ဆွာဆည်ကျိုးတာဟာ ဒီနိုင်ငံမှာ ဆည်တွေပြဿနာစတက်တော့မယ်ဆိုတဲ့ အစလဏ္ခာပဲ

ဆွာဆည်ကျိုးတာဟာ ဒီနိုင်ငံမှာ ဆည်တွေပြဿနာစတက်တော့မယ်ဆိုတဲ့ အစလဏ္ခာပဲ

သြဂုတ် ၂၉၊ နံနက်ဝေလီဝေလင်းအချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်ဆည် ရုတ်တ ရက် ကျိုးကျမှုကြောင့်  ဆည်အောက်ဘက်ပိုင်းဒေသ ကျေးရွာတွေနဲ့ ဆွာမြို့ပေါ်ကို ရုတ်တရက်ရေဖုံးလွှမ်းခဲ့ရပါတယ်။ အစိုးရစာရင်းတွေအရ လူဦးရေ သုံးသောင်းခွဲလောက် ရေဘေးဒုက္ခကြုံခဲ့ရပြီး ငါးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိုးအိမ် အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရိစ္ဆာန်တွေလည်း ပျက်စီးခဲ့ရတယ်။

ဒီဖြစ်စဉ်မှာ အစိုးရပိုင်းနဲ့တာဝန်ရှိဌာနဆိုင်ရာတွေရဲ့ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ထားမှုအပိုင်း အားနည်းခဲ့တယ် လို့ လေ့လာသူတွေက ဝေဖန်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍတွေမှာ နည်းပညာပိုင်းဆိုင်ရာ၊ အရည်အသွေး မြှင့်တင်မှုအပိုင်းတွေမှာ အကူအညီပေးနေတဲ့ အာရှဒေသ သဘာ၀ ဘေးကြိုတင်ပြင်ဆင်ရေးအဖွဲ့ (Asian Disaster Preparedness Center-ADPC ) မြန်မာနိုင်ငံရုံးမှ စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူ (Capacity Development Specialist) ဖြစ်သူ ဦးမြတ်သာနဲ့ တွေ့ဆုံမေးမြန်းထားတဲ့အထဲက အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ ဘေးအန္တရာယ်လို့ပြောကြရင် သဘာဝဘေးနဲ့ လူတွေလုပ်တဲ့ ဘေးရယ်လို့ နှစ်ပိုင်းရှိတော့ ဆည်ကျိုးတာ လိုမျိုးကတော့  လူတွေလုပ်ခဲ့တဲ့ ဘေးအန္တရာယ်ပေါ့ဆရာ။ အခုအခါမှာ ဒီလို ဘေးအန္တရာယ်တွေကို ဘယ်လို စီမံခန့်ခွဲ သင့်နေပြီလဲ။

ဦးမြတ်သာ။ ။ ဘေးအန္တရာယ်တွေကို စီမံခန့်ခွဲနိုင်ဖို့က အဓိက က Early Warning System (ကြိုတင်သတိပေးစနစ် ယန္တ ရား) ပါပဲ။ ဒီနိုင်ငံမှာက ဗဟိုဦးစီးစနစ်အားကြီးတဲ့ ကြိုတင်သတိပေးစနစ်ပုံစံမျိုး ဖြစ်နေကြတယ်။ အားလုံးကို ဗဟိုက ချုပ်ကိုင်ထားတယ်။ နေပြည်တော်မှာရှိတဲ့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက လွဲပြီးတော့ ကြိုတင်သတိပေးချက်တွေကို ဘယ်သူမှ ထုတ်ပြန်ခွင့် မရှိဘူး။

နိုင်ငံနဲ့ချီတဲ့ မိုးလေဝသ အပြောင်းအလဲ ၊ မြစ်ချောင်းတွေမှာရှိတဲ့ ရေမျက်နှာပြင်မြင့်တက်လာနိုင်မှုတွေ၊ သူတို့ရဲ့ မြစ်ရေ တိုင်းစခန်းတွေကနေရတဲ့ သတင်းအချက် အလက်တွေကနေ ထုတ်ပြန်တာပေါ့။ ဒီဌာနက လုပ်ဆောင်ပေးရတာက အရမ်း ကို ကျယ်ပြန့်ပါတယ်။

ကျယ်ပြန့်လွန်းတဲ့အတွက် အခုဖြစ်သွားတဲ့ ဆွာဆည်ကျိုးတဲ့ပြဿနာလိုမျိုး ဒေသန္တရပြဿနာအတွက် သတင်းအချက် အလက်ပေးဖို့၊ အသေးစိတ်ထုတ်ပြန်ဖို့ ဒီဌာနမှာ Capacity (စွမ်းဆောင်ရည်) မရှိဘူး။ အဲဒီဟာမျိုးအတွက်တွေလည်း သူတို့ မပြင်ဆင်ထားဘူး။

ဒီဌာနက နိုင်ငံနဲ့ချီပြီး အကြီးကြီးတွေလာနိုင်တဲ့ မုန်တိုင်းတို့၊ ရေအောက်မှာ ငလျင်တစ်ခုခုလှုပ်လို့ ဆူနာမီဖြစ်နိုင်ချေ ရှိတာ တွေကို သူတို့ သတိပေးစနစ် ထုတ်ပေးမယ်။ ပြီးရင် တိမ်တောင်ကြီးတွေ စုဝေးနေလို့ စိုက်ဆင်းလေပြင်းတွေ ဘယ်နေရာ တွေမှာ ဖြစ်နိုင်တယ်ဆိုတာမျိုး ထုတ်ပြန်မယ်။ မိုးထစ်ချုန်းရွာနိုင်တယ် စသည်အားဖြင့် ပြောမယ်။ မုန်တိုင်းတွေ ဖြတ်သန်း သွားမယ့်နေရာတွေကို သူပြောနိုင်မယ်။

သူပြောနိုင်တာတွေက မြေပုံပေါ်မှာ ကြည့်လိုက်ရင် နေရာအကြီးကြီးတွေအတွက် သူက ပြောနိုင်တာ။ အသေးစိတ်၊ နေရာ အတိအကျကို သတိပေးထုတ်ပြန်လို့မရဘူး။ တိုင်းနဲ့ပြည်နယ်အဆင့်က အသေးဆုံးအဆင့်အဖြစ်သာ ပြောနိုင်တာ ဖြစ်တယ်။ တိုင်းနဲ့ပြည်နယ်မှာမှ ထပ်အသေးစိပ်ပြောနိုင်ရင် တောင်ပိုင်း၊ မြောက်ပိုင်း စသဖြင့် ဒီလောက်ပဲ ပြောနိုင်တာ။

ဒေသအလိုက်၊ ဒေသန္တရကြိုတင်သတိပေးစနစ် ထူထောင်နိုင်ဖို့ ကျွန်တော်တို့ လိုမယ်။ ဒေသန္တရ ကြိုတင်သတိပေးစနစ် ဆိုတာ ဘာမှ ခဲခဲယဉ်းယဉ်းလုပ်ရတာ မဟုတ်ဘူး။ နိုင်ငံမှာ ဒေသန္တရအစိုးရတွေရှိတယ်။ ပြည်နယ်တိုင်းအစိုးရတွေရှိတယ်။ ပြည်နယ်တိုင်းအစိုးရတွေက တာဝန်ယူ၊ တာဝန်ခံတဲ့ ကြိုတင်သတိပေးစနစ်ပဲ။  မိမိတိုင်းဒေသ ၊ ပြည်နယ်အတွင်းမှာရှိတဲ့ သဘာ၀ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့၊ လူလုပ်တဲ့ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ဒီလိုမျိုး ဆည်တွေတည်ရှိတဲ့ဟာမျိုး တွေပေါ့။ အခြားဘယ်လိုဟာမျိုးတွေရှိသလဲဆိုတာကို အရင်ဆုံး သိအောင်လုပ်ရမယ်။

ဒါကို Risk Assessment လို့ ခေါ်တယ်။ ပြဿနာတက်လာနိုင်တဲ့အခြေအနေတွေကို ကြိုတင်အကဲဖြတ် ဆန်းစစ်ချက်လုပ် ဆောင်တာပေါ့။ ဒီလို Risk Assessment တွေကနေ တိုင်းဒေသတစ်ခု၊ ပြည်နယ်တစ်ခုက ဘေးအန္တရာယ်ဖြစ်နိုင်ချေ တွေကို တွေ့လာလိမ့်မယ်၊ ဘာတွေဖြစ်နိုင်တယ်၊ ဘာတွေကတော့ဖြစ်လာဖို့ အလားအလာရှိတယ်၊ ဘယ်လိုဟာတွေက ဦးစားပေး ပြင်ဆင်ရမလဲ ဆိုတာတွေ ပေါ်လာမယ်။

