ဆင်းရဲနွံထဲနစ်နေတဲ့ ပအိုဝ်းဒေသပညာရေး

ဆင်းရဲနွံထဲနစ်နေတဲ့ ပအိုဝ်းဒေသပညာရေး

မော်ကွန်း – ၂၀၂၂ ဇူလိုင်

မေလနှောင်းပိုင်းရဲ့ တစ်ခုသောနံနက်ခင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရဲ့ ကားဂိတ်တစ်နေရာကို လူအပြည့်နီးပါးပါတဲ့ တရုတ်ပြည်ထုတ် FAW ကားတစ်စီး ထိုးဆိုက်လာတယ်။  

ကားပေါ်ကနေ အသက်ငါးနှစ်ကနေ ၁၀ နှစ်ကြားရှိတဲ့ ကိုရင်လေးတွေဟာ သင်္ကန်းတွေမနိုင့်တနိုင် ဖိုသီဖတ်သီနဲ့ ဆင်းလာကြပြီး သူတို့ကိုလိုက်ပို့တဲ့ အမေတွေ၊ အဒေါ်တွေနဲ့အဘွားတွေလည်းပါကြတယ်။ ဒီကိုရင်လေးတွေဟာမန္တလေးက ဘုန်းကြီးကျောင်းကို သွားကြရမှာပါ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒေသခံပြည်သူအများစုဟာ ဆင်းရဲကြတာကြောင့် သူတို့သားသမီးတွေ မူလတန်းပြီးတာနဲ့ ရပ်နီးရပ်ဝေးက ဘုန်းတော်ကြီးကျောင်းတွေဆီကိုပို့ပြီး ပညာဆက်သင်ခိုင်းကြတာ ဓလေ့တစ်ခုလိုဖြစ်နေပြီလို့ ပအိုဝ်းဒေသခံတွေကဆိုကြပါတယ်။ 

ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ရဲ့ ဒေသအရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးက “ကျွန်မတို့လူမျိုး မိဘတွေက ဆင်းရဲလွန်းတော့ ဈေးသက်သာတဲ့ ပညာရေးကိုပဲစဉ်းစားကြတယ်”လို့ ပြောတယ်။


(ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်နေရာ ဘုန်းတော်ကြီးကျောင်းမှာ စာသင်ပြီးပြန်လာကြသော ကလေးငယ်များ။ (ဓါတ်ပုံ – မော်ကွန်း)

ဘိန်းစိုက်တောင်သူမိသားစုမှာမွေးဖွားလာခဲ့တဲ့ ခွန်ကျော်မျိုးတို့ညီအစ်ကိုတွေဟာ မိဘတွေက ငွေကြေးမတတ်နိုင်တာကြောင့် အငယ်ဖြစ်သူကို ရန်ကုန်ကဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ပေးခဲ့ပြီး သူ့ကိုတော့ တောင်ကြီးမြို့က ဘုန်းတော်ကြီးကျောင်းမှာ လူဝတ်နဲ့ပဲအပ်ထားခဲ့ပါတယ်။

“ဒီအရွယ်ရောက်ရင် ဘုန်းကြီးကျောင်းပို့မယ်ဆိုတာ လူကြီးတွေအားလုံးက စိတ်ထဲရှိထားပြီးသား၊ တချို့က အဝေးမပို့ဘဲ ရွာကကျောင်းမှာတင် ကိုရင်ဝတ်ပြီးပို့ထားလိုက်တာမျိုးတွေအများကြီးပဲ”လို့ ခွန်ကျော်မျိုးကပြောတယ်။

ဘုန်းကြီးကျောင်းပို့ထားတဲ့ကာလတစ်လျှောက်လုံး ကလေးတွေစားရေးသောက်ရေးအတွက်လည်း မိဘတွေအနေနဲ့ ပူပန်စရာမရှိတော့ဘူးလို့ သူကရှင်းပြတယ်။

