ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း)
ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့နေ့လယ်ပိုင်းက တောင်အောက်ကိုဆင်းလာပြီး စိုက်ခင်းထဲကသီးနှံတွေကို ခူးကာ အကုန်ပစ်သတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စိုက်ခင်းဆီကို စစ်သား ၂၀ လောက်ဆင်းလာချိန်မှာ ပိုင်ရှင်တောင်သူတွေဟာ ထွက်ပြေးချိန်မရဘဲထိပ်တိုက်တွေ့ပြီး တချို့ကလည်း ထွက်ပြေးနိုင်သွားကြတယ်လို့ ဒေသခံကပြောပါတယ်။
“ဖမ်းမိတဲ့အထဲက နွားကျောင်းသားနှစ်ယောက်ကို သေနတ်နဲ့ခေါင်းချိန်ထားပြီး ဒူးထောက်ခိုင်းတာ၊ ခူးပြီးတော့ ဒီတဝိုက်ကို ညဘက်လာရင် အဖြူအမည်းမရွေးဘူး၊ အကုန်ပစ်သတ်မယ်လို့ပြောတယ်”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
ခရမ်းသီး၊ ဘူးသီး၊ ဘူးရွက်တွေကို စိတ်ကြိုက်ခူးပြီး ဖမ်းထားတဲ့ နွား၊ သိုးကျောင်းသူတွေနဲ့ တောင်သူတွေကို သေနတ်ချိန်၊ ခြိမ်းခြောက်ပြောဆိုကာ တောင်ပေါ်ကိုပြန်တက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ဒီသတင်းကြားတဲ့ အနီးအနားက မြရွှေစီ၊ စုန်းကျင်း၊ ဘိန်းနွယ်ချောင်စတဲ့ရွာတွေဟာ သူတို့ဆီကို ဝင်လာမယ်အထင်နဲ့ ထွက်ပြေးကြရပြန်တယ်လို့ ဒေသခံကပြောပါတယ်။
“ကြောက်ဒူးတွေတုန်ပြီး စိတ်မလုံတော့ဘူး”လို့ဒေသခံကပြောပါတယ်။
ဒီလိုခြိမ်းခြောက်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာ အချိန်ပြည့်ကြောက်လန့်၊ စိုးရိမ်မှုတွေနဲ့နေနေရပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။
ဒီကနေ့မွန်းလွဲပိုင်းကလည်း ဆားလင်းကြီး၊ ချင်းတွင်းမြစ်ကမ်းနံဘေးက သစ်လုံးတွေထားတဲ့သစ်ဖောင်ဖွဲ့ရုံးကို အာဏာသိမ်းစစ်တပ်က မီးရှို့သွားခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လူသတ်၊ မီးရှို့မှုတွေကြောင့်ဆားလင်းကြီးမှာ ရွှေလှေ၊ လက်ပံတောင်း၊ ကံတော၊ တုံသုံးရွာ၊ ဇီးတော၊ ဖောင်းကတာ၊ မန်ကျည်းတန်းနဲ့ ခြောက်တင်းကျ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ကျောက်မျက်တောင်
ဓါတ်ပုံ – CJ
#Dailynews