ဒီကပေါ်ထွက်လာတဲ့ ဦးစားပေးအစီအစဉ်တွေကို ဖြစ်လာနိုင်ချေရှိတဲ့ဟာတွေကို ကာကွယ်ဖို့၊ နည်းပါးသွားအောင် လျော့ချ ဖို့အတွက် ဘာတွေကြိုတင်လုပ်ကြမလဲဆိုတာတွေကို ထည့်သွင်းစဉ်းစားကြရမယ်။

မော်ကွန်း။ ။ ဆရာပြောတာဟာ အခုဖြစ်သွားတဲ့ ဆွာရေလှောင်ဆည်ကျိုးတဲ့ပြဿနာမှာ ဒီလိုစနစ်တွေ ဖော်ဆောင်ထားတာ မတွေ့ရဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုစနစ်မျိုးမရှိသေးဘူးလို့ ပြောချင်တာလား။

ဦးမြတ်သာ။ ။ မရှိသေးဘူးလေ။ မရှိလို့ အခု ခံရတာလေ။ ဒီနေရာမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ညွှန်ကြားချက် မှန်မှန်ကန်ကန်မရှိဘူး။ သတင်းပေးတဲ့စနစ်မှန်မှန်ကန်ကန်မရှိဘူး။ သူတို့အစိုးရဌာနအတွင်းအချင်းချင်း သတင်းပေးကြ တာကို မပြောလိုဘူး။ ပေးနိုင်ပါတယ်။ ဆည်မြောင်းကနေ သူတို့ဌာနအတွင်းအချင်းချင်း သတင်းပေးနိုင်တယ်။ ဆည်မြောင်းကနေ ထွေအုပ်ကိုသတင်းပေးနိုင်တယ်။  ဒါပေမဲ့ အဲဒီဌာနတွင်း အချင်း ချင်းသတင်းပေးနေတာက အရေးမကြီးဘူး။ ပြည်သူလူထုကို သတင်းပေးနိုင်ရမယ်။ အဲဒါက အဓိက အချက်ပဲ။ Early Warning ဆိုတာ ပြည်သူကို ကြိုတင် သတိပေးဖို့ လုပ်ရတာ။ ပြည်သူဆိုတာ အရမ်းထိလွယ်၊ ခိုက်လွယ်ကြတယ်။ အစိုးရဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဒီအလုပ်ဟာ အစိုးရလုပ်ရမှာ။ သာမန်ပြည်သူလူထုဟာ အစိုးရတစ်ရပ်ကို ရွေးချယ်ထားတယ်ဆိုတာဟာ ဒီလိုအလုပ်တွေကို လုပ်ပေးဖို့။ ပြည်သူလူထုကို စောင့်ရှောက် ပေးဖို့ပဲ။ ကာကွယ်ပေးဖို့ပဲ။

ကြိုတင်သတိပေးစနစ်ရှိပါတယ်ဆိုတာဟာ သူတို့ဌာနဆိုင်ရာ အချင်းချင်းကြားမှာသာ ရှိနေတာဆိုရင် စကားထဲကို ထည့်မပြောနဲ့။ ပြည်သူလူထုကို သတင်းအချက်အလက်ပေးနိုင်တဲ့ အခြေအနေ ရောက်ပြီလား။ မရောက်သေး ဘူးလား။ တကယ်လက်တွေ့မှာ အသုံးဝင်လား။ မဝင်ဘူးလား။ ဒါကို လုပ်ရမှာဖြစ်တယ်။

မော်ကွန်း။ ။ ဆွာဆည်ကျိုးတဲ့ကိစ္စမှာဆိုရင် မဖြစ်ခင် သြဂုတ် ၂၈ ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဒီဆည်ဟာ ဘာပြဿနာ မှ မရှိတဲ့ ပုံစံနဲ့ ဆည်တာဝန်ရှိသူက သတင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာ ဆည်ကျိုးတယ်။ ဒီတော့ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းမှာ ဘယ်လိုဖြစ်သင့်ပါသလဲ။

ဦးမြတ်သာ။ ။ ဆိုလိုတာက ဒီဆောင်းပါးသတင်းစာထဲမှာပါလာတာက ဒီဆည်မှာပြဿနာရှိနေတာကို သူတို့ (ဆည်တာ ဝန်ရှိသူတွေ) သိနေလို့။ ဒီဆည်အထိ လူလွှတ်ပြီး ဒီဆောင်းပါးကို ရေးပြီး လူတွေကို မကြောက်ကြဖို့ သူတို့ကြို ပြောတဲ့ သဘောဖြစ်တယ်။

လူတွေမကြောက်ကြဖို့အတွက် ကြိုပြောဖို့တော့ သူတို့လုပ်တတ်တယ်။ တကယ်ဖြစ်လာရင်ကြိုပြောဖို့ကြတော့ သူတို့ မလုပ်တတ်ဘူး။ ဒါဟာ တစ်နည်းအားဖြင့် ဝါဒဖြန့်ချီတာ။ ဒီဟာကို နိုင်ငံပိုင်သတင်းစာကတစ်ဆင့် သတင်းလွှင့်တယ်။ ဆည်က ဘာမှဖြစ်နိုင်စရာမရှိသလိုသတင်းလွှင့်ပြီး နောက်တစ်ရက်မှာ ကျိုးတာလေ။

ဆွာဆည်နဲ့ ပတ်သက်ပြီး သူတို့ ဒီလို သတင်းထုတ်တယ်ဆိုတာဟာ ဒီပြဿနာကို တစ်စုံတစ်ယောက်ကတော့ ထောက် နေပြီ။ သာမန်လူ သို့မဟုတ် ပညာရှင်တစ်စုကတော့ သူတို့ကို ပြောနေပြီဆိုတာ သူတို့ သိလို့သာ ဒီလို နိုင်ငံပိုင် သတင်းစာ က သတင်းထောက်ကို လွှတ်ပြီး ဒီသတင်းကို ရေးခိုင်းတာ။ ဆည်က ပုံမှန်ပဲဆိုတာကိုပြသပြီး သတင်းမှားနဲ့ ဒီဟာကို တုန့်ပြန်ဖို့၊ အသံပြန်ပေးဖို့အတွက် သူတို့ကြိုးစားတဲ့သဘောပဲ။

ဒီပြဿနာဟာ အများကြီးပဲ။ သတင်းစာမှာလည်းတာဝန်ရှိတယ်။ သတင်းထောက်မှာလည်းတာဝန်ရှိတယ်။ ဆည်ကြံ့ခိုင် နေပါတယ် ဆိုပြီး သတင်းအချက်အလက်အမှားပေးတဲ့ ဆည်မြောင်းက လူတွေမှာလည်း တာဝန်ရှိတယ်။ ဒီဆည်တွေရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးရတဲ့အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ ဒီစစ်ဆေးရေးအဖွဲ့တွေရဲ့ ရလဒ် မှတ်တမ်းတွေအပေါ်မှာ ကျန်သူတွေကလည်း ပြောရတာလေ။ စစ်ဆေးတယ်ဆိုတာ ဆည်ကိုယ်ထည်ကြီးတစ်ခုပဲ ကြံ့ခိုင် မှု စစ်လို့မရဘူး။ အကုန်ပါရမယ်။ ဒီဘဲနှုတ်သီး( ဆည်တာဝန်ခံတွေက ရေပိုလွှဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဘဲနှုတ်သီးလို့ ခေါ်တဲ့နေရာ ပျက်စီးသွားတယ်ဟု ပြောကြားထား) လည်းပါရမယ်။ ဒီဟာတွေအကုန်လုံး လုံခြုံပြီး ခိုင်မာအားကောင်းနေ တယ်ဆိုတာ စစ်ဆေးတဲ့အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါကိုပါရမယ်။ ဆိုတော့ ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊တာဝန်ခံမှု အားလုံး ရှိရမယ်။

ဒီဆည်ကျိုးတဲ့ကိစ္စမှာ ပြဿနာမဖြစ်ခင် တစ်ရက်ကြိုပြီး သတင်းထောက်ကို သတင်းပေးတယ်ဆိုကတည်းက တစ်ယောက်ယောက်ဟာ ဒီဆည်ကို သတိထားမိပြီး ပြောနေတာကြောင့် ဒီဟာကို တုန့်ပြန်ဖို့ ကြိုးစားတဲ့ သဘောမျိုး ဖြစ်နိုင်တယ်။ ဒီလို တုန့်ပြန်ဖို့ကြိုးစားတာဟာ သတင်းမှားကြီးဖြစ်သွားတယ်။ ပြည်သူလူထုက သတင်းမှားကြီး ရသွား ရတယ်။ သူတို့က အခုလို နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းပြောလိုက်တဲ့အတွက် ပြည်သူဟာ ပိုလို့တောင် စိတ်ချ၊ လက်ချ ဖြစ်သွားရတယ်။

ဥပမာ- တကယ်လို့  ဆည်ကြီးအက်ကွဲနေတယ်ဆိုတဲ့ အသံကို ကြားလို့ အဲဒီဒေသက အလှူလုပ်မယ့် သူတစ်ဦးဦးဟာ သူ့အလှူကို လုပ်မယ်၊ မလုပ်ဘူး ချိန်ဆနေချိန်မှာ ဒီသတင်းကို ဖတ်မိပြီးတော့ အော်..အခြေအနေကောင်းပါတယ်။ လုပ်မယ်လို့ ဆုံးဖြတ်သွားနိုင်တယ်။ စိတ်ချရပါတယ်၊ လုပ်ကြမယ်ဟေ့ ဆိုပြီး ဖြစ်သွားနိုင်တယ်။ သတင်းစာထဲတော့ ပါလာပြီ၊ စိတ်ချရပါတယ်ဆိုပြီး ဆည်ကျိုးမယ့်နေ့မှ ကောက်လုပ်ချင်လည်း လုပ်ကြမှာပေါ့။ ဆိုလိုတာက ဒီသတင်းကြောင့် ဆည်အောက်ဘက်မှာနေတဲ့ သူတွေဟာ ပိုပြီးတော့ ယုံကြည်မှုဖြစ်သွားတယ်လေ။ ပြီးတော့မှ တလွဲကြီး ဖြစ်ကုန်တာလေ။

မော်ကွန်း။ ။ အခု ဆွာဆည်ကျိုးတာသည် မနက်လင်းစကနေစဖြစ်တာပေါ့။ တကယ်လို့ ဒီဆည်သာ ညနေခင်းကျိုးပြီး ညပိုင်းမှာ ရေဒဏ်ကို ဆည်အောက်ဘက်က လူတွေခံရရင် အခြေအနေဟာ ဘယ်လိုဖြစ်သွားနိုင်သလဲ။

ဦးမြတ်သာ။ ။ ကျွန်တော်တို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ သင်တဲ့သင်ခန်းစာတွေထဲမှာ သီအိုရီအရပေါ့။ ဘေးအန္တရာယ်တွေမှာ အချိန်ဟာအရမ်းအရေးကြီးတယ်။ သက်ရောက်မှုစဖြစ်တဲ့ အချိန်ဟာ အရမ်းအရေးကြီးတယ်။ ဥပမာ- နာဂစ်မုန်တိုင်း။ သက်ရောက်မှု ဘာကြောင့်ဒီလောက်ကြီးရသလဲ၊ ဘာကြောင့် ဒီလောက်အသေအပျောက် များခဲ့ရသလဲဆိုရင် ဖြစ်တဲ့အချိန်ကြောင့်ပဲ။ အကယ်၍ နာဂစ်မုန်တိုင်းသာ လင်းလင်းချင်းချင်းအချိန်မှာဖြစ်ခဲ့ရင် ဒီလောက် အသေအပျောက်မများနိုင်ဘူး။ ညဘက်မှာ နာဂစ်ဟာဝင်ခဲ့လို့။

ဒီအတိုင်းပဲ။ ဒီဆည်ကျိုးတာဟာလည်း နေ့ခင်းဘက်ဖြစ်လို့ ကံကောင်းခဲ့တာ။ ညဘက်သာ ကျိုးကြည့်၊ ဒီထက်အများကြီး ထိခိုက်မှုဖြစ်သွားနိုင်မယ်။ နောက်ပြီး အခု ဆွာဆည်ကျိုးလို့ သက်ရောက်ခံရတဲ့နေရာတွေဟာ မြေပြန့်။ ရေတွေဆင်း လာတာသိလို့ မြင့်တဲ့နေရာကို ပြေးတက်မယ်ဆိုရင် ပြေးစရာပတ်ဝန်းကျင်မှာ အမြင့်နေရာတွေမရှိဘူး။ အမြင့်ရှိနေတဲ့ ဘက်က ရေက ဆင်းလာတာ။ မြေပြန့်ကို ရေဆင်းလာတော့ မြင့်တဲ့နေရာကို လူတွေဟာ ရှာဖို့အတော်ခက်တယ်။

မော်ကွန်း။ ။ ကျွန်တော်တို့ဆီက မြို့ရွာတွေရဲ့အထက်ပိုင်းတွေမှာ ဆည်တွေရှိပါတယ်။ ဆည်တွေရဲ့အောက်ဘက်တွေမှာ မြို့ရွာတွေ တည်ရှိနေတော့ ဆည်အောက်ပိုင်းဒေသ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအပိုင်းကို ဘယ်လို ဆောင်ရွက်ထားသင့်သလဲ။

ဦးမြတ်သာ။ ။ အမြန်ဆုံးလုပ်သင့်တာကတော့ ဒီလိုဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအပိုင်းတွေကို တိုင်းဒေသနဲ့ ပြည်နယ်အလိုက် အစိုးရတွေက တာဝန်ခံဖို့ပဲ။ ဒီလို ဆည်အောက်ပိုင်းဒေသတွေရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေက ဦးဆောင်ပြီး တော့ ကော်မတီဖွဲ့စည်း လုပ်ဆောင်ထားရမယ်။ စီမံခန့်ခွဲရမယ်။ ဒီလို ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဟာ စာရွက်တွေ ပေါ်က ကော်မတီတွေမဖြစ်သင့်ဘူး။ တကယ် အလုပ်လုပ်တဲ့ ကော်မတီတွေလည်းဖြစ်ရမယ်။ ဥပဒေအရ ဒီလိုကော်မတီတွေကို ကျေးရွာအထိ ဖွဲ့လို့ရတယ်လို့တော့ ဆိုထားတယ်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ။ ဒုတိယသမ္မတ ဦးဆောင်တဲ့ အမျိုးသားအဆင့်ကော်မတီ ကနေ ရပ်ကွက်၊ကျေးရွာအထိ ဖွဲ့လို့ရတယ်လို့ ဆိုထားတယ်။

ဒါပေမဲ့ ဖွဲ့ထားတာတွေကိုကြည့်ရင် များသောအားဖြင့် ရပ်ကွက်၊ကျေးရွာကော်မတီတွေကလွဲရင် ကျန်တဲ့မြို့နယ်ကနေ တိုင်းအထိ အဆင့်ဆင့်ဖွဲ့စည်းထားတာဟာ ဌာနဆိုင်ရာတွေချည်းပဲ။ ဥပဒေအရကို ဒီဌာနတွေ၊ ဒီလူတွေနဲ့ ဖွဲ့ပါလို့ ဆိုထားတာပေါ့။ ဒါပေမဲ့ ဥပဒေမှာ ပေးထားတဲ့ ခြွင်းချက်တစ်ခုတော့ ရှိတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် ဝန်ကြီးချုပ်တွေက သင့်တော်တယ်လို့ထင်တဲ့ လူတွေနဲ့ ဒီကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်လို့ ဥပဒေမှာ ဆိုထား တယ်။ ဒါဟာ ဥပဒေရဲ့ အဟ တစ်ခုပဲ။ ဒီအချက်ကိုအသုံးချပြီး ဒီကော်မတီတွေကို ပြုပြင်ပြောင်းလဲလို့ ရတယ်။ ဥပဒေအရ ခွင့်ပြုထားတယ်။ သင့်တော်တယ်လို့ထင်တဲ့ ပြင်ပပညာရှင်တွေထည့်လို့ ရတယ်။ ပရဟိတအဖွဲ့အစည်းတွေ ထည့်လို့ရ တယ်။ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထည့်လို့ရတယ်။ တက်ကြွလှုပ်ရှားသူတွေထည့်လို့ရတယ်။ လူငယ် တွေ ထည့်လို့ရတယ်။ တပ်ရင်း၊ တပ်ဖွဲ့တွေ ထည့်လို့ရတယ်။

ဒေသတွင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းနေတဲ့ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၃၄၁ အရ  တိုင်းပြည်မှာ ဘေးအန္တရာယ်တွေကျရောက်လာတဲ့အခါ နိုင်ငံတော်နှင့်နိုင်ငံသားတို့ကို ကူညီစောင့်ရှောင့်ရန် တာဝန်ရှိသည် လို့ တာဝန်ပေးထားပြီးသား။

ကူညီစောင့်ရှောက်ရန်ဆိုတော့ ဘယ်လို ကူညီစောင့်ရှောက်ရမယ်ဆိုတာလည်း သိဖို့တော့လိုတယ်။ ပြီးတော့ ကူညီစောင့် ရှောက်နေတဲ့ အခြားယန္တရားတွေနဲ့ ချိတ်ဆက်ဖို့လည်း လိုတယ်။ တပ်မတော်ကိုလည်း ဒီဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး ယန္တရားထဲကို ဆွဲသွင်းရမယ်။