ဘုန်းကြီးကျောင်းမှာနေပြီး စာသင်ဖို့ဆိုတာလည်း စားဖို့နေဖို့မပူရပေမယ့် အခြားအသုံးစရိတ်တွေ ရှိနေသေးတာကြောင့် မလွယ်ကူပြန်ဘူးလို့ ခွန်ကျော်မျိုးက ပြောပါတယ်။ သူတို့ညီအစ်ကိုလို ဘုန်းကြီးကျောင်းမှာနေထိုင်ပြီး ပညာသင်ရသူတွေဟာ ပအိုဝ်းဒေသမှာ ဒုနဲဒေးပါ။

စာရွက်ပေါ်ကအချက်အလက်နဲ့ မြေပြင်ကအဖြစ်အပျက်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းဆိုပြီး မြို့နယ်သုံးခုရှိပါတယ်။ အဲဒီ့ဒေသကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နဲ့ သူ့ရဲ့စစ်တပ်ဖြစ်တဲ့ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)က အုပ်ချုပ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ ၂၀၀၈ အခြေခံဥပဒေအရ ပါဝင်လာတဲ့ဒေသသတ်မှတ်ချက်ဖြစ်ပေမယ့် PNO အနေနဲ့ လွှမ်းမိုးအုပ်ချုပ်ထားတာ အထူးဒေသ ၆ တစ်ခုလုံးဖြစ်ပါတယ်။

တစ်ချိန်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်ခဲ့တဲ့ PNO ဟာ ၁၉၉၁ နဝတ စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးယူပြီး အထူးဒေသ ၆ အဖြစ် တောင်ကြီးခရိုင်နဲ့ လွိုင်လင်ခရိုင်ကို သတ်မှတ်ပေးခဲ့တာပါ။

အရပ်သားအစိုးရလက်ထက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့  ၂၀၂၀ စာရင်းတွေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်သုံးခုမှာ ရပ်ကွက်နဲ့ကျေးရွာ တစ်ထောင်ကျော်ရှိကာ နေထိုင်သူ လေးသိန်းခွဲ နီးပါးရှိပြီး အသက် ၁၈ နှစ်အောက် တစ်သိန်းခုနှနစ်သောင်းနီးပါးရှိပါတယ်။

ပညာရေးဆိုင်ရာစာရင်းတွေအရ မူလတန်းကနေ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၆၇၀ ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်းရှိကာ ကျောင်းသားပေါင်း ရှစ်သောင်းနီးပါး သင်ကြားနေတယ်လို့ ဖော်ပြထားပါတယ်။

ပအိုဝ်းဒေသပညာရေးနဲ့ပတ်သက်လို့ ၂၀၁၄ သန်းခေါင်စာရင်းက ကျောင်းနေနှုန်းနဲ့ ၂၀၂၀ ကျောင်းနေနှုန်းတွေကို တွက်ကြည့်တဲ့အခါ ၂၀၁၄ က မူလတန်းတက်ခဲ့တဲ့ကျောင်းသားတွေဟာ အလယ်တန်းရောက်ရမယ့် ၂၀၂၀ မှာ တစ်ဝက်နီးပါးကျသွားတာကို တွေ့ရပါတယ်။

ဒါဟာအနီးစပ်ဆုံးရနိုင်တဲ့အချက်အလက်တွေထဲကနေ တွက်ချက်ထားတာဖြစ်ပြီး ပအိုဝ်းဒေသထဲမှာ ပညာရေးနဲ့ပတ်သက်လို့လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့ဆီကတော့ အာဏာသိမ်းကာလ စိုးရိမ်မှုတွေရှိနေလို့ အချက်အလက်တွေ မရရှိခဲ့ပါဘူး။

ဒီဇယားမှာတွေ့ရတဲ့ ဆီဆိုင်မြို့နယ်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ အဆင်းရဲဆုံးမြို့နယ်လို့ ဒေသတွင်းနိုင်ငံရေး၊ ပညာရေးနဲ့ နီးစပ်သူတွေကပြောပါတယ်။

