စားသုံးဆီတွေခွဲတန်းနဲ့စျေးချရောင်းပေမယ့် စျေးကွက်ထဲ စျေးမကျဆင်းသေး

စားသုံးဆီတွေခွဲတန်းနဲ့စျေးချရောင်းပေမယ့် စျေးကွက်ထဲ စျေးမကျဆင်းသေး

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၀ ( မော်ကွန်း)

မြန်မာနိုင်ငံဆီကုန်သည်အသင်းက စားသုံးဆီတွေကို ပြင်ပပေါက်ဈေးထက်သက်သာတဲ့နှုန်းနဲ့ ရောင်းချပေးနေတာ တစ်လကျော်ကြာလာပေမယ့် ပြင်ပဈေးကွက်မှာတော့ စားဆီဈေးနှုန်းတွေဟာ သိသိသာသာကျဆင်းလာတာမရှိဘူးလို့ စားသုံးဆီ လက်လီလက်ကားရောင်းချနေသူတွေဆီက သိရပါတယ်။

ဆီကုန်သည်အသင်းက သတ်မှတ်ထားတဲ့ စားသုံးဆီ လက်လီလက်ကားဆိုင်တွေမှာ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာကို ကျပ် ၄,၄၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး လူတစ်ဦးကို ငါးဆယ်ကျပ်သားစီ တန်းစီစနစ်နဲ့ ဇူလိုင်လပိုင်းကစပြီး ရောင်းချပေးနေတာပါ။

ဆီကုန်သည်အသင်းက သတ်မှတ်ရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၄,၄၀၀ ကျပ်ဝန်းကျင်သာရှိပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ် ၉,၀၀၀ ဝန်းကျင်ထိ လက်ရှိမှာဈေးမြင့်တက်နေတာပါ။

လက်ရှိအချိန်ထိတော့ စားဆီဈေးနှုန်း သိသိသာသာ ကျဆင်းသွားတာမရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်က ဆီလက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လူတစ်ဦးကို ငါးဆယ်ကျပ်သားနှုန်းနဲ့ရောင်းချပေးနေတာဖြစ်ပြီး အသင်းကသတ်မှတ်ထားတဲ့ဆိုင်တွေမှာသာ ဆီကုန်သည်အသင်းက ရည်ညွှန်းဈေးနှုန်းနဲ့ ဈေးချပေးတာကြောင့် အဆိုပါဈေးနှုန်းနဲ့ ခွဲတမ်းမရတဲ့ဆိုင်တွေမှာတော့ ပြင်ပဈေးအတိုင်းသာ ရောင်းချနေတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ လက်လီသမားတွေက အဲ့ဒီဈေးမရဘူး၊ အပြင်ဈေးဝယ်ရင် တစ်ပိဿာ ၈,၀၀၀ ကျော်လောက်နဲ့ ဝယ်ရတော့ ကျွန်တော်တို့ ပြန်ရောင်းရင် တစ်ပိဿာကို ၉,၀၀၀ လောက်ဖြစ်သွားတယ်၊ လက်ရှိတော့ ဈေးကမကျသေးပါဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ဆီကုန်သည်အသင်းရဲ့ အဆိုပါ ဈေးနှုန်းနဲ့ ရောင်းပေးနေတဲ့ ဆီဆိုင် ၂၈၀ ကျော်ရှိပြီး တစ်ဆိုင်ကို စားသုံးဆီ ပေပါ အလုံး ၅၀၀ ကနေ ၁,၀၀၀ ထိ ခွဲတမ်းချကာ ဆီကုန်သည်အသင်းက သတ်မှတ်ရည်ညွှန်းဈေးနဲ့ ခွဲတမ်းချရောင်းပေးနေတာလို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ဆီဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းရှင်တွေ၊ ဆီတင်သွင်းတဲ့ လိုင်စင်ရ ကုမ္ပဏီတွေပါဝင်တဲ့ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသေးတယ်။

အဆိုပါ ကော်မတီအနေနဲ့ဈေးကွက်အတွင်း စားဆီဈေးနှုန်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်မှုတွေ မသမာတဲ့လုပ်ဆောင်မှုတွေကို ကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။