ဒီကော်မတီတွေထဲမှာမှ လုပ်ငန်းကော်မတီတွေထပ်ခွဲ။ ဒီအထဲမှာမှ ကြိုတင် သတိပေးစနစ်ကိုလည်း ကော်မတီတစ်ခု အနေနဲ့ ကိုင်ပြီးတော့ တာဝန်တွေယူ။ ၂၄ နာရီ တာဝန်ခံ။ Risk Assessment (ဘေးအန္တရာယ်ကျရောက်နိုင်ခြေပြ ဆန်းစစ်ချက်) မှာ တွေ့ရှိထားတဲ့ဟာတွေနဲ့ ဒီ Early Warning ကို ဘယ်လို ချိတ်ဆက်လုပ်ကိုင်ကြမလဲ စဉ်းစားဖော်ထုတ်။ တစ်ခုချင်းအလိုက်၊ ဒေသအလိုက် ဒီဟာကို မြန်မြန်လုပ်ရမယ်။ နိုင်ငံမှာ ပြဿနာတွေဟာ အများကြီးပဲ။

ဒီဆည်ကျိုးတာဟာ ဒီနိုင်ငံမှာ ဆည်တွေပြဿနာစတက်တော့မယ် ဆိုတဲ့ အစလဏ္ခာပဲ။ ချောင်းဆိုး၊ နှာစေးပြနေတာပေါ့။ မကြာခင် တုတ်ကွေးဝင်တော့မယ်ဆိုတဲ့ သဘောပဲ။ ဒီကျိုးသွားတဲ့ ဆည်နဲ့ သက်တမ်းတူတည်ဆောက်ခဲ့တဲ့ ဆည်တွေ အများကြီးပဲ။ အကုန်လုံးဟာ တူညီတဲ့ ပစ္စည်းအသုံးပြုမှု၊ တူညီတဲ့ နည်းပညာအသုံးချမှု၊ တူညီတဲ့စဉ်းစားတွေးခေါ်ပုံတွေနဲ့ ဆောက်ခဲ့ကြတာချည်းတွေ။ ဒီလို သက်တမ်းတူ အခြားဆည်တွေရဲ့ ပြဿနာတွေဟာ လာတော့မယ်။

မော်ကွန်း။ ။ အခြားတိုင်းပြည်တွေမှာ ဆည်တစ်လုံး မတော်တဆကျိုးသွားခဲ့ရင် အောက်ဘက်မှာ ရုတ်တရက် ရေဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေကို ကွန်ပြူတာပေါ်မှာ မော်ဒယ်တစ်ခုလုပ်ပြီး ဆန်းစစ်ကြတယ်။ တွေ့ရှိချက် အပေါ်မူတည်ပြီး ဆည်အောက်ပိုင်းဒေသ ကြိုတင်သတိပေးစနစ်တွေကို တည်ဆောက်ထားကြတာမျိုး လုပ်ကြတယ်။ ကျွန်တော်တို့ဆီမှာ ဒီလို အလေ့အကျင့်မျိုး မတွေ့ရပါဘူး။ ဒီအပေါ် ဘယ်လို မြင်ပါသလဲ။

ဦးမြတ်သာ။ ဟုတ်တယ်လေ။ အဲဒါကြောင့် ဒီဆည်တွေနဲ့ ပတ်သက်တဲ့ Risk Assessment တွေဖော်ထုတ်ရမယ်လို့ ပြောနေရတာ။ ဒီအထဲမှာ အခုလို ကွန်ပြူတာမော်ဒယ်တွေနဲ့ တွက်ချက်ပြီး ချိတ်ဆက် ပြင်ဆင်တာတွေလည်း ပါတာပေါ့။ ဥပမာ- ဒီမြို့ရွာတွေရဲ့ အထက်ပိုင်းမှာ ဆည်ဘယ်နှစ်လုံးရှိသလဲ။ ဒီဆည်တွေကျိုးသွားခဲ့ရင် အောက်ဘက်မှာ နစ်မြုပ်သွား နိုင်တဲ့ ဧရိယာ ဘယ်လောက်ရှိသလဲ။ ဒါတွေကိုဖော်ထုတ်ထားရမယ်။ ဒီခေတ်မှာ ဒီဟာက ပိုတောင်မှ လွယ်ပါတယ်။ GIS နဲ့ လုပ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ မြေမျက်နှာသွင်ပြင်အနိမ့်အမြင့်ရဲ့ ကွန်တိုတွေက မြေပုံတွေမှာရှိပြီးသား။ ရေပမာဏကို တွက်တာလည်း လွယ်လွယ်လေးပဲ။

အဲဒီတော့ ဒီဟာတွေလုပ်ဖို့တော့ နည်းပညာတော့လိုတယ်။ GIS သမားတွေလိုမယ်။ Risk Assessment သမားတွေ လိုမယ်။ Mapping ထုတ်ပေးမယ့်သူတွေလိုမယ်။ Early Warning စနစ် တစ်ခုလုပ်ဖို့ ဘယ်လို ချိတ်ဆက်မှုတွေ လိုမလဲ သုံးသပ်ရမယ်။ တစ်ခုတည်းနဲ့တော့မရဘူး။ ဒီလိုတွေ ထည့်သွင်းစဉ်းစားဖော်ထုတ်နိုင်တဲ့ ယန္တရားတွေ ပြည်နယ်နဲ့ တိုင်းအလိုက် တည်ဆောက်ထားမှ ရတော့မယ်။

မော်ကွန်း။ ။ ဘေးအန္တရာယ်တွေကျရောက်တဲ့အခါ ပြည်ထောင်စုအဆင့်က ဆင်းချလာပြီး ကိုယ်တိုင် စီမံခန့်ခွဲ ပေးနေရတာတွေကို တွေ့နေရပါတယ်။ ဒီလိုအခြေအနေက ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေမှာ ဖြစ်သင့်သလား။ ဘေးအန္တရာယ်ကို စီမံခန့်ခွဲကြတဲ့အခါ ဘယ်လိုအဆင့်မျိုးအထိ တည်ဆောက်ထားကြဖို့ လိုပါသလဲ။

ဦးမြတ်သာ။ ။ အခု ဘေးအန္တရာယ်တွေကျရောက်လာတဲ့အခါ ဝန်ကြီးချုပ်ကိုယ်တိုင် တစ်နိုင်ငံလုံးကို ခါးတောင်း ကြိုက်မ တတ်လိုက်ပြီး လုပ်ပေးနေရတာ ကြည့်ရသူအဖို့ သူ့ကိုတောင် သနားတယ်။

ဥပမာပြောရရင် မြန်မာနယ်စပ် ယိုးဒယားအပိုင်ထဲမှာ ထိုင်း ကလေး ၁၃ ယောက် ဂူထဲကို ပိတ်မိနေတဲ့ပြဿနာမှာ ခရိုင် အဆင့် အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးတော့ ဒီကယ်ဆယ်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို စီမံခန့်ခွဲသွားတာ။ ထိုင်းဝန်ကြီးချုပ် ကတော့ လာတယ်။ ကြက်ဥကြော်ရုံပဲ။ ဝန်ကြီးချုပ်ဘာကြောင့် လာသလဲဆိုတော့ နိုင်ငံရေးအရ တစ်ခုခု၊ တစ်စုံတရာကို လုပ်ပေးနိုင်တယ်။ လုပ်ပေးနေတယ်ဆိုတာကို ပြဖို့အတွက်သာ လာခဲ့တာ။ ဒီကလေးတွေ ကယ်ဆယ်ရေးလုပ်နေတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို သူက မစွက်ဖက်ဘူး။ မစွက်ဖက်ဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ဒီခရိုင်အုပ်ချုပ်ရေးမှူးကို ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် သူတို့က လေ့ကျင့်ထားပြီးသား။ ဒီလိုပြဿနာ ပေါ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သူတို့က လေ့ကျင့်ထားပေးပြီးသား။ ဒီဟာကို ကမ္ဘာသိအောင်လည်း ပြလိုက်တာပဲ။ ထိုင်းဝန်ကြီးချုပ်က ဘာကြောင့် လာသလဲဆို တော့ ဒီနေရာမှာ ကလေးတွေရဲ့ မိဘတွေရှိတယ်။ ဒီမိဘတွေကို နှစ်သိမ့်ဖို့ အတွက်သာ လာခဲ့တာ။ ဒီနေရာမှာ ခရိုင် အုပ်ချုပ်ရေးမှူး နှစ်သိမ့်ဆွေးနွေးတာနဲ့ ဝန်ကြီးချုပ်က နှစ်သိမ့်ဆွေးနွေးတာဟာ မတူဘူး။ ဒီတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းလာပြီး နှစ်သိမ့်ပြောပြတဲ့အတွက် ကလေးမိဘတွေဟာ အေးအေးဆေးဆေး ဖြစ်သွားရတယ်။ ဒီကလေးတွေကို မေ့ဆေးပေးပြီး သယ်ထုတ်တဲ့အခါ ကလေးမိဘတွေဟာ ဘာစောဒကမှမတက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီး ချုပ်က စိတ်မပူကြနဲ့၊ ဒီကလေးတွေဟာ နိုင်ငံတော်သားသမီးဖြစ်သွားပြီး၊ စောင့်ရှောက်မယ် ဆိုပြီး ပြောထားတာကြောင့်။ သူလာတယ်၊ ကြက်ဥကြော်တယ်၊ ကလေးမိဘတွေနဲ့အတူစားတယ်။ ကယ်ဆယ်ရေးသမားတွေကို အားပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အလုပ်က ဒီအခန်းကဏ္ဍပဲ။ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေမှာ သူက ဘာမှ ဝင်မပတ် သက်ဘူး။

