ဗညားကျော်
ရန်ကုန်၊ ၂၀၂၀ – မတ် – ၁၇ (မော်ကွန်း)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်မတော် (AA) နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဆမီးမြို့ကို စစ်ဘေးရှောင်လာသည့် ဒေသခံများအတွက် နေရာထိုင်းခင်းအခက်အခဲဖြစ်နေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
“စစ်ဘေးရှောင်စခန်းကို နေရာ တိတိကျကျထားချင်တယ်။ အခုမှာက လတ်တလော ယာယီအနေနဲ့ထားတော့ နေရာကြပ်လွန်းလို့ အခက်အခဲဖြစ်ကြတယ်” ဟု ၎င်းကဆက်ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်တော် နှင့် တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဝက်မကျေးရွာ၊ ပြိုင်တိန်ကျေးရွာ နှင့် မိတ်ဇာကျေးရွာတို့မှ ဒေသခံထောင်ချီဟာ ဆမီးမြို့ကို မနေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
လက်ရှိအကြမ်းဖျင်းစာရင်းအရ ဆမီးမြို့ကို စစ်ဘေးရှောင် ၁,၄၀၀ ကျော်ရောက်ရှိနေပြီး ၎င်းတို့အတွက် ပြည်နယ်အစိုးရ၏ ဆန်ထောက်ပံ့မှုရရှိထားသည်ဟု ယင်းအုပ်ချုပ်ရေးမှူးက ဆိုသည်။
ဒါပေမယ့် နောက်ထပ်စစ် ရှောင်ဦးရေ ၄၀၀ ဝန်းကျင်ထပ်တိုးလာနိုင်တာကြောင့် ၎င်းတို့ကိုယာယီထားရှိသည့် ဘုရားကျောင်းနှင့် လူနေအိမ်များမှာ ပိုမိုကြပ်တည်းမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များအတွက် ယာယီစခန်းတည်ဆောက်နိုင်ရန် ဆမီးချောင်းကမ်းနဘေးတွင် ရည်ရွယ်ထားပြီး အကောင်အထည်ဖော်ရန် ငွေကြေးလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်နယ်အစိုးရကိုတော့ တင်ပြပြီးသွားပြီ။ ပိုက်ဆံအရေးကြီးတယ်။ အလှူခံတာကလည်း အဆင်မပြေသေးဘူး၊ အဲဒါကို အထူးကူညီစေချင်ပါတယ်။ ကျန်တဲ့ စားစရာကို စိတ်ပူစရာမရှိဘူး” ဟု၎င်းက ပြောသည်။
ဓာတ်ပုံ – ဆလိုင်း
ပုံစာ- ဆမီးမြို့ကိုရောက်ရှိနေသည့် စစ်ဘေးရှောင်များ
#Dailynews