အစိုးရရဲ့ ပညာရေးအစီရင်ခံစာတွေမှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကျောင်းသား၊ ဆရာအချိုးဟာ ၁း၂၀ (ကျောင်းသား ၂၀ဦးလျှင် ဆရာတစ်ဦး) ဝန်းကျင်ရှိနေတာကို တွေ့ရပေမယ့် ဒီကိန်းဂဏန်းဟာ မြို့ပေါ်အတွက်သာဖြစ်နိုင်ပြီး ကျေးရွာတွေအတွက်ဆို လုံးဝမှားနိုင်တဲ့ကိန်းဂဏန်းလို့ ပအိုဝ်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခွန်မျိုးဆွေက သုံးသပ်ပါတယ်။

သူဟာ အဲဒီ့ဒေသမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးကိစ္စရပ်တွေမှာ ဆယ်စုနှစ်တစ်ခုလောက် ကိုယ်တိုင်ထဲထဲဝင်ဝင်ပါခဲ့တဲ့သူတစ်ဦးပါ။

“သူတို့ဒေတာအမှားတွေပါ၊ ၁ အချိုး ၂၀ ဘယ်လိုလုပ်ရှိမှာလဲ၊ ၁ အချိုး ၅၀ ကျောင်းတွေမှ အများကြီး။ ကျွန်တော်ကိုယ်တိုင်ရောက်ခဲ့တဲ့ကျောင်းတွေ” လို့ ခွန်မျိုးဆွေကပြောပါတယ်။ 

သူကြုံတွေ့ခဲ့ရဖူးတဲ့ ဆီဆိုင်မြို့နယ်ထဲက မူလတန်းကျောင်းတစ်ကျောင်းဆိုရင် ကျောင်းသားတစ်ရာလောက်ရှိပေမယ့် ဆရာတစ်ဦးပဲရှိတယ်လို့ဆိုပါတယ်။

ဆရာ၊ ဆရာမတွေ နည်းပါးနေတဲ့ကိစ္စကလည်း ရှေးယခင်အစဉ်အဆက်ကတည်းက ခုထိဖြစ်နေတဲ့ပြဿနာလို့ဆိုပါတယ်။ 

မော်ကွန်းက ရောက်ခဲ့တဲ့ အိမ်ခြေ ၄၀ ကျော်သာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကယန်းရွာ တစ်ရွာဆိုရင် ကျောင်းသား ၅၀ နီးပါးရှိတဲ့ မူလတန်းကျောင်းမှာ ကျောင်းအုပ်အပါအဝင် ဆရာသုံးဦးပဲရှိပါတယ်။ 

အဲဒီအထဲကတစ်ဦးဟာမီးဖွားခွင့်တင်ထားပြီး ကျောင်းအုပ်ကလည်း ကျောင်းကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးကူညီပေးနေရတာကြောင့် တကယ်စာသင်ပေးနိုင်သူဆရာ တစ်ဦးသာရှိပါတော့တယ်။

မနှစ်က စစ်တပ်ကတစ်ကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။

ခန့်အပ်ထားတဲ့ဆရာတွေဟာလည်း စာသင်နှစ်မှာ နောက်ကျတာ၊ မလာတာတွေ အများစုဖြစ်ကြပြီး မလာသူတွေဟာ သူတို့ရဲ့လစာတွေကို အပြည့်မယူတော့ဘဲ မြို့နယ်ပညာရေးမှူးတွေကိုလည်း ပေးကြတယ်လို့ ခွန်မျိုးဆွေကပြောပြတယ်။ 

“ကျွန်တော်တို့ဒေသကို လာတဲ့သူနှစ်မျိုးပဲရှိတယ်။ ပထမတစ်မျိုးက ရာထူးတိုးချင်လို့ ခဏအပြောင်းအရွှေ့နဲ့လာတာ။ ဒုတိယတစ်မျိုးက တကယ်စာသင်ချင်လို့လာတာ။ ဒါပေမယ့် ဒုတိယကတော့ အရမ်းနည်းတယ်”လို့ သူကမှတ်ချက်ပေးပါတယ်။

