ရန်ကုန်- ၂၀၂၃ ဇွန် ၅ (မော်ကွန်း)
အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံတဲ့ကာလကို ဇွန်လကုန်အထိ တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနဆီကထုတ်ပြန်ပါတယ်။
ယခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံမှုကာလကို မေလ ၂၃ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားတာပါ။
အဲဒီကာလအတွင်း ကျောင်းအပ်ဖို့ နောက်ကျနေသူတွေကို လာမယ့် ဇွန်လ ၃၀ ရင်ထိ လက်ခံပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
” ဒီနှစ်က မနှစ်ထက်စာရင်တော့ ကျောင်းအပ်တဲ့ ရာခိုင်နှုန်း ပိုများလာတယ်။ အာဏာမသိမ်းခင်ကလောက်တော့ မရှိသေးဘူး။ ကြားထဲမှာ ကျောင်းမအပ်ဖြစ်တော့ဘဲ အပြင်တွေရောက်သွားကြတဲ့ ကလေးတွေလည်း အများကြီးရှိခဲ့တယ်” လို့ တောင်ဒဂုံမြို့နယ်က အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။
ယခုနှစ်ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဒသမ ၅ သန်း ကျော်ရှိတယ်လို့ စစ်ကောင်စီ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအရေအတွက်ဟာ အာဏာသိမ်းစစ်ကောင်စီလက်ထက် အများဆုံး ကျောင်းအပ်ခဲ့တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။
အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က အစိုးရ အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ကိုးသန်းကျော် ရှိရာကနေ အာဏာသိမ်းပြီးနောက် စာသင်ကျောင်းတွေကို သပိတ်မှောက်လာကြပြီး ကျောင်းတက်တဲ့ အရေအတွက် လျော့ကျ သွားခဲ့ပါတယ်။
အခြေခံပညာဦးစီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၁-၂၂ ပညာသင်နှစ်မှာ ၅ ဒဿမ ၃ သန်းကျော် ကျောင်းလာရောက် အပ်နှံခဲ့ပြီး ၂၀၂၂-၂၃ ပညာသင်နှစ်မှာလည်း ၅ ဒဿမ ၆ သန်းအထိပဲ ကျောင်းအပ်ခဲ့ကြတာပါ။
ပုံစာ – နေပြည်တော်က အခြေခံပညာကျောင်းတစ်ခုမှာ ကျောင်းအပ်လက်ခံနေပုံ
Photo – MOI
#Dailynews

