ပလက်ဝ – ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ ဟင်းစားရှာဖို့သွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံးသွားတယ်လို့ ဆမီးမြို့ခံတချို့နဲ့ ဒီနေ့အဆက်အသွယ်ရတော့ ပြောပြပါတယ်။
ကလေးငါးဦးမိခင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးဟာ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်းမှာ အရင်တုန်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့ဖူးတဲ့ ဆမီးမြို့တွင်းက လိပ်ကုန်းတောင်ဗျူဟာအနီး ဟင်းစားရှာဖွေနေရင်း မိုင်းနင်းမိပြီးသေဆုံးခဲ့တာလို့ ဆမီးမြို့ခံတစ်ဦးက ပြောပါတယ်။
” အဲဒီနေ့က သူနဲ့အတူ တခြားအမျိုးသမီးတစ်ဦးလည်း အဖော်ပါသွားပါတယ်။ သူတို့က ဗျူဟာအောက်ကမြောင်မှာ ဟင်းသွားရှာကြတာ။ အဲဒီအချိန်မှာ မိုင်းနင်းမိပြီး တစ်ခါတည်းသေသွားတာပါ။ နောက်တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေး ဟင်းရှာနေကြတာလို့ပြောတယ်” လို့ ဒီအကြောင်းကိုသိတဲ့ အထပ်ပါ ဒေသခံက ပြောပါတယ်။
တောင်ယာကို အခြေပြုကာ သစ်ခုတ်၊ ဝါးခုတ်၊ တောတွင်းဟင်းစားရှာဖွေကြတဲ့အလုပ်တွေနဲ့ အသက်မွေးကြတဲ့ ဆမီးဒေသခံတွေအဖို့ အခုလို မိုင်းအန္တရာယ်ရှိနေတဲ့အပေါ် စိုးရိမ်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကင်းစင်သွားအောင် တိုက်မယ်လို့ကြွေးကျော်ပြီး ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော်(AA)ဟာ ယခင်စစ်ကောင်စီ တပ်စခန်းစွဲဖူးတဲ့ နေရာတွေကို မသွားကြဖို့ ဒေသခံတွေကိုသတိပေးတာတွေလုပ်ထားပေမယ့် စားဝတ်နေရေးကျပ်တည်းကြတဲ့ ဒေသခံတွေကတော့ အရဲစွန့်ရှာဖွေကြတာတွေကို လုပ်ကိုင်နေကြရတယ်လို့ ဒေသခံတချို့က ပြော ပါတယ်။
ချင်းပြည်နယ်မှာ မြေမြုပ်မိုင်းနဲ့ထပ်ဆင့်ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ရှိနေတယ်လို့ ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေ အဖွဲ့(UNICEF)က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်(AA) အများစုထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ဒီနှစ်အစကနေ ဇွန်လအထိ ထပ်ဆင့်ပေါက်ကွဲ စေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၆၇ ဦး ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။
ဒါဟာဒီနှစ်အတွင်း တစ်နိုင်ငံလုံးဖြစ်ပွားမှုရဲ့ ၁၂ ရာခိုင်နှုန်းအထိရှိခဲ့တာဖြစ်ပြီး တတိယအများဆုံး ထိခိုက်သေဆုံးမှုလို့ ဆိုပါတယ်။ ဒီအထဲမှာ ကလေး ငါးဦးသေခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနှစ်အစကနေ ဇွန်လအထိ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၀၂ ဦး သေဆုံးပြီး ၅၉၀ ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ကလေးသူငယ် ၄၃ ဦး သေဆုံးခဲ့ပြီး ၁၇၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ မိုင်းအန္တရယ်အမြင့်ဆုံးဒေသက ရှမ်းပြည်ဖြစ်ပြီး ဒုတိယက စစ်ကိုင်းတိုင်းလို့လည်း ဖော်ပြပါတယ်။
ပုံစာ- AA ထိန်းချုပ် ချင်းတောင်ပိုင်းက ပလက်ဝမြို့။
ဓါတ်ပုံ- ABN
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

