ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာအနီး၊ စစ်တပ်ပိုင် မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံက အာဏာသိမ်းစစ်တပ်ရဲ့ ဒီကနေ့ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာအရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။
စက်ရုံစောင့်နေတဲ့ စစ်သားက သေနတ်နဲ့ထွက်ပစ်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တာပါ။
“စက်ရုံရဲ့အရှေ့တောင်ထောင့် ရေချမ်းစဥ်အနီးမှာ အပစ်ခံရတာ၊ အဲဒီဘက်မှာ လမ်းရှိတယ်လေ။ သေဆုံးသူက အသက် ၃၂ နှစ်ရှိပြီ၊ ကံကုန်းကျေးရွာသားဗျ၊ အမည်က ကျော်မျိုးထွန်းဗျ။ ကျောကနေ ဗိုက်ဘက်ခြမ်းထိ ကျည်ထိမှန်တာ နေရာတင် သေဆုံးတာပဲ။ ဆိုင်ကယ်စီးနေတာကိုလှမ်းပစ်တာ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
နောက်ထပ် ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူနှစ်ဦးကတော့ ကနီနယ်ဘက်ကလို့ သိရပြီး တစ်ဦးဟာ ဒဏ်ရာပြင်းထန်ကာ နှစ်ဦးစလုံးကို ဆေးရုံပို့ထားတယ်လို့ ဒေသခံကပြောပါတယ်။
“သူတို့ပြောတာတော့ ရပ်ခိုင်းတာမရပ်လို့ ပစ်တယ်ပြောတယ်။ ကင်းပုန်းရှိမှန်းမသိလို့ သွားကြတာ”လို့ ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ဒီကနေ့နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့သေဆုံးရတဲ့ ပြည်သူဟာ ၄,၀၃၅ ဦးအနည်းဆုံးရှိလာနေပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ဝမ်ဘောင်ကုမ္ပဏီမှာရှိ
စစ်သားတွေရောက်လာပြီး မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံမှာ တပ်စွဲခဲ့တာပါ။
“ဒီနေ့လည်း ချင်းတွင်းမြစ်ကနေ စက်လှေနဲ့ ၃၀ခန့် ထပ်ရောက်လာတယ်။ ခုဆို စစ်သားအင်အား ၅၀ခန့်ရှိနေပြီ”လို့ ဒေသတွင်းကျန်းမာရေးပရဟိတအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုထောင်ကပြောပါတယ်။
မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံဟာ ကံကုန်းကျေးရွာနှင့် ထိဆက်နေပြီး လမ်းပဲခြားကာ အခုရက်ပိုင်း ဖြတ်သန်းမသွားကြဖို့လည်း ပြည်သူလူထုကို ပ.အ.ဖ က အသိပေးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီအက်ဆစ်စက်ရုံဟာ တရုတ်-စစ်တပ်/ဦးပိုင်ဖက်စပ် လက်ပံတောင်း၊ ကြေးစင်တောင် ကြေးနီစီမံကိန်းတွေက ကြေးတွေကို သန့်စင်ရာမှာသုံးတဲ့အက်ဆစ်တွေထုတ်ယူဖို့ တည်ဆောက်ထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပါတယ်။
အခုနှစ် ဩဂုတ်လမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နဲ့ဒေသခံပြည်သူတွေဟာ တရုတ်ဖက်စပ်ကြေးနီစီမံကိန်းတွေနဲ့ အက်ဆစ်စက်ရုံတွေကို “ကြေးနီသတ္တုတွင်းအကြောင်းပြု လူသတ်ပွဲတွေလုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီစီမံကိန်းတွေရဲ့ လုံခြုံရေးကိုအကြောင်းပြပြီး အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးနဲ့ယင်းမာပင်နယ်တွေကို စစ်ကြောင်းတွေ အမြဲထိုးလေ့ရှိပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မီးရှို့တာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။
ပုံစာ – ပစ်သတ်ခံရသူရဲ့ရုပ်အလောင်း
ဓာတ်ပုံ – Mawkun Magazine
#Dailynews