အရပ်သားအစိုးရလက်ထက် မော်ကွန်းက ကွင်းဆင်းရေးသားခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ ချင်း၊ ကချင်-တရုတ်နယ်စပ်ဒေသတွေက အစိုးရကျောင်းတွေမှာဖြစ်တဲ့ ဖြစ်ရပ်တွေနဲ့ ဆင်တူပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပအိုဝ်းရွာတစ်ရွာမှ ကလေးငယ်များ ဓမ္မစကူးသင်တန်း ညနေပိုင်းတက်ပြီး ပြန်လာကြစဉ်။ (ဓါတ်ပုံ – မော်ကွန်း)

ကွင်းဆင်းလေ့လာမှုတွေအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့ပေါ်အင်္ဂါရပ်တွေဟာ စည်ကားပေမယ့် ရွာတွေမှာတော့ မြို့ပေါ်နဲ့ပြောင်းပြန်ပါ။

ဆီဆိုင်မြို့ဒေသခံ ခွန်မျိုးဆွေကတော့ သူတို့ဒေသက စာသင်ကျောင်းတွေမှာ အစိုးရခန့်အပ်တဲ့ ဆရာ၊ ဆရာမတွေ ရောက်မလာတာ၊ ရောက်လာတဲ့အခါမှာလည်းမမြဲလို့ ရပ်ရွာကငွေစိုက်ထုတ်ပြီး ပြင်ပဆရာတွေကို ပြန်လည်ခန့်ထားရတာတွေရှိတယ်လို့ပြောပါတယ်။

အဲဒါတွေအပြင် ကလေးတွေအတွက်ပါ မိဘတွေက စာအုပ်၊ ခဲတံတောင် ဝယ်မပေးနိုင်ကြတဲ့ ရွာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အစိုးရရဲ့ ပညာရေးဟာ အခမဲ့ဆိုပေမယ့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ပအိုဝ်းဒေသခံတွေအတွက် ရွာမှာ ကျောင်းရှိရင် ထားကြပေမယ့် ခပ်လှမ်းလှမ်းရွာမှာ ကျောင်းထားရမယ်ဆိုရင်တော့ စားရိတ်စားခကုန်ကျရမှာတွေရှိတာကြောင့် တွန့်ဆုတ်သွားတတ်ကြတယ်လို့ ခွန်မျိုးဆွေကရှင်းပြတယ်။

“ကျွန်တော်တို့ ပအိုဝ်းမိဘတွေ ပညာရေးအားမပေးတာမဟုတ်ဘူးနော်၊ အားပေးတယ်။ ဒါပေမဲ့ သူတို့ အားပေးတတ်သလောက်အားပေးတာ ”လို့ သူကပြောတယ်။

ပအိုဝ်းပညာရေးကို ကျားကန်ပေးနေတဲ့ ဘကကျောင်းများ

ပအိုဝ်းဒေသကိုအုပ်ချုပ်တဲ့ ပအိုဝ်းဌာနေပြည်သူ့စစ်ဟာ နဝတခေတ်မှာ ငြိမ်းချမ်းရေးယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ချမ်းသာလာခဲ့ကြပါတယ်။ ဒါပေမယ့် ဘိန်းကိုအဓိကစိုက်ပျိုးရတဲ့ ဒေသခံမိသားစုတွေကတော့ ပြည်သူ့စစ်တွေ၊ ရဲတွေနဲ့ ရပ်ရွာလူကြီးတွေကို အခွန်အမျိုးမျိုးပေးရပြီး ဆင်းရဲတွင်းနက်နေကြတာကြောင့် သားသမီးတွေပညာရေးအတွက် ရွေးချယ်စရာအခွင့်အလန်း နည်းပါးလွန်းတယ်လို့ ဘုန်းကြီးကျောင်းမှာနေပြီး ကျောင်းတက်ခဲ့ရတဲ့ခွန်ကျော်မျိုးကပြောပြတယ်။

ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားတွေကတော့ အစိုးရကျောင်းတွေမှာ ပညာဆက်သင်နိုင်ကြပေမဲ့ မပြည့်စုံတဲ့ကျောင်းသားတွေကတော့ ဘုန်းတော်ကြီးသင်ပညာရေး(ဘက)ကျောင်းတွေဆီကို လမ်းခွဲသွားကြရပါတယ်။

ဘကကျောင်းကို ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးကတော့ မြန်မာပြည်ရဲ့ ပညာရေးလို့ဆိုရင် ဘကကိုချန်ထားလို့မရဘူးလို့ ဆိုတယ်။ 

တစ်နိုင်ငံလုံးမှာ သာသနာရေးဝန်ကြီးဌာနအောက် စာရင်းဝင်ထားတဲ့ ဘကကျောင်းပေါင်း ၁,၆၀၀ ဝန်းကျင်ရှိပြီး နှစ်စဉ် ကျောင်းသား အနည်းဆုံး သုံးသိန်းခွဲဝန်းကျင်ကို ပညာသင်ကြားပေးနေတယ်လို့ အဲဒီဆရာတော်က မိန့်ကြားပါတယ်။

ပအိုဝ်းဒေသကနေ ဒေသတွင်းနဲ့ရပ်ဝေးမြို့ကြီးတွေက ဘကကျောင်းတွေဆီ နှစ်စဉ်ပို့လွှတ်နေရတဲ့ အရေအတွက်ကိုတော့ တိတိကျကျရှာဖွေလို့မရပေမယ့် ဆင်းရဲတဲ့ဒေသခံအိမ်တိုင်းလိုလို သားသမီးတွေကို မပို့ကြတဲ့အိမ်မရှိဘူးလို့ ဆိုကြပါတယ်။

ခွန်မျိုးဆွေအပါအဝင် မော်ကွန်းကတွေ့ဆုံခဲ့တဲ့ ဘကကျောင်းထွက်တွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဘုန်းတော်ကြီးကျောင်းတွေရှိနေလို့သာ ပအိုဝ်းဒေသပညာရေးဟာ တစ်ဘက်က ဟန်သာနေသေးတာလို့ ဆိုကြတယ်။

တကယ်တော့ ဘကတွေဟာ တိုင်းပြည်ရဲ့ မနိုင်တဲ့ဝန်တွေကို မဆီမဆိုင် ဝင်ထမ်းပေးနေရတာလို့ ရန်ကုန်က ဆရာတော်ကဆိုတယ်။ ဒါပေမဲ့ ပညာရေးကို ဝင်လုပ်တဲ့နေရာမှာတော့ ဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် သတိထားရမှာတွေရှိနေပြန်ပါတယ်။

ဘာသာရေးအရ ထိလွယ်ရှလွယ်တဲ့ ဒီနိုင်ငံမှာ အဖွဲ့အစည်းတစ်ခုခုက ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတာ၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင် စည်းရုံးတာတွေ အရင်ကလည်းရှိခဲ့သလို အခုထိလည်း ရှိနေသေးတယ်လို့ ဆရာတော်ကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဦးအောင်ခမ်းထီခေါင်းဆောင်သည့် ပအိုဝ်းပြည်သူ့စစ်၏ – ဇူလိုင်လဆန်းက စစ်သင်တန်းတစ်ခုတွင် တွေ့ရသော ဘုန်ကြီးများ။ (ဓါတ်ပုံ – အထူးဒေသ ၆ ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

ပအိုဝ်းဒေသက ဘကကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းအများစုကတော့ ဒေသအာဏာပိုင်ဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နဲ့ အနီးကပ်ရှိကြပြီး ခပ်ကင်းကင်းနေတဲ့ ဆရာတော်တချို့လည်းရှိတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဆိုတယ်။

