမိုင်အကွာမှာ အနိမ့်ရွာဆိုတာရှိပြီး အဲဒီအနိမ့်ရွာကလည်း ရှေးဟောင်းရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ညိုမြတို့ရွာ စာကြည့်တိုက်နဲ့ လမ်းခြားပြီး ပန်းတိမ်ကုန်းစေတီ ရှိပါတယ်။ ပန်းတိမ်ကုန်းစေတီရဲ့ အပြင်ဘက်မှာ လူတစ်ရပ်ကျော်မြင့်တဲ့ ငုဝါပင်ပျိုတစ်ပင် ရှိတယ်။ ငုဝါပင်လေးရဲ့ ဘေးမှာတစ်တောင်သာသာ ကျောက်စာတိုင်လေး စိုက်ထူထားပါတယ်။ကျောက်စာမှာ ၁၉.၆.၂ဝဝ၈ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အမြင့်တိုက်နယ်)စိုက်ပျိုးသည်လို့ ရေးထားပါတယ်။ သစ်ပင်ကို ၂ဝဝ၈ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့ပေမယ့် ကျောက်စာတိုင်ကိုတော့ ၂ဝ၁၆ ခုနှစ်မှသာ စိုက်ထူခွင့် ရခဲ့ပါသတဲ့။
အမြင့်ရွာလမ်း Photo- Than Naing Oo
အမြင့်ဒေသခံတွေ နယ်ပယ်အသီးသီးမှာ ထွန်းပေါက်ကြတယ်။ အိုးဝေဦးညိုမြ (၁ဝ ဧပြီ ၁၉၁၄-၂၉ စက်တင်ဘာ ၁၉၈၅)က မြန်မာသတင်းစာဆရာလောကမှာ အမေရိကန်ပြည်ထောင်စုချီကာဂိုတက္ကသိုလ်က အစောဆုံးသတင်းစာပညာ မဟာသိပ္ပံဘွဲ့ M.Sc (Journalism) ရခဲ့သူဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်း(၁၉၃၈)မှာ ဥရောပကို ပညာတော်သင်သွားရာက စစ်ရိပ်စစ်ငွေ့တွေ သန်းလာတာကြောင့် အမေရိကားအထိ စွန့်စွန့်စားစားသွားရောက်ပညာသင်ကြားခဲ့တာ ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက အိုးဝေဂျာနယ်မှာ သူ့ရဲ့ A Hell Hound At Large (ငရဲခွေးကြီး လွတ်နေသည်) ဆောင်းပါးနဲ့ဂျာနယ်လစ်အရည်အချင်းကို ပြသခဲ့ပြီး ဖြစ်တယ်။ အဲဒီဆောင်းပါးကြောင့်ပဲ ၁၉၃၆ ရန်ကုန်တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်ခဲ့ရတော့တာပါပဲ။
အိုးဝေဦးညိုမြက အမေရိကန်တက္ကသိုလ်ဆင်းပီပီ လစ်ဘရယ်အမြင်ရှိသူ ဖြစ်တယ်။ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာအင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊အိန္ဒိယ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ ၁၉၅၅ ခုနှစ်မှာမြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ၊၁၉၆ဝ ခုနှစ်မှာ မုံရွာမြို့နယ် ပါလီမန်လွှတ်တော်အမတ်။ (၅ ဒီဇင်ဘာ ၁၉၄၆ အိုးဝေသတင်းစာ စတင်ထုတ်ဝေခဲ့ပြီး ၁၈ မတ်၁၉၆၅ မှာ အိုးဝေသတင်းစာ ရပ်နားခဲ့ရတယ်။) ၁၉၇၄ ခုနှစ်မှာအိုးဝေဂျာနယ်ကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက အက်တီဗစ် (တက်ကြွလှုပ်ရှားသူ) နဲ့ သတင်းစာဆရာ မကွဲပြားတဲ့အချိန်မှာ သူ့သတင်းစာက သတင်းစာပညာဆိုတဲ့ ပေတံနဲ့စံကိုက်ပြီး သတင်းတွေ၊ သတင်း ဆောင်း ပါးတေ၊ွ သတင်း သးုံ သပ်ချက်တွေ ထည့်သွင်းဖော်ပြခဲ့တယ်။ အဲဒီခေတ်က သတင်းစာလောကမှာ လက်ဝဲသမားတွေ ကြီးစိုးနေချိန်ဖြစ်ပြီး ဦးညိုမြရဲ့လုပ်ဆောင်ချက်တွေက အတော်စွန့်စားရတဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ တော်လှန်ရေးရေစီးမှာ ရေသာခိုပြီး လိုက်ခဲ့ရင် ပရိသတ်လက်ခုပ်သံ ချူနိုင်မှန်း သိရဲ့သားနဲ့ သူယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း လုပ်ခဲ့တယ်။ ဒဂုန်တာရာက ညိုမြ သို့မဟုတ် မတုန်မလှုပ်ကျောက်ရုပ်လို့ ရေးရလောက်အောင် သူ့ဟန်ပန်အမူအရာကဆေးဆေးလှပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်တော့ အောင်ဆန်းနတ်ဆိုတာ ရှိရမယ်လို့ လုပ်ပြန်တယ်။ နတ်ရယ်လို့ ဖြစ်လာရင် တစ်နှစ်တစ်ခါ မဖြစ်မနေ ပူဇော်ပသရတဲ့ မြန်မာတွေရဲ့ လူမှုဓလေ့ကိုဦးညိုမြက အသုံးချချင်တယ်။ မြန်မာတွေရဲ့ အကြောက်တရားနဲ့ကိုးကွယ်ယုံကြည်မှုကို ပေါင်းစပ်ပြီး အောင်ဆန်းကို လူတွေ မမေ့မလျော့အောင် ကြံစည်အားထုတ်သေးတယ်။ သမိုင်းသုတေသီမဟုတ်ပါဘဲ ကုန်းဘောင်ရှာပုံတော်လို စာအုပ်မျိုး ရေးပြီး စာပေရေးရာမှာ ခေသူမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ အမရပူရ တောင်သမန်အင်းအနီးက တောင်လေးလုံးကျောင်းမှာလူထုဒေါ်အမာက ရန်ကုန်တက္ကသိုလ် ကျောင်းနေဖက် သူငယ်ချင်း ညိုမြအမှတ်တရပွဲကို တောင်လေးလုံးမှာ ကျင်းပပေးပြီးအမှတ်တရသစ်ပင်နဲ့ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ပါသေးတယ်။
အမြင့်ကျေးရွာရှိ အမျိုးသမီးရေးရာရုံး Photo- Than Naing Oo
အမြင့်ရွာ သောတာပန်ရပ်မှာ အိုးဝေဦးညိုမြရဲ့ (တူမ)ဦးအောင်မြိုင်၊ ဒေါ်ခင်သန်းမြင့်တို့မိသားစု နေထိုင်ကြတယ်။ဦးအောင်မြိုင်ကို ဦးညိုမြရဲ့ များပြားလှတဲ့ အရည်အချင်းတွေထဲက ဘယ်အရည်အချင်းကို အကြိုက်ဆုံးလဲလို့ မေးခွန်းထုတ်တယ်။ဦးအောင်မြိုင်က ”သူက နိုင်ငံခြားက ဘွဲ့လွန်ယူလာတယ်။သတင်းစာဆရာ၊ စာရေးဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာ၊ နိုင်ငံရေးသမား အကုန်လုပ်ခဲ့တယ်။ ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ကျွန်တော်ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါတော့ အိုးဝေဂျာနယ်ထုတ်ခဲ့တာကို ဂုဏ်ယူတယ်”လို့ ရိုးရိုးရှင်းရှင်းပြောတယ်။
အညာဒေသ မုံရွာ-ချောင်းဦးဒေသ ရောက်တဲ့အခါ ရှေးမြို့ဟောင်းအမြင့်ဒေသကို အရောက်လှမ်းခဲ့ကြပါ။ ရှေးဟောင်းစေတီပုထိုးတွေ၊ သာသနိက အဆောက်အအုံတွေ ဖူးမြော်ရင်းအညာမုန့်ပဲသရေစာတွေ သုံးဆောင်ရအောင် အရောက်လှမ်းခဲ့ကြစေလိုပါတယ်။ ။
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။