စဉ့်အိုးတန်း ဆိပ်ကမ်းကအလောင်းစည်သူ(ဇာတ်သိမ်းပိုင်း)

စဉ့်အိုးတန်း ဆိပ်ကမ်းကအလောင်းစည်သူ(ဇာတ်သိမ်းပိုင်း)

ကျားဖောင်လုပ်သား

ဖြစ်ပုံမှာ မိဘတွေဆုံးတော့ သူ့အဒေါ်ထံ မိဘတွေက အကြွေးးတွေ ကျန်ခဲ့သည်။ အကြီးဆုံးသားဖြစ်သည့်အတွက် ထိုအကြွေးတွေက သူ့ခေါင်းပေါ်ရောက်လာခဲ့သည်။ အလုပ်က လည်း မရှိ။ ဖြစ်ချင်တော့ သူတို့ရွာတွင် ပင်လယ်လိုက်ရသည့် အလုပ်က ထိုအချိန်တွင် ရေပန်းစားသည်။ သူတို့ဒေသအခေါ် ဘုံကျောင်းဟုခေါ်သော ငါးဖမ်းစက်လှေသို့ သူလိုက်ခွင့်ရ၏။

ပွဲစားတွေကတစ်ဆင့် ပင်လယ်သို့ထွက်ရသည်။ ပိုက်ဆံ မည်မျှရသည်ကိုလည်း သူမသိ။ ရသည့်ပိုက်ဆံ ပွဲစားထံတွင် အကုန်လိုက်ယူဖို့ သူ့အဒေါ်ကို မှာထားခဲ့သည်။ ရွာမှ လူဆယ် ယောက်ခန့်နှင့်အတူ ပင်လယ်ထဲသို့ရောက်ခဲ့လေသည်။ ပွဲစား တွေက ပြောထားသည်က ငါးဖမ်းစက်လှေပေါ်တွင် အလုပ်လုပ်ရ မည်ဖြစ်သည်။ တကယ်တမ်း ပင်လယ်ထဲရောက်တော့ ကျား ဖောင်ပေါ် ချထားခြင်းခံခဲ့ရသည်။

ကျားဖောင်လုပ်ငန်းသည် ကမ်းစပ်မှ ရေမိုင် ၅ဝ အထိဝေး သောပင်လယ်ထဲတွင် လပေါင်းများစွာ နေထိုင်အလုပ်လုပ်ရသည့် ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်းဖြစ်သည်။ အသက်အန္တရာယ် လည်း များလှသည်။ သင်္ဘောဝင်တိုက်မလား။ မုန်တိုင်းနှင့် ပါ သွားမလား စသဖြင့် စိုးတထိတ်ထိတ်နေရသောအလုပ်မျိုးဖြစ် သည်။ ပင်လယ်ရေတက်ရေကျကိုလိုက်၍ ငါး၊ ပုစွန်များ ဖမ်းဆီး ရသည်။

”စတက်လာကတည်းက ပြောတယ်။ ထောင်ထက်၊ စစ် တပ်ထက်ဆိုးတယ်ပေါ့။ ပြန်လမ်းမရှိဘူးတဲ့”

”၂၄ နာရီလုပ်ရတာ။ သေရင် ကမ်းကို ပြန်ပို့ပေးတယ်။ လျော်ကြေးသုံးသိန်းပေးတယ်”ဟု ဖောင်ပိုင်ရှင်၏ လက်ထောက် က ဖောင်ပေါ်စတက်သည်နှင့်သူတို့ကို ပြောသည်ကို ဘယ်ကျော် က ပြန်ပြောပြသည်။

ရောက်သွားပြီဆိုမှတော့ ဘာမှမတတ်နိုင်တော့။ ပိုက်ဆံ ကလည်းယူထားပြီးပြီ။ ဖောင်ပေါ်တွင်ပင်ပန်းဆင်းရဲစွာ အလုပ် လုပ်ရတော့သည်။ နေ့စဉ်ပိုက်ချသည်။ ပိုက်ထဲငါး၊ ပုစွန်များနှင့် ရောထွေးပါလာသည့် အမှိုက်များရွေး၊ ရွေးပြီးသား ငါး၊ ပုစွန် များကို အခြောက်လှမ်းသည်ကလှမ်း၊ ