ဂေထော
ရန်ကုန်၊ မတ် ၂၆ ၊ ၂၀၂၀ (မော်ကွန်း)
Covid 19 ရောဂါကာကွယ်ရေးအတွက်အသုံးပြုသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ဈေးတင်ရောင်းချနေကြောင်း ငါးဦးထက်မနည်း တိုင်ကြားလာသည်ဟု မြန်မာနိုင်ငံစာသုံးသူကာကွယ်ရေးအသင်းကပြောသည်။
မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်တွင် Covid 19 ရောဂါပိုး အတည်ပြုလူနာစတင်တွေ့ရှိခဲ့သည့်အချိန်မှစပြီး စားသုံးသူများ၏စိုးရိမ်မှုကို အခွင့်ကောင်းယူကာ ပုံမှန် ကျပ် ၅၀၀ ဝန်းကျင်သာရှိသည့် အရက်ပျံတစ်ပုလင်းကို ၃,၅၀၀ ကျပ်ထိဈေးတင်ခြင်း၊ ၊ Hand Gel အလတ်တစ်ဗူးကို ပုံမှန်ဈေးထက် ငါးဆဈေးတင်ရောင်းခြင်း အစရှိသည့် ဝိသမလောဘရောင်းချနေမှုများကို တိုင်ကြားကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဌ ဦးဗအုပ်ခိုင်က ဆိုသည်။
“စားသုံးသူတွေကို ပွဲလန့်တုန်းဖျာခင်းတာမျိုးတွေ လုပ်တာကတော့ စားသုံးသူအခွင့်အရေးကို ချိုးဖောက်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
ထိုကြောင့် လက်လီလက်ကားရောင်းချနေသော ဈေးဆိုင်များအနေဖြင့် ပုံမှန်ဈေးနှုန်းအတိုင်း စားသုံးသူများကို စေတနာထားရောင်းချရန် စားသုံးသူပြည်သူများကိုယ်စား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ အလေးအနက်တိုက်တွန်းပါကြောင်း ယနေ့တွင် သတိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
လိုက်နာမှုမရှိသည့် ဈေးဆိုင်များကို စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၇၂ အရ ထောင်ဒဏ် တစ်နှစ် ဖြစ်စေ၊ ဒဏ်ငွေ သိန်းတစ်ရာဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ကျခံနိုင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိုနှိုင်း၍ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“အရေးယူမယ်ဆိုရင်တော့ ဘောက်ချာလိုတာပေါ့။ ဝယ်ထားတဲ့ ဘောက်ချာမပါတဲ့အခါကျတော့ တစ်ဖက်က ငြင်းလို့ရှိရင် တရားစွဲဆိုဖို့ခက်ပါတယ်၊ ဘယ်ဆိုင်က ဝယ်တယ်၊ ဘယ်ဈေးနှုန်းနဲ့ ဝယ်တယ်ဆိုတာကတော့ စားသုံးသူတွေဘက်က လက်ခံပြေစာတောင်းဖို့လိုပါတယ်”ဟု ဦးဗအုပ်ခိုင်က ပြောသည်။
#Dailynews