လက်ရှိ လျှော့ဈေးနဲ့ရောင်းချပေးနေတဲ့ စားသုံးဆီတွေဟာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေက တင်သွင်းလာတဲ့ဆီတွေကို ဆီကုန်သည်အသင်းက သတ်မှတ်ရည်ညွှန်းဈေးနဲ့ တိုက်ရိုက်စနစ်နဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ပြောပါတယ်။

“သူတို့က အစိုးရဆီက ရောင်းပေးတဲ့ တစ်ဒေါ်လာ ၂,၁၀၀ ရည်ညွှန်းဈေးနဲ့ ရလာတာထဲက အသင်းကခွဲတန်းပြန်စီစဉ်ပေးပြီး ရောင်းနေတာ၊ အချို့ကုမ္ပဏီတွေလည်း ဒီဈေးနဲ့မရလို့ ချမရောင်းပေးနိုင်တာရှိတယ်။ ပြီးခဲ့တဲ့ သုံးရက်အတွင်းရောင်းပေးတာ ပိဿာပေါင်း တစ်သောင်းခွဲရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဆီအသင်းက ဈေးချရောင်းချမှုဟာ လုံလောက်မှုမရှိတဲ့အတွက် စားဆီဈေးကွက်အတွင်း ဈေးနှုန်းနှစ်ခုဖြစ်နေတယ်လို့ စားသုံးဆီ လက်ကားရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“သူတို့လုပ်မှ မှောင်ခိုဈေးကွက်ဖန်တီးသလိုဖြစ်နေတာပေါ့၊ တန်းစီပြီး ရည်ညွှန်းဈေးနဲ့ ၅၀ သား ရောင်းပေးတာက ၄,၄၀၀ ဈေးပေါ့၊ အပြင်ဈေးကွက်မှာ အလွယ်တကူ လူတိုင်းဝယ်လို့ရတဲ့ ဈေးကတော့ ၈,၅၀၀၊ ၉,၀၀၀ နီးပါး ရှိတယ်။ ကျွန်တော်တို့ လက်လီဆိုင်တွေ အဲ့ဒီရည်ညွှန်းဈေးနဲ့က လိုသလောက်မရဘူး၊ ခွဲတမ်းရတဲ့ ဆီကုန်သည်အသင်းက ဆိုင်တွေလောက်ပဲရတာ၊ အဲ့ဒီတော့ ကျန်အပြင်က ဆိုင်တွေကတော့ ဒီတက်နေတဲ့ ဈေးနဲ့ပဲ ရောင်းရတာပါ၊ ရောင်းပေးတဲ့ ဆိုင်တွေကလည်း အလွန်ဆုံးရောင်းပေးရင် တစ်ရက်ကို ပေပါ နှစ်လုံးသုံးလုံးလောက်ပဲ ဟန်ပြရောင်းတာ၊ ကျန်တာက အပြင်ဈေးနဲ့ပဲ ဆက်ရောင်းနေတာပဲလေ” လို့ ပြောပါတယ်။

သာကေတမြို့နယ်က အိမ်ရှင်မတစ်ဦးကတော့ စားဆီ တစ်ပိဿာ ၄,၄၀၀ ကျပ်နဲ့ ရောင်းမယ်ဆိုတဲ့အတွက် ရောင်းချတဲ့ဆီဆိုင်မှာ တန်းစီဝယ်ယူသူတွေ များပြားတယ်လို့ သာကေတမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“ကျွန်မလည်း သူများတွေ တန်းစီဝယ်တာ သွားတိုးတာ ရခဲ့တယ်။ တန်းစီတာက အများကြီးပဲ လူတိုင်းက အကုန်မရဘူးပြောတယ်၊ သူတို့က အရေအတွက်နဲ့ပဲ၊ မရလို့ ပြန်သွားရတဲ့ သူတွေလည်းရှိတယ်၊ လူတစ်ယောက်ကို ငါးဆယ်သားနှုန်းပဲဝယ်လို့ရတယ်” လို့ပြောပါတယ်။

ပြည်တွင်းစားသုံးနေတဲ့ စားသုံးဆီတွေကို မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေဆီက အဓိက တင်သွင်းနေတာဖြစ်ပြီး နှစ်စဉ် တန်ချိန် ၆ သိန်းကျော် တင်သွင်းနေရတာပါ။

ပုံစာ – ဆီတန်းစီဝယ်ယူနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – MEDA


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."