စိန်ခေါ်မှုအဟောင်းအသစ်များနှင့် ကြိုဆိုနေမည့် နှစ်သစ်

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Editorial ဖြစ်ပါသည်။

နိုင်ငံတကာဖိအားများ၊ ပြည်တွင်းအကျပ်အတည်းများ၊ ကမောက်ကမဖြစ်စဉ်များ၊ သည်းထိတ်ရင်ဖိုဖြစ်ရပ်များဖြင့် တင်းကြမ်းပြည့်နှက်နေခဲ့သော ၂၀၁၈ သည် ပြည်ဖုံးကားချသွားခဲ့ပြီဖြစ်ပြီး ၎င်းနေရာတွင် ၂၀၁၉ နှစ်သစ်က အစားထိုးဝင်ရောက်လာပြီဖြစ်သည်။

အခြားနှစ်များနှင့် မတူသည်က ၂၀၁၈ ကုန်ခါနီး တပ်မတော်ဘက်မှ အပြုသဘောဆောင်သော ခြေလှမ်းနှစ်ရပ် လှမ်းလိုက်သည်ကို မြင်တွေ့ခဲ့ရရာ ယင်းမှာ နှစ်သစ်အတွက် လက်ဆောင်များသဖွယ် အချို့ကမှတ်ယူကြသည်။ ပထမခြေလှမ်းကတော့ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများကို လေးလကြာရပ်နားပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် မချုပ်ရသေးသည့် လက်နက်ကိုင်များနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမည့်ကိစ္စဖြစ်သည်။ ဒုတိယခြေလှမ်းကတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အောက်လွှဲပေးမည့်ကိစ္စဖြစ်သည်။

အထက်ပါခြေလှမ်းနှစ်ရပ်သည် တိုင်းပြည်ငြိမ်းချမ်းမှုရရှိရေးနှင့် ပြပြင်ပြောင်းလဲရေးဖော်ဆောင်ရေးတို့အတွက် ကြီးမားစွာ အထောက်အပံ့ဖြစ်စေမည့် ခြေလှမ်းများဖြစ်သည်ဟုလည်း ဆိုနိုင်ကောင်းပါသည်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ မပြီးဆုံးသေးသရွေ့ နှစ်သစ်တွင်စိန်ခေါ်မှုအဟောင်းအသစ်များ ထပ်မံကြုံကြရဦးမည်ဖြစ်သော်လည်း ရရှိထားသော ယုံကြည်မှုများကို အပြုန်းတီးမခံဘဲ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် နှစ်ဆွေးအမြစ်တွယ်ပြဿနာများကို အတတ်နိုင်ဆုံးဖြေရှင်းနိုင်ရေး အစိုးရနှင့် တပ်မတော်တို့ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ရန် လွန်စွာအရေးကြီးပါသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေဆဲဒေသများ ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာ ရေးတို့အတွက် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိရန်လိုအပ်သကဲ့သို့ နိုင်ငံတကာတွင် နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ဘိန်းစိုက်ပျိုးမှု မြင့်တက်နေခြင်းနှင့် မြေမြှုပ်မိုင်းများ မရှင်းလင်းနိုင်သေးခြင်းတို့ကို ဖြေရှင်းရန်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးရရှိရေးသည် မဖြစ်မနေ လိုအပ်လျက်ရှိပါသည်။ လက်ရှိအချိန်ထိ မြန်မာသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေသကဲ့သို့ မြေမြှုပ်မိုင်းအန္တရာယ်နှင့် အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံများစာရင်း တွင်လည်း ပါဝင်လျက်ရှိပါသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာက အချိန်ပြည့် လက်ညှိုးထိုးဝေဖန်ကဲ့ရဲ့နေသော ရခိုင်ပဋိပက္ခကိုလည်း နှစ်သစ်တွင် ရလဒ် ကောင်းများ ပေါ်ထွက်လာသည်အထိ ကြိုးစားဖြေရှင်းရန် လိုအပ်ပါသည်။ နိုင်ငံတကာက လက်ခံလာအောင် စနစ်တကျ ကြောင်းကျိုး ညီညွတ်စွာ ရှင်းလင်းနိုင်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ကျွမ်းကျင်ပညာရှင်များ အကူအညီကို အစိုးရအနေနှင့်ယူရပါလိမ့်မည်။ ပွင့်လင်းမြင်သာရှိရေးကို အကောင်အထည်ဖော်သည့်နေရာတွင် ပြည်တွင်း ပြည်ပသတင်းသမားများအား လွတ်လပ်စွာ သတင်းယူခွင့်ပေးရေးပါဝင်သည့်နည်းတူ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံသည့် ပညာရှင်အချို့ကို ဖိတ်ခေါ်ရန်လည်း လိုအပ်ပါလိမ့်မည်။

နှစ်သစ်တွင် ရခိုင်ပဋိပက္ခကို အထူးတလှယ် အလေးပေးဖြေရှင်းစေလိုသည်မှာ ယင်းပြဿနာကို အကြောင်းပြုပြီး တိုင်းပြည်ကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ကနေ တွန်းချသလိုဖြစ်မည့် ပြည်ပဖိအားများအား အဓိကဟန့်တားရန်ဖြစ်ပါသည်။ ထိုပြဿနာကို အရင်းခံပြီး ပြည်ပမှဖိအားပေးမည့်ကိစ္စများထဲတွင် မြန်မာနိုင်ငံကိုပေးထားသော ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန် အထူးခံစားခွင့် (GSP) ကို ဥရောပသမဂ္ဂက ပြန်ရုပ်သိမ်းမည့်ကိစ္စလည်း ပါဝင်ပါသည်။ ထိုသို့ ရုပ်သိမ်းခံရပါက အထည်ချုပ်လုပ်ငန်းများအပါအဝင် ဥရောပဈေးကွက်ကို ပစ်မှတ်ထားသော ပို့ကုန်လုပ်ငန်းများ အထိနာနိုင်ပါသည်။ တစ်နည်းအားဖြင့် ပြည်တွင်းအလုပ်အကိုင်များအပေါ် သက်ရောက်မှုကြီးနိုင်သဖြင့် အစိုးရအတွက် အကျပ်အတည်းဖြစ်လာနိုင်သည်။

ထိုသို့သော အခြေအနေများ ရှိနေသောကြောင့် ပြုပြင်ပြောင်းလဲရေး စပ်ကူးမတ်ကူးကာလကို ဖြတ်ကျော်နေရသည့် အစိုးရအတွက် နှစ်ဟောင်းကဲ့သို့ပင် နှစ်သစ်သည်လည်း စိန်ခေါ်မှုအဟောင်းအသစ်များနှင့် ပြည့်နှက်နေသည်ကို တွေ့ရပါလိမ့် မည်။ သို့ဖြစ်ရာ အစိုးရအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် လုပ်ကိုင်ရခက်သည့် ကိစ်္စရပ်အချို့ကို ကျော်လွှားနိုင်ရေး တပ်မတော်နှင့် ရင်ကြားစေ့ ရေးကို ဆက်လက်လုပ်ဆောင်ရမည့်နည်းတူ တစ်ဖက်တွင်လည်း အခြေခံကျကျ ပြုပြင်ပြောင်းလဲရမည့်အရာများကို စနစ်တကျ ရဲဝံ့စွာ အရှိန်ဟုန်မြှင့်တင်ရန် ကျွနု်ပ်တို့ မော်ကွန်းမဂ်္ဂဇင်းက တိုက်တွန်းလိုက်ပါသည်။

မော်ကွန်းအယ်ဒီတာအဖွဲ့

အမျိုးအစား - အယ်ဒီတာ့အာဘော်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."