ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
ဆန်ဈေးမြင့်တက်နေတဲ့ကာလမှာ ဆန်ဈေးနှုန်းတည်ငြိမ်အောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဝင်ရောက်ထိန်းညှိဖို့စီစဉ်နေတယ်လို့ အသင်းမှာပါဝင်တဲ့ ဆန်ကုန်သည်တွေကပြောပါတယ်။
အသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ရေးကို လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး ဈေးကွက်အတွင်း သင့်တင့်မျှတတဲ့ဆန်ဈေးနှုန်းဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ရန်ကုန်)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ပြီးခဲ့တဲ့ရက်ကအသင်းချုပ်မှာ ဆန်စပါးဝယ်ယူတဲ့ကုန်သည်တွေ အစည်းအဝေးလုပ်တယ်။ အဲ့ဒီအစည်းအဝေးမှာ ကော်မတီဖွဲ့ဖို့ သဘောတူခဲ့ပြီး ဆောင်ရွက်မယ့်လုပ်ငန်းတွေကို ညှိနှိုင်းခဲ့တယ်။ အဓိကကတော့ ဖြစ်သင့်တဲ့ဈေးနှုန်းဖြစ်ဖို့နဲ့ တောင်သူတွေလည်းတွက်ချေကိုက်ဖို့ ညှိနှိုင်းဈေးနှုန်းကိုထိန်းညှိပေးမှာပေါ့။ ကုန်သည်တွေကို သင့်တော်တဲ့ ဈေးနှုန်းဖြစ်အောင် ညှိပေးရမှာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းစားသုံးနေတဲ့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကုန်စည်ဒိုင်မှာ ၁၁၀,၀၀၀ ကျပ် ရှိပြီး လက်လီဈေးကွက်မှာ ၁၃၀,၀၀၀ ကျပ်ထိ ဈေးမြင့်တက်နေတက်နေပါတယ်။
ဆန်စပါးဈေးနှုန်းတွေဟာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် ဈေးကွက်မှာအလွန်မြင့်တက်နေတာဖြစ်ပြီး ဆန်တွေကို လိုတာထက်ပိုသိုလှောင်မှုတွေရှိနေတာကြောင့် အခုလိုဈေးမြင့်တက်နေတာလို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
“ဆန်တွေကိုလိုတာထက်ပိုလှောင်ထားတဲ့ လက်ကြီးသမားတွေရှိတယ်။ အဲ့ဒီလိုလူတွေကြောင့် ဆန်ဈေးက ပိုပိုပြီးဖြစ်သင့်တာထက် တက်နေတာပေါ့။ အခုက ဆန်သစ်ပေါ်တော့မှာဆိုတော့ သူတို့လည်းပြန်ထုတ်လာတော့မှာမို့ ဈေးကတော့ပြန်ကျနိုင်တယ်” လို့ သူကပြောပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ မိုခါဆိုက်ကလုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့မေလလယ်နောက်ပိုင်းကာလအတွင်း ဆက်တိုက်ဆိုသလို ဈေးနှုန်းတွေမြင့်တက်ခဲ့ပြီး ဆန်ကုန်သည်တွေဟာလည်း ဆန်ဝယ်ယူသိုလှောင်မှုတွေ များလာခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဆန်အထွက်နည်းနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဆန်ဈေးဟာလည်း တစ်အိတ်ကို ပျှမ်းမျှ ကျပ်တစ်သောင်းခွဲကျော်ထိ မြင့်တက်ခဲ့တယ်လို့ ဆန်ဈေးကွက်အတွင်းကကုန်သည်တွေက ပြောပါတယ်။
ပုံစာ – မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အစည်းအဝေးပြုလုပ်နေစဉ်
ဓာတ်ပုံ – MRF
#Dailynews