ဝန်ကြီးဆိုတာ အဲဒီလိုနေရာမှာပဲ နေရမှာ။ အခု တို့ဆီမှာက ဝန်ကြီးတွေက ကိုယ်တိုင်လိုက်နေရတယ်။ ဘယ်သူတွေ ဘာလုပ်ရမယ်။ ဘယ်လိုတွေလုပ်ကြရမယ်ဆိုတာကို ညွှန်ကြားနေရတယ်။ အမှန်တကယ် စီမံခန့်ခွဲမှုက အဲဒီလို မဖြစ်သင့် ဘူး။

ဌာနဆိုင်ရာတွေအားလုံးမှာ ဒေသအလိုက်၊ သူအဆင့်အလိုက် သိပြီးသား၊ တတ်ပြီးသား၊ လေ့ကျင်ပြီးသား၊ အားကိုးလို့ ရတဲ့ လူတွေ ရှိကိုနေရမယ်။ ဒီလိုမျိုးလူတွေ ဒေသအလိုက် မရှိဘူးဆိုရင် အခုခန့်ထားတဲ့ လူတွေဟာ ဘာအဓိပ္ပါယ် ဖြစ်မလဲ။ တိုင်းပြည်က လခပေးထားရတာ ဘယ်လိုသဘောဖြစ်သွားမလဲ။ အခု မရှိသေးဘူးဆိုရင်လည်း ရှိလာအောင် လုပ်ပေးရမယ်။ ရှိအောင် လုပ်ထားပြီးရင် ဒီလူတွေကို ပေးလုပ်ရမယ်။ ဝန်ကြီးကလည်း ဝင်ပြီး ကျော်လွန်လုပ်ဆောင် တာတွေ မလုပ်သင့်ဘူး။ တည်ဆောက်ထားတဲ့ ယန္တရားတွေကို အလုပ်ပေးလုပ်ရမယ်။ ဒါမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုယန္တရားတွေ ဖွံ့ဖြိုးမှု ဖြစ်လာမယ်။ အမှားရှိရင်လည်း သိလာမယ်။ ဒါမှ ပိုကောင်းမွန်တဲ့စနစ်တွေကို လေ့လာ ဖော်ထုတ် လုပ်နိုင်လာကြမယ်။

မော်ကွန်း။ ။ ဆွာဆည်ကျိုးသွားတဲ့အခြေအနေကိုကြည့်ရတာဟာ ထူးခြားမိုးရေချိန်နဲ့ မိုးရွာနေတာလည်း မတွေ့ရဘူး။ မုန်တိုင်း ဖြတ်သန်းဝင်ရောက်နေတာမျိုးလည်း မဟုတ်ဘူး။ သာမန်အခြေအနေမှာပဲ ကျိုးကျတာကို ဒုက္ခရောက်ကြရတာမျိုး တွေ့ရတယ်။ ဒီတော့ ဆည်တွေနဲ့ ဆည်အောက်ပိုင်းဒေသမှာ နေထိုင်သူတွေအတွက် အခုအချိန်မှာ ဘယ်လို ကြိုတင် ပြင်ဆင်သင့်ပြီလို့ ထင်ပါသလဲ။

ဦးမြတ်သာ။ ။ မတော်တဆမှုဆိုတာမျိုးက အချိန်မရွေးဖြစ်နိုင်ပါတယ်။ မိုးရွာတယ်၊ မရွာဘူး၊ မုန်းတိုင်းရှိတယ်၊ မရှိဘူးဆိုတာထက် ဒီလို မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်တဲ့ဟာတွေကို ကြိုတင် တွက်ချက်ထားနိုင်ရမယ်။ မမျှော်လင့်တဲ့ အနေအထားမှာ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်မျှော်လင့်ပြင်ဆင်ထားရမယ်။ ဆိုတော့ ဒီလိုအခြေအနေမှာ အထက်မှာ ပြောခဲ့တဲ့ ယန္တရားတွေသာ ကြိုတင် တည်ဆောက်ထားနိုင်ခဲ့ရင် မိုးရွာရွာ၊ မရွာရွာ မတော်တဆမှုဖြစ်လာခဲ့ရင် ဒီလို မတော် တဆမှုတွေအတွက် ပြင်ဆင်ထားတဲ့ ကြိုတင်သတိပေးမှုတွေသာ ရှိခဲ့ရင် ကြောက်စရာမလိုပါဘူး။

ဒီလိုပြင်ဆင်ထားခဲ့ရင် တစ်ခုခုဖြစ်နေပြီ၊ မုန်းတိုင်းကျနေပြီဆိုရင်လည်း လူတွေဟာ သတိဖြစ်နေပြီးသားပဲ။ ဆည်ထဲတော့ ရေအဝင်များနေပြီ။ မိုးတွေကလည်း အတော်ရွာနေပြီ။ ဆည်ကလည်း ရေတွေလွှတ်နေရပြီဆိုတာကို လူတွေက ကြိုတင်သိထားရင်၊ ပြင်ဆင်ထားခဲ့ရင် လူတွေဟာ သူတို့ဘာလုပ်ထားရမလဲဆိုတာ ကြိုတင် သိနေတာပေါ့။  ဒီလိုတွေ လုပ်ထားရင် သီးခြားကြိုတင်သတိပေးမှုစနစ်အပြင် ဒေသခံတွေဟာ သူတို့ဘာသာသူတို့ အာရုံခံစားသိရှိပြီး သတိရှိနေတဲ့ အခြေအနေမျိုးရတာပေါ့။

အခုဆွာဆည်ဖြစ်တော့ ကောင်းကင်ကြီးကလည်း ကြည်လင်ပြီးသာသာယာယာရှိနေတဲ့ အခြေအနေမှာ ကောက်ခါ၊ငင်ခါ ကျိုးကျခဲ့တာ။ ကြိုတင်သတိပေးစနစ်ဆိုတာ ဘယ်အတွက်ပိုလိုသလဲဆိုရင် ဒီလိုအခြေအနေအတွက်က ပိုတောင်မှ လိုအပ်သေးတယ်။

နောက်တစ်ခုက ဒီဆွာဆည်ပြဿနာလို နည်းပညာ အမှားအယွင်းပြဿနာဟာ တစ်ချိန်တုန်းက တစ်ပြုံတစ်မကြီး ဆည်တွေ ဆောက်ခဲ့ကြတော့ အရည်အသွေးပိုင်းမှာ ကွာဟမှုတွေဖြစ်ပေါ်နိုင်တယ်ဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒီဟာရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ အခုတော့ စဖြစ်လာပြီလို့ ဆိုရတော့မှာပေါ့။ ဒီတော့ ဒီလိုပြဿနာတွေကို ကြိုတင်ပြီးတော့ သိရတော့မယ်။ မုန်တိုင်းမရှိ၊ ထူးကဲမိုးရွာသွန်းမှုမရှိတဲ့ အခြေအနေမှာပဲ ဒီလိုဆည်တွေဟာ ကျိုးကျနိုင် တယ်ဆိုတာကို သိရမယ်။ ပြဿနာတက်နိုင်တယ်ဆိုတာကို သိရတော့မယ်။ အခု ဆွာဆည်ဖြစ်ရပ်ဟာ ဘာရာသီဥတု ပြဿနာမှ မရှိတဲ့အချိန် သာသာယာယာအချိန်မှာ ပြဿနာစဖြစ်ခဲ့တာ။

ဆိုတော့ ဒီလိုပြဿနာတွေကို လူကြီးတွေအနေနဲ့သိရမယ်။ ဘယ်ကနေ စလုပ်ရမလဲဆိုတာတွေကို သိရမယ်။ အခု တွေ့မြင်ရတာတွေက သိတော့သိနေတယ်။ ဒါပေမဲ့ ဘယ်ကနေ စလုပ်ရမလဲဆိုတာကို မသိဘူးဆိုသလိုဖြစ်နေတယ်။ ဘယ်ကစရမှန်းမသိဘူးဆိုတာက ဘာကြောင့်ဖြစ်သလဲဆိုရင် စီမံခန့်ခွဲနိုင်သူတွေဟာ ဒီဘာသာရပ်ကို နားလည်အောင် မကြိုးစားဘူး။ အချိန်လည်းမပေးကြဘူး။ သိအောင်လည်း မလုပ်ကြဘူး။ အခုဖြစ်နေတာက အစိုးရကလည်း မသိဘူး။ လွှတ်တော်ကလည်း မသိဘူး။ ဦးစီးဌာနအကြီးအကဲတွေ၊ ညွှန်ချုပ်တွေကလည်း မသိဘူး။ ဘေးအန္တရာယ်တွေနဲ့ ပတ်သက် တဲ့ စီမံခန့်ခွဲမှုဆိုတာဘာလဲ။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေဟာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတာ မသိကြဘူး။

