ရန်ကုန် – ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်အာဏာသိမ်းသည့် ဖေဖာ်ဝါရီ ၁ ရက်မှ စတင်၍ ဖေဖော်ဝါရီ ၁၃ ရက်အထိ အာဏာသိမ်းစစ်ကောင်စီက တယ်လီနောဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီအား ဝန်ဆောင်မှုရပ်တန့်ရန်ညွှန်ကြားချက်များကို တယ်လီနောမြန်မာကထုတ်ပြန်လိုက်သည်။
အာဏာသိမ်းသည့် ပထမနေ့တွင် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေးကွန်ရက်ကို ပိတ်ချရန် ဖိအားပေးခဲ့ခြင်း၊ လေးရက်မြောက်နေ့တွင် ဖေ့စ်ဘွခ်ကို ယာယီပိတ်ရန်၊ ငါးရက်မြောက်နေ့တွင် တွစ်တာနှင့် အင်စတာဂရမ်ကို ထပ်ပိတ်ရန်၊ ခြောက်ရက်မြောက်နေ့တွင် အင်တာနက်ယာယီပိတ်ရန်နှင့် နောက်ထပ်ရက်များတွင် သုံးစွဲသူ IP address နှင့် ဝန်ဆောင်မှုများအလိုက် ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက ထိုသို့ညွန်ကြားခဲ့သော်လည်း တယ်လီနောမြန်မာက ၎င်းတို့၏ ဆက်သွယ်ရေးဝန်ဆောင် မှုကို ရပ်တန့်မသွားစေရန် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
“ညွှန်ကြားချက်တစ်ခုချင်းစီတိုင်းကို တရားဝင်မှု၊ လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှု၊ လိုအပ်ချက်နှင့် အဆင်ပြေစေမှု၊ ပွင့်လင်းမြင်သာမှုတို့အပေါ်မူတည်၍ အကဲဖြတ်ပါတယ်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ ဆက်သွက်ရေးကွန်ရက် ပြတ်တောက်ရခြင်းနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာနသို့ မော်ကွန်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိကြောင်းသာ ဖြေသည်။
စစ်အစိုးရ၏ ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်ခြင်းကြောင့် ပထမဆုံးနေ့မှာပင် မြန်မာနိုင်ငံတွင် စက်ရုံတည်ထားသည့် ဂျပန်ကားကုမ္ပဏီ Suzuki သည် လုပ်ငန်းလည်ပတ်၍ မရတော့ဘဲ ပိတ်လိုက်ရကြောင်း ကြေညာခဲ့သည်။
ထို့အပြင် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်သည့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများလည်း ရပ်တန့်ခဲ့ရပြီး ငွေသွင်း၊ ငွေထုတ် လုပ်မည့်သူများလည်း အခက်အခဲကြုံနေရသည်။
#Dailynews

