ဟေမာန်ပြည့်
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၉
ညအချိန်အရှိန်မြှင့်မောင်းနှင်သည့် ပြိုင်ကားများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။
ပြိုင်ကားများ အရှိန်မြင့်ဆူညံစွာမောင်းနှင်မှုကြောင့် ပြည်သူများ အထိတ်တလန့်စိတ်အနှောင့်အယှက်ဖြစ်နေရပြီး လမ်းအသုံးပြုသူများလည်း အသက်အန္တရာယ်ရှိသည့်အတွက် ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မရမ်းကုန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကမေးမြန်းသည့်အပေါ်ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စည်းကမ်းမဲ့မောင်းနှင်သည့်ပြိုင်ကားများအား ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးရှာဖွေခြင်းများပြုလုပ်ပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်နေသော်လည်း ထိရောက်သည့်ဒဏ်ငွေများချမှတ်ခြင်း၊ လူလိုင်စင်၊ ယာဉ်လိုင်စင်များ ပိတ်သိမ်းသည်အထိအရေးယူဆောင်ရွက်နိုင်ရန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။
ညအချိန်ဆူညံစွာအရှိန်မြှင့်မောင်းနှင်သည့်အတွက် ၂၀၁၆ တွင် ရှစ်စီး၊ ၂၀၁၇ တွင် တစ်စီး၊ ၂၀၁၈ တွင် နှစ်စီးအား ၂၀၁၅ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူထားသည်ဟုဆိုသည်။
အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ်ကို သတ်မှတ်အမြန်နှုန်းထက်ပိုပြီးမောင်းနှင်လျှင်သော်လည်းကောင်း၊ သတ်မှတ်အမြန်နှုန်းအောက် လျှော့ပြီးမောင်းနှင်လျှင်သော်လည်းကောင်း ထောင်ဒဏ် တစ်လဖြစ်စေ၊ ကျပ်ငါးသောင်း ထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင် ပြဌာန်းထားသည်။
#mawkun #magazine #chronicle #dailynews