ဒီဟာက လူတိုင်းနဲ့ဆိုင်တယ်။ ဌာနတိုင်းနဲ့ဆိုင်တယ်။ အကုန်ပါဝင်ရမယ်။ အခုဟာက ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေကို ဒီဦးစီးဌာန သေးသေးလေးတစ်ခုကပဲ လုပ်နေတာမျိုးဖြစ်တယ်။ တွေ့နေရတာ ကျန်တဲ့လူတွေလည်း ဝင်ပြောခွင့်မရှိဘူး။ ဒါ ငါ့ကိစ္စ၊ ငါပဲလုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။ ဒီလိုတော့ မရဘူး။ အကုန်လုံးကိုခေါ်ရမယ်။ ပြောရမယ်။

မော်ကွန်း။ ။ ဒီကိစ္စမှာတော့ လူတွေဟာ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းကို အစိုးရဘယ်လိုကိုင်တွယ်မလဲဆိုတာကို စိတ်ဝင်စားနေကြမှာ အမှန်ပါပဲ။ ဒီဆွာဆည်ဖြစ်သွားတဲ့ပြဿနာကနေ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍမှာ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းကို လူထုယုံကြည်မှု တိုးသွားအောင် အစိုးရအနေနဲ့ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။

ဦးမြတ်သာ။ ။ ဆိုတော့ ဒီဘက်ပိုင်းအထိတော့အစိုးရအနေနဲ့ ရောက်လာမယ်မထင်ဘူး။ ဒီဘက်ပိုင်းဆိုတာက ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုကဏ္ဍအထိ သက်ရောက်မှုရှိလာအောင် လုပ်မယ့်အပိုင်းပေါ့။ ဘယ်အထိလုပ်မလဲ ဆိုရင်တော့ ဖြစ်ခဲ့တဲ့ ပြဿနာအတွက် အရေးယူတဲ့အပိုင်းတော့ လုပ်ပါလိမ့်မယ်။ ဌာနတွင်းအရေးယူမှု၊ တာဝန် ပျက်ကွက်မှု အပိုင်းတွေဘက်ကပဲ သွားလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဒီလိုပြဿနာတွေကို  ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ပြင်ဆင်စီမံခန့် ခွဲမှု အမြင်ဘက်က မကြည့်သရွေ့တော့ မမှန်ဘူးလို့ပဲ ပြောရမယ်။

ဒီကိစ္စမှာဖြစ်နိုင်တဲ့ပြဿနာနှစ်ပိုင်းရှိနိုင်တယ်။ တစ်ခုက Hardware ကြောင့်ဖြစ်နိုင်တယ်။ ဒါက တည်ဆောက်ဖွဲ့စည်းပုံ အခြေအနေပြဿနာ။ နောက်တစ်ခုက လူကြောင့်ဖြစ်နိုင်တယ်။ ဆိုလိုတာက ဆည်တွေမှာ တာဝန်ခံတွေရှိရက်နဲ့ ဒီဟာ ကြီး ပြုတ်ကျသွားတာကို လူက ဘာကြောင့် သတင်းမပို့တာလဲ။ လူမရှိဘူးလား။ ရှိနေတဲ့လူတွေက ဒီလိုအရည်အသွေး မရှိတာလား။ ဒါက လူပြဿနာပေါ့။ ဖွဲ့စည်းတည်ဆောက်ပုံပြဿနာကတော့ အခုအခါမှာ ဒီလို ဆည်တွေဟာ တည် ဆောက်ထားတဲ့ ကာလအခြေအနေအရ ပြဿနာတွေ ရှိလာပြီဆိုတာ သတိပေးလိုက်တာပဲ။

လူပြဿနာမှာတော့ ဌာနတွင်းမှာ ဒီလိုဆည်တွေမှာ တာဝန်ချထားပေးသူတွေဟာ ဒီပြဿနာကို ဘယ်လောက် သိတဲ့လူတွေလဲ။ ဒီလိုပြဿနာတွေနဲ့ပတ်သက်ရင် ဘယ်လောက် လေ့ကျင်ထားတဲ့သူတွေလဲ။ ဘယ်အတိုင်းအတာအထိ ဒီလူတွေကို သင်ကြားပြသထားသလဲ။ ပညာအရည်အချင်းတွေက ဘယ်လောက်ရှိနေသလဲ။ ရွာထဲကလူကို ခေါ်ပြီး ဆည်မှာ ကင်းစောင့်လုပ်ခိုင်းထားလို့တော့ မရဘူး။

မော်ကွန်း။ ။ ကျွန်တော်တို့နိုင်ငံဟာ လူလုပ်ထားတဲ့အရာတွေကြောင့်ဖြစ်မယ့်ဘေးအန္တရာယ်တွေ၊ သဘာဝကြောင့် ဖြစ်လာ မယ့် ဘေးအန္တရာယ်တွေနဲ့ပတ်သက်ရင် ဘယ်လို ပြင်ဆင်ရတော့မလဲ။ ဘယ်အခြေအနေ အထားအထားကို ရောက်နေပြီလဲ။

ဦးမြတ်သာ။ ။ ပြောစရာတွေကတော့ အများကြီးပါပဲ။ အခု ဆွာဆည်ကျိုးခဲ့တာဟာ မြို့ကြီးတွေအပေါ်မှာ ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး။ အခု ဆွာဆည်ကျိုးတော့ ဆွာမြို့ကို ရေရောက်လာတာဟာ ကြားထဲမှာ အချိန် ၄ နာရီလောက်ကြာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ ဘာမှ မလုပ်လိုက်နိုင်ဘူး။ ဒါဟာ တော်တော်လေးကိုညံ့ဖျင်းတဲ့အနေအထားပဲ။ တခြားနယ်တွေမှာလည်း ဆည်နဲ့ပတ်သက်ရင် အလားတူအခြေအနေတွေ ရှိနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ အများကြီး အလုပ်တွေ လုပ်လို့ ရနိုင်ပါတယ်။ ဒီလိုအချိန်အတွင်းမှာ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ စနစ်တွေကို တည် ဆောက်သင့်နေပြီ။

ဘေးအန္တရာယ်နဲ့ပတ်သက်ရင် တိုင်းပြည်ဟာ မျိုးစုံရှိနေတယ်။ တိုးလာနေတယ်။ အခု ဆည်တွေဟာ နောက်တိုးလာတဲ့ ပြဿနာ တစ်မျိုးပဲ။ ပုံမှန်ရှိပြီးသားတွေက မုန်တိုင်းတို့၊ ရေဘေးတို့က နှစ်တိုင်းရှိနေပြီးသားတွေ။ အခုဆည်တွေ ပြဿ နာဟာ တိုးလာတဲ့ ပြဿနာတွေပေါ့။

ရှိနေတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနဟာလည်း သူ့ဝန်ထမ်းအင်အား၊ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နောက်က လိုက်ရှင်း နေရတာနဲ့တင် လုံးပမ်းနေရတယ်။ သူလည်း အများကြီးစဉ်းစားနိုင်ပုံမရဘူး။

ပြီးတော့ ဒီဌာနကို ခိုင်းစေထားတဲ့တာဝန်ဟာ နှစ်မျိုးပဲ ရှိတယ်။ တစ်ခုက ဖြစ်လာရင် ကယ်ဆယ်ရေးပစ္စည်းပေးဖို့။ နောက်တစ်ခုက ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ အသိပညာပေးဖို့။ ဒီနှစ်ခုကို သူတို့အခု လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ဟာက ပျောက်နေတယ်။ ဘာလဲဆိုတော့ ကြိုတင်ပြင်ဆင်ခြင်းအပိုင်းပဲ။ ကြိုတင်သတိပေးမှုလုပ်ရမှာ တို့၊ ဘာတို့၊ ညာတို့ စသဖြင့် ဒီဟာတွေလုပ်ဆောင်ရမယ့် အဓိကအခန်းကဏ္ဍ ဒီဌာနမှာ ပျောက်နေတယ်။ ဒီအတွက်လည်း ဒီဌာနကို တာဝန်မပေးထားဘူး။

ဒါက မူဝါဒပိုင်းဆိုင်ရာပြဿနာဖြစ်သွားပြီ။ မူဝါဒပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့အတွက် မူဝါဒချမှတ်သူတွေ၊ အမတ်တွေ၊ အစိုးရ တွေဟာ ဒီမူဝါဒကို ပြန်ပြင်ရတော့မယ်။ ကြိုတင်ပြင်ဆင်ရေးအပိုင်းကို စဉ်းစားရတော့မယ်။ ကြိုတင်ပြင်ဆင်ရေး အတွက် ဘာတွေလုပ်ကြမလဲ။ ဘယ်သူတွေလုပ်ကြမလဲ။ ဌာနရဲ့ တာဝန်ပေးအပ်မှု အခန်းကဏ္ဍကိုလည်း ပြင်ဆင်ပေးရ တော့မယ်။ လုပ်စရာတွေက အများကြီးပါပဲ။