ဒီလိုဘာသာရေးခေါင်းဆောင်နဲ့ PNO တို့ ပူးကပ်နေတာဟာ PNO အတွက် ဒေသခံပြည်သူလူထုကို စည်းရုံးသိမ်းသွင်းရတာ၊ နားချရတာတွေဟာ ပိုလွယ်ကူစေတယ်လို့ သူတို့ကဆိုကြတယ်။

ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ဆရာတော်ကတော့ ဘကအများစုဟာ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ရပ်တည်ကြတာဖြစ်ပြီး လှူဒါန်းမှုတွေရဲ့နောက်ကွယ်မှာ အစွန်းကင်းဖို့လိုတယ်လို့ပြောတယ်။

“ပညာရေးဆိုတာ ပညာရေးပဲ၊ တခြားဘာမှ ရောနှောလို့မရဘူး။ ပညာရေးကို ပညာရေးလိုပဲလုပ်ရတယ်”လို့ ဆရာတော်ကမိန့်တယ်။

လူမျိုးစုကိုယ်စားပြုခေါင်းဆောင်တွေ ပြောင်းလဲဖို့လိုပြီလား

ပအိုဝ်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး လူမျိုးစုခေါင်းဆောင်ကိုယ်တိုင်စီမံအုပ်ချုပ်နေပေမယ့် ဒေသခံတွေရဲ့ ပညာရေးနဲ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေတာတွေ့ရပါတယ်။ 

ဒါပေမယ့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ကရင်ပြည်နယ်မှာတော့ ကော်သူးလေပညာရေးစနစ်အဖြစ် တစ်ဆင့်ခြင်းပြောင်းလဲဖို့ကြိုးစားနေတာကို မော်ကွန်းက ပြီးခဲ့တဲ့နှစ်ကတွေ့ရှိခဲ့ရပါတယ်။ (စိန်ခေါ်မှုတွေကြားက ကပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး ဆောင်းပါး

နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီကို ပြင်းပြင်းပြပြဆုပ်ကိုင်ထားတဲ့ ကော်သူးလေဟာ စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ ရွာလုံးကျွတ်မီးရှို့မှုတွေကြားကနေ ကရင်လူမျိုးတွေအားလုံး သင်ကြားနိုင်တဲ့ ကိုယ်ပိုင်ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဒီနေ့အချိန်အခါမှာတော့ KECD လို့ခေါ်တဲ့ ကရင့်ပညာရေးနှင့်ယဉ်ကျေးမှုဌာနအောက်မှာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနဲ့သင်ကြားတဲ့ ကျောင်းပေါင်း ၁,၅၀၀ လောက်ရှိလာပါပြီ။

ဒါအပြင် ကိုယ်ပိုင်ကောလိပ်တွေလည်းရှိလာသလို ကောလိပ်ဆင်းကျောင်းသားတွေကို ကော်သူးလေပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်စေပါတယ်။

ကော်သူးလေပညာရေးအတိုင်ပင်ခံဖြစ်သလို မူဝါဒရေးရာကျွမ်းကျင်သူ စောကပိက ပြည်သူလူထု ကိုယ်စားပြုအဖွဲ့အစည်းခေါင်းဆောင်တွေဆိုတာဟာ ပညာတတ်ဖြစ်ဖို့ထက် စိတ်စေတနာအရင်းခံရှိသူတွေဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ဆိုပါတယ်။

ပအိုဝ်းလူမျိုးတွေဟာ ဘာသာတရားကိုင်းရှိုင်းကြသူတွေ၊ ရိုးအလွန်းပြီး စာတတ်သူနည်းပါးကြောင်း နိုင်ငံရေးတက်ကြွသူ ခွန်မျိုးဆွေကပြောပြတယ်။ အဲဒါဟာ နိုင်ငံရေးအရ အသုံးချစရာတစ်ခုဖြစ်လာခဲ့တယ်လို့ သူကဆက်ပြောတယ်။ 

