ရန်ကုန် – ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း)
ဆန်စပါးသိုလှောင်တဲ့ဂိုဒေါင်တွေကို လာမယ့် သီတင်းပတ်အတွင်း ကွင်းဆင်းပြီးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆီက သိရပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနဲ့ မန္တလေးတိုင်းအတွင်းက စပါးတင်း ၅,၀၀၀ နဲ့ ဆန်တန်ချိန် ၅၀ အထက် သိုလှောင်ထားတဲ့ဆန်သိုလှောင်ရုံတွေကို လာမယ့် ဇွန် ၂၆ ရက်မှာ နောက်ဆုံးမှတ်ပုံတင်လျှောက်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုမှတ်ပုံတင်ကာလပြီးဆုံးပြီးနောက်မှာ ဆန်စပါးဂိုဒေါင်တွေကို စားသုံးသူရေးရာ ဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က အစိုးရ-ပုဂ္ဂလိက ပူးပေါင်းစစ်ဆေးမှုတွေ လာမယ့်သီတင်းပတ်အတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ ဧရာဝတီတိုင်းကဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခုက ပူးပေါင်းစစ်ဆေးမှာ အစိုးရနဲ့ဆန်စပါးအသင်းချုပ်နဲ့၊ မှတ်ပုံတင်လုပ်ထားတဲ့ ဂိုဒေါင်တွေမှာ ဆန်ဘယ်လောက်လှောင်ထားလဲဆိုတဲ့ ပမာဏတွေပေါ့၊ ရောင်းချတဲ့အရောင်းအဝယ်မှတ်တမ်းစာရင်းတွေ၊ ဈေးနှုန်းတွေကို စစ်ဆေးမလို့ ပြောတယ်၊ အဓိကတော့ ဆန်ဈေးတက်နေတာကို ကုန်သည်တွေလှောင်ပြီးဈေးကစားနေတယ်လို့ယူဆပြီး အခုလိုတွေလုပ်တာပေါ့၊ စနစ်တကျလုပ်ရင်တော့ကောင်းတာပေါ့ဗျာ။
မဟုတ်ဘဲ လာစစ်ဟန်ဆောင်ပြီး နောက်ကွယ်မှာ ပါဝင်ပတ်သက်နေရင်တော့ ပိုဆိုးမှာပေါ့” လို့ အဆိုပါ ဆန်စက်လုပ်ငန်းရှင်က ပြောပါတယ်။
ဆန်ဂိုဒေါင်တွေဟာ သိုလှောင်ရုံလုပ်ငန်းအလိုက်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်တွေရဲ့ အပတ်စဉ်၊ လစဉ်စာရင်းတွေ ပြုစုထားရမှာဖြစ်ပြီး အဲဒီ့အချက်အလက်တွေနဲ့ မှတ်ပုံတင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားပါတယ်။
လက်ရှိ မှတ်ပုံတင်ပြုလုပ်မှုနဲ့ စစ်ဆေးမှုတွေဟာ စပါး တင်း ၅,၀၀၀ သို့မဟုတ် ဆန်တန်ချိန် ၅၀ အထက်ပိုပြီး သိုလှောင်ထားသူတွေအတွက်သာဖြစ်ပြီး အသေးစား၊ အလတ်စား တောင်သူတွေ၊ အသေးစား သိုလှောင်ရောင်းဝယ်သူတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း အသိပေးထားပါတယ်။
ယခင်က ဆန်စပါးသိုလှောင်မှုတွေအတွက် မှတ်ပုံတင်စာရင်းပြုလုပ်ရခြင်းမရှိဘဲ လက်ရှိမြင့်တက်နေတဲ့ဆန်စပါးဈေးနှုန်းကြောင့် ဆန်စပါးအသင်းချုပ်ဟာ ဆန်ဈေးကိုထိန်းချုပ်နိုင်အောင် အခုလို ဝင်ရောက်လုပ်ကိုင်လာတာဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။
“အရင်က ဘာမှမလိုဘူးလေ၊ ဆန်လှောင်တာအတွက် ဘယ်ဌာနကိုမှစာရင်းပေးဖို့မလိုဘူး။ အခုက ဆန်စပါးအသင်းချုပ်နဲ့အစိုးရက ပူးပေါင်းပြီး ကြပ်မတ်တာပေါ့။ ဂိုဒေါင်အကြီးတွေကို တကယ်စစ်ဆေးနိုင်ရင်တော့ ကောင်းတာပေါ့။အချို့ကုန်သည်တွေက လှောင်ထားပြီး ဈေးကစားတာတွေရှိတယ်။ အဲ့ဒါမျိုးတွေ လျှော့ချနိုင်ရင် ဆန်ဈေးက ပြန်တည်ငြိမ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းစားသုံးနေတဲ့ ဆန်ဈေးဟာ မြင့်တက်နေပြီး ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်မှုတွေရှိနေတယ်လို့ ဆန်ဈေးကွက်အတွင်းက သိရပါတယ်။
ပုံစာ – ရန်ကုန်တိုင်းက ဆန်သိုလှောင်ရုံတစ်ခုကိုတွေ့ရစဉ်
ဓာတ်ပုံ – MWD
#Dailynews