မော်ကွန်း။ ။ နောက်တစ်ခုမြေပြင်မှာ ဘေးအန္တရာယ်တွေကျရောက်လာတဲ့အခါ ကယ်ဆယ်ရေးလုပ်တာတွေကို မြင်တေ့ွ ရတာတွေဟာ ကြုံသလို လုပ်ဆောင်နေကြတာမျိုးတွေလို့ ဒီကဏ္ဍကို ကျွမ်းကျင်တဲ့သူတွေက ဝေဖန်ကြတာရှိပါတယ်။ နောက် ဖြစ်လာတဲ့အခြေအနေကို ပြည်သူကို သတင်းအချက်အလက်အမှန်အတိုင်း ပေးရမှာကို ဆိုင်ရာဌာနတွေက တွန့်ဆုတ်နေတာတွေလည်း တွေ့မြင့်ရပါတယ်။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဦးမြတ်သာ။ ။ ကျွန်တော်တို့ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေမှာ ပြောကြတဲ့ သီအိုရီတွေရှိပါတယ်။ ရေတွင်း ထဲက လူကို ကယ်ဖို့ဆိုတာ ရေတွင်းအပေါ်က လူက ခိုင်ခန့်တဲ့နေရာ၊ မြဲမြန်တဲ့နေရာ၊ ပြုတ်မကျတဲ့နေရာကနေ ဆွဲတင် ပါမှ။ မဟုတ်ရင် ရေတွင်းထဲကို ဆွဲတင်သူပါ ပြန်ကျသွားနိုင်တယ်။

ဒီလိုပဲ ကယ်ဆယ်ရေးလုပ်သူကလည်း သွားကယ်တယ်ဆိုရင် သူကိုယ်တိုင်ဟာ အသက်အန္တရာယ်အတွက် လုံခြုံစိတ်ချရ တဲ့ အနေအထားကနေ သူများကိုကယ်မှ။ ကယ်မယ့်သူပါသေသွားရင် အကယ်ခံရမယ့်သူလည်း သေမှာပဲလေ။ ဒါက ရှင်းရှင်းလေးပဲ။

အခုက ဘာဖြစ်နေသလဲဆိုတော့ ကယ်ဆယ်ရေးသမားတွေ လုံခြုံစိတ်ချရအောင်လုပ်ဆောင်တဲ့ ဝတ်စုံတွေ၊ အထောက်အ ပံ့ပစ္စည်းတွေ၊ ကိရိယာတွေသုံးစွဲကြရင်ပဲ သတ္တိနည်းတယ်။ ငါတို့က ဘုရင့်နောင်အမျိုးတွေ၊ ဗန္ဓုလအမျိုးတွေ၊ ဒါမျိုးပစ္စည်း တွေမလိုဘူး။ လက်သည်းကြားအပ်စိုက်ခဲ့တဲ့ အမျိုးတွေဆိုပြီး တလွဲဆံပင်ကောင်း၊ ဘာမှမလိုဘူးကွ ဆိုတဲ့ အယူအဆ တွေနဲ့ ကယ်ဆယ်ရေးကို လုပ်နေကြတယ်။

ဒီလိုလုပ်ဆောင်မှုတွေရဲ့သိသိသာသာမြင်သာစေတဲ့ဖြစ်ရပ်တစ်ခုက မွန်ပြည်နယ်၊ဘီးလင်းမှာ ရေကြီးတော့ သွားကယ်တဲ့ တပ်မတော်သားသုံးယောက် ဆုံးသွားရတယ်။ ဒါက ဥပမာတစ်ခု။ ဆွာဆည်ကျိုးတဲ့ပြဿနာမှာလည်း ရေလည်ကောင်မှာ တစ်ခု ဖြစ်ခဲ့တယ်။

ဒါတွေကို ဦးဆောင်လုပ်ဖို့ဆိုတာက ကယ်ဆယ်ရေးလုပ်ကြတဲ့အဖွဲ့အစည်းတွေ ပစ္စည်းကိရိယာစုံရမယ့်အပြင် ဒီဟာ တွေကို စနစ်တကျ ကြိုတင်လေ့ကျင့်ထားတဲ့ လူတွေနဲ့ တွဲပြီးတော့ လုပ်ရမှာဖြစ်တယ်။ ဒီအတိုင်း တွေ့ကရာလူကို သွားကယ်လိုက်ကွာဆိုပြီး ကားတစ်စီးနဲ့ လူတွေလွှတ်ပေးလိုက်တာမျိုး လုပ်လို့မရဘူး။

အခုဆွာဆည်ကျိုးတဲ့ဖြစ်ရပ်မှာ ကယ်တဲ့ လူတွေသွားကြည့်လိုက်ရင် အသက်ကယ်အကျီ ဝတ်ထားသူတောင် တစ်ယောက် မှ မပါဘူး။ ရေကြီးလို့သွားကယ်ကြတာ၊ အသက်ကယ်အကျီတောင်မပါဘူးဆို ဘယ်လိုလုပ်မတုန်း။ ဒါမျိုးတွေ ဟာ စစ်ကိုင်းတိုင်း ကောလင်းဘက်မှာလည်း ဖြစ်ခဲ့ဖူးတယ်။ သွားကယ်တဲ့ မီးသတ်သမားလေး ဆုံးသွားရတာ။ အသက်သွား ကယ်တဲ့ လူတွေ သေဆုံးကြရတာဟာ အများကြီးပဲ။

ဒီလိုတွေ ဘာကြောင့်ဖြစ်သလဲဆိုရင် ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း ဒီလိုလိုက်လုပ်ဖို့လိုအပ်တဲ့ ကိစ္စတွေကို မလွန် ဆန်နိုင်ကြဘူး။ အထက်မှာပြောတဲ့ သတ္တိပြောင်ပေစွဆိုတဲ့ ထုံးတမ်းစဉ်လာကြီးအောက်မှာ၊ အယူအဆအဟောင်း အောက် မှာ နေနေကြတယ်။

ဥပမာ- ဝန်ကြီးတွေက ခါးတောင်းကြိုက်ပြီးသွားနေတာမျိုးပေါ့။ ရေထဲမှာ ကယ်ဆယ်ရေးသွားနေတာ၊ ပစ္စည်းပေးနေတာ တွေဟာ ဒီလိုဝတ်စုံနဲ့ သွားစရာမလိုဘူး။ တိုက်ပုံကြီးတွေနဲ့လည်း သွားစရာမလိုဘူး။

နိုင်ငံတကာမှာဆိုရင် ဒီလိုကိစ္စတွေအတွက် သတ်မှတ်ထားတဲ့ Personal Protection Equitment- PPE  ဆိုတာ ရှိတယ်။ တစ်ကိုယ်ရည်လုံခြုံမှုဆိုင်ရာပစ္စည်းကရိယာတွေပေါ့။ ဒါကို အလကားသတ်မှတ်ထားတာမဟုတ်ဘူး။ ကိုယ့်ရဲ့ အသက် အန္တရာယ် မဖြစ်အောင်၊ ဒုက္ခမရောက်အောင်၊ အခြားသူကို အသက်ကယ်တဲ့အခါ လုံခြုံစိတ်ချစွာနဲ့ ကယ်တင်နိုင်အောင် သတ်မှတ်ထားတာ။

ဥပမာ- လွန်ခဲ့တဲ့ ၁၅ ရက်လောက်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့အတူ စာကြည့်တိုက် တစ်ခုကို အလှူသွားလုပ်တဲ့ ပုံတွေ အွန်လိုင်းပေါ်မှာတက်လာတယ်။ လှေကလေးတစ်စီးနဲ့ ဖြတ်ကူးကြတယ်။ အဲဒီ လှုပ်ရှားမှုပုံတွေမှာ ဒေါ်အောင်ဆန်းစုကြည့်လှေပေါ်က ဆင်းလာတဲ့ ဓါတ်ပုံတွေမှာ အသက်ကယ်အကျီ ဝတ်မထားဘူး။

လှေလေးကလည်း ကရော်ကမယ်သေးသေးလေး။ ပေါင်းမိုးလေးနဲ့ သေးသေးလေးရယ်။ အွန်လိုင်းပေါ်မှာ အဲဒီဟာကို ဝေဖန်တော့ လူတွေက ဝိုင်းပြောကြတယ်။ ရေကတိမ်တိမ်လေး၊ ပေါင်လယ်လောက်သာရှိလို့ မဝတ်တာဆိုပြီး ဝိုင်းပြောကြ တယ်။

