ဂေထော
ဒီဇင်ဘာ ၁၆
ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ (NJ) သည် ဆေးခြောက်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို အစိုးရမှ အသိ အမှတ်ပြု၍ တရားဝင်လှုပ်ရှားမှုရရန် ရည်ရွယ်ပြီး အသင်းအဖွဲ့မှတ်ပုံတင်ရန် အချက်အလက်များ စုဆောင်းနေကြောင်း NJ အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုမောင်မျိုးက မော်ကွန်းကို ပြောသည်။
“ လူငယ်တစ်ယောက်က ဆေးခြောက်တစ်လိပ်နဲ့ ထောင်ထဲကို ၅နှစ်၊ ၁၀ နှစ် သွားနေရတာ အဆင်မပြေဘူးလေ။ ဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ကိုပဲ အဓိကလုပ်နေတာပေါ့နော်။ လောလောဆယ် ဥပဒေပြင်ဆင်ရေးအတွက်ကိုပဲ အရင်ဆုံး လုပ်ရမှာပေါ့” ဟု သူက ပြောသည်။
လက်ရှိတွင် မှတ်ပုံတင်ရန် အချက်အလက်များ၊ စာရွက်စာတမ်းများ စုစည်းနေပြီး အစိုးရနှင့်မသက်ဆိုင်သော အဖွဲ့ အစည်းများ ခေါင်းစဉ်အောက်မှ NGO ပုံစံ အဖွဲ့အစည်းတစ်ခုအနေဖြင့် တရားဝင်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စုအဆင့်မှတ်ပုံတင်လျှောက်ထားရာတွင် မှတ်ပုံတင်ရေးအဖွဲ့ ခွင့်ပြုပါက ရက်ပေါင်း ၉၀ အတွင်း ခွင့်ပြုနိုင်ပြီး ခွင့်မပြုခဲ့လျှင်လည်း ရက် ၃၀ အတွင်း အကြောင်း ပြချက်နှင့်တကွ ပြန်ကြားရမည်ဟု ဖော်ပြထားသည်။
ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ (NJ) ကို ၂၀၁၉ သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး နိုဝင်ဘာ ၁၁ တွင် ဆေးခြောက်တရားဝင် အသုံးပြုခွင့်ရရှိရေး လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် မီးပုံးပျံ ၁၁၁ လုံး လွှတ်တင်ခဲ့ရာ၌ NJ အဖွဲ့ဝင် ကိုစိန်လှမောင်အား ကျောက်တံတား ရဲစခန်းက ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ကာ တရားရုံးက ဒဏ်ငွေ နှစ်သောင်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
#mawkun #magazine #chronicle #dailynews