ပအိုဝ်းဒေသထဲက အိမ်တိုင်းလိုလိုမှာတော့ PNO နာယက ဦးအောင်ခမ်းထီရဲ့ ဓါတ်ပုံကို ဘုရားစင်ပေါ်မှာ တင်ထားကြတာမျိုးရှိသလို ဘုရားစင်ဘေးနဲ့ ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားကြတာတွေလည်း ရှိပါတယ်။

ဒီလိုဒေသတွေမှာ လူပုဂ္ဂိုလ်ကိုးကွယ်မှုတွေရှိနေတာ အဆန်းတော့မဟုတ်ဘူးလို့ စောကပိကပြောပါတယ်။ ပညာရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်မှာ လူငယ်တွေက ဝင်ရောက်တာဝန်ယူရာကနေ အပြောင်းအလဲကိုစတင်လို့ရတယ်လို့ သူကဆိုပါတယ်။

ပအိုဝ်းနေအိမ်အများစုတွင် ဦးအောင်ခမ်းထီ၏ ဓါတ်ပုံအား ချိတ်ဆွဲထားကြသည်။ (ဓါတ်ပုံ – မော်ကွန်း)

အာဏာရှင်စနစ်ဖြုတ်ချရေးဟာ ပအိုဝ်းအတွက်အဖြေလား

ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ်တစ်ဦးကတော့ မြန်မာပြည်ရဲ့ လက်ရှိနွေဦးတော်လှန်ရေးဟာ ပအိုဝ်းတွေရဲ့ ပညာရေးအပါအဝင် အခင်းအကျင်းအားလုံးကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဟိုပုံးမြို့နယ်က ပအိုဝ်းလူငယ် ခွန်ကျော်မျိုးကတော့ စစ်အာဏာရှင်ကို ရရာလက်နက်တွေနဲ့ ဆွဲကိုင်တိုက်ထုတ်နေတဲ့အချိန် သူတို့ဒေသက အာဏာရ PNO လိုအဖွဲ့ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အကြိုက်ကိုသာလိုက်နေတာမို့ ပအိုဝ်းတွေဟာ တော်လှန်ရေးမှာ နှုတ်ဆိတ်နေတယ်လို့ အပြောခံရမှာကို  စိုးရိမ်တယ်လို့ဆိုပါတယ်။

“အချိန်တန်လို့ တော်လှန်ရေးကြီးပြီးသွားရင် မင်းတို့ မပါခဲ့ဘူးဆိုတဲ့ စကားနဲ့ ကျွန်တော်တို့ကို တစ်သက်လုံးနှိပ်စက်သွားမလားမသိဘူး” လို့ သူ့စိုးရိမ်မှုကိုပြောပြတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ တက်ကြွလှုပ်ရှားသူ နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ နွေဦးတော်လှန်ရေးဟာ အဆုံးအဖြတ်မဟုတ်သေးဘူးလို့ဆိုပါတယ်။

“ဒီပညာရေးအပါအဝင် အားလုံးလွတ်မြောက်ဖို့က နွေဦးတော်လှန်ရေးနဲ့မပြီးဘူး၊ ဖက်ဒရယ်ဒီမိုကရေစီရမှပဲ ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်”လို့ သူကဆိုတယ်။ 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခွန်မျိုးဆွေကတော့ “ဒီပညာရေးရော၊ ကျန်းမာရေးကအစ ကျွန်တော်တို့ဒေသမှာ ဒီလူတွေရှိသရွေ့ ဘယ်အစိုးရတက်တက် သူတို့မပြုတ်ဘူး၊ သူတို့ပဲမင်းမူပြီး လျှောက်လုပ်နေဦးမှာပဲ”လို့ ဆိုလိုက်ပါတော့တယ်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."