အိုကေ၊ ထားပါတော့။ ဒါပေမဲ့ အဲဒီဓါတ်ပုံက တိုင်းပြည်ကို ပေးတဲ့ Massage ( သတင်းစကား) ကြတော့ အကြီးကြီးလွဲသွား ပြီ။ ရေထဲကိုသွားတဲ့အခါ အသက်ကယ်အကျီ ဝတ်စရာမလိုဘူး။ ဒေါ်စုတောင်မှ မဝတ်ဘူး။ အမေစုလို မြန်မာပြည်ရဲ့ ထိပ်တန်းခေါင်းဆောင်၊ နောက်တစ်ယောက်မရနိုင်တဲ့ ခေါင်းဆောင်တောင်မဝတ်ဘူးဆိုတဲ့ massage က အကြီးကြီးဖြစ် သွားပြီ။

အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သာ အဲဒီရေလမ်းခရီးမှာ အသက်ကယ်အကျီဝတ်ခဲ့ရင် တီဗီမှာကြည့်ရတဲ့ ကလေးတွေက ဟယ်..အဘွားစုရယ်၊ ချစ်စရာကောင်းလိုက်တာ။ ကြည့်စမ်း..အသက်ကယ်အကျီကြီးနဲ့ရေထဲဆင်းလာ တယ်။ အနားကလူတွေအကုန်လုံးလည်း အသက်ကယ်အကျီတွေနဲ့။ ဒီလို သတင်းစကားပေးနိုင်တယ်။

ဒီကလေးတွေ၊ နောက်မျိုးဆက်တွေဟာ မှတ်သားနေကြတာ။ အသက်ကယ်အကျီဆိုတာ ဝတ်ရတယ်။ အဘွားစုတောင်မှ ဝတ်တယ် ဆိုတာမျိုးဖြစ်သွားမယ်။ သားတို့၊ သမီးတို့လည်း ရေထဲသွားတဲ့အခါ ဒီလိုဟာ ဝတ်ရမယ်ဆိုတဲ့ဟာပေါ့၊ ဒီလိုမျိုး သတင်း စကားတွေကို ပေးရမယ်။

ခေါင်းဆောင်တွေက အလုပ်များသူတွေမို့ ဒီဟာကို မစဉ်းစားနိုင်ရင်တောင် သူတို့ဘေးက လုံခြုံရေးအရ ယူထားသူတွေဟာ ဒီဟာသည် လုံခြုံရေးအရ ဝတ်ကိုဝတ်ရမယ်ဆိုမျိုး ပံ့ပိုးပေးရမှာ။ Protocal (သတ်မှတ်ချက်) အရ ဝတ်ကို ဝတ်ရမယ် ဆိုတာမျိုး ဖြစ်ရမယ်။ ဒီလို ခေါင်းဆောင်ပိုင်းတွေရဲ့ လုံခြုံရေးအတွင်းစည်းမှာ သတ်မှတ်ချက်တွေဟာ အများကြီးပဲ။ ရှိပြီး သားတွေပါ။ ဒီလူတွေရဲ့ ဘေးက လူတွေဟာ ဘာကြောင့် လိုက်မလုပ်ခိုင်းတာလဲ။ ဒီခေါင်းဆောင်တွေကို အကြံပေးရမယ်၊ တိုက်တွန်းရမယ်။ အမေဝတ်ပါ၊ အဘဝတ်ပါ၊ ဝန်ကြီးဝတ်ပါ စသဖြင့် ဖြစ်နေရမယ်။

ခေါင်းဆောင်တွေက ဒီဟာတွေကို မစဉ်းစားနိုင်ဘူး၊ သူတို့အာရုံက တစ်ခုခုကိုရောက်နေတယ် ဆိုရင်တောင်မှ ဘေးက လူတွေက စဉ်းစားရမယ်။ ခေါင်းဆောင်တွေကို ရံပေးထားတဲ့အဖွဲ့အစည်းတွေက ဒီနေရာမှတော့ ဒါဝတ်ရမယ်၊ ဒီနေရာမှာ တော့ ဒီလို ဝတ်ရမယ်ဆိုတာမျိုး လုပ်ပေးရမယ်။

ဒီတော့ ပြည်သူလူထုဟာလည်း ကယ်ဆယ်ရေးဆိုရင် ဒီလိုတွေပဲ ကျွမ်းထိုးဝင်သွားကြတယ်။ ဘာမှလည်း ဂရုမစိုက်ဘူး။ အခုတော့ ကံကောင်းနေကြသေးတယ်။ ကံဆိုးကြတဲ့နေ့ကြရင် အုံနဲ့ကျင်းနဲ့ ဒုက္ခရောက်တာတွေ ကြားမြင်ရလိမ့်မယ်။  

မော်ကွန်း။ ။ ဖြည့်စွက်ပြောချင်တာများရှိပါသေးသလား။

ဦးမြတ်သာ။ ။ ဖြည့်ပြောချင်တာကတော့ ဒီကိစ္စတွေကို မြန်မြန်လုပ်ရလိမ့်မယ်။ အထူးသဖြင့် ကြိုတင်သတိပေးစနစ်တွေကို ဗဟိုချုပ်ကိုင်မှုနဲ့ သွားနေတာကို ဖြေလျော့ပြီးတော့ တိုင်းနဲ့ပြည်နယ်အလိုက်၊ သူ့တိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့ ဒေသန္တရ ပြဿနာတွေအလိုက်၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကြိုတင်သတိပေးတဲ့ စနစ်တွေ ဖြစ်ပေါ်လာတဲ့အထိ ဖြေလျော့မှု တွေ လုပ်ဆောင်ပြီး မြန်မြန် လုပ်ဆောင်ထားရမယ်။

မော်ကွန်း။ ။ ဒီဟာတွေကို မြန်မြန်မဖော်ဆောင်နိုင်ဘူး။ မလုပ်ဆောင်ကြသေးဘူးဆိုရင်ရော အကျိုးဆက်အဖြစ် ဘာတွေ ဆက်ခံစားရဖို့ ရှိပါသလဲ။

ဦးမြတ်သာ။ ။ အကျိုးဆက်ကတော့ အခု ဆွာဆည်ကျိုးကျတဲ့ပြဿနာမှာ သေတာရော၊ပျောက်နေတာရောဆိုရင် ၁၀ ယောက်လောက် ရှိခဲ့ရတယ်။ ဒါက လူကိုပြောတာ။ ဒီဆည်ကျိုးတဲ့ပြဿနာမှာ ဆုံးရှုံးသွားရတဲ့ ကိုယ်ပိုင်ပစ္စည်းတွေ၊ နောက် တစ်ဦးချင်းအလိုက် တန်ဖိုးထားရတဲ့ အကြောင်းအရာတွေဟာ ဒီရေထဲမှာ ပါသွားရပြီ။ တကယ်လို့ အမျိုးသား ယဉ်ကျေးမှု အထိမ်းအမှတ် ရှိနေတဲ့ နေရာတွေဆိုရင် ဒီလိုဖြစ်ခဲ့ရင် ပြောင်သွားမယ်။ နောက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြောင်သွားနိုင်တယ်။ အားလုံးအစက ပြန်စရမယ်။ ပြဿနာက ဒီလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ချက်ချင်း ပြန်စနိုင်ဖို့အတွက် တိုင်းပြည်မှာက ဘာမှ ပံ့ပိုးပေးနိုင်တဲ့ ယန္တရားရှိမနေဘူး။

ဥပမာ- သီးနှံအာမခံတို့၊ လုပ်ငန်းအာမခံတို့ စသဖြင့် ဘာမှမရှိဘူး။ အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေ အတွက် ဘာမှကို မရှိဘူး။ ပိုက်ဆံချေးပေးတာလောက်သာ ရှိသေးတာ။ ဒီလိုချေးထားတာကို ပြန်မဆပ်နိုင်ရင် တရားစွဲခံ လည်း ထိပြီး ထောင်ကျရုံပဲ ရှိမယ်။ ဒီလို လိုအပ်တဲ့ယန္တရားတွေ မရှိတဲ့ အခြေအနေမှာ ရှိပြီးသားစီးပွားရေး အခြေအနေ တွေကို ဖယ်ရှားရှင်းထုတ်ပစ်လိုက်နိုင်တဲ့ ဒီလိုမျိုး ဘေးအန္တရာယ်တွေကို ကြိုပြီးတော့၊ ပိုပြီးတော့ သတိထားကြဖို့ လိုတယ်။

ဆိုတော့ ဒီဘေးအန္တရာယ်တွေကို ဂရုမစိုက်ရင် ပြဿနာတွေဟာ အများကြီးရှိပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်တွေ နဲ့ ပတ်သက်ပြီး သုတေသနတွေ ကမ္ဘာမှာ လုပ်ထားတာရှိပါတယ်။ ကြိုတင်ပြင်ဆင်ရေးအပိုင်းမှာ တစ်ကျပ်ဖိုး အသုံးပြုရင် ဆုံးရှုံးမှုဟာ ခုနှစ်ကျပ်ဖိုးအထိ ကာကွယ်နိုင်တယ်တဲ့။ အဲဒီတော့ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအပိုင်းကို အစိုးရဟာ မူဝါဒတွေချမှတ်ပြီး သေသေချာချာ လုပ်ဖို့လိုနေပြီ။

_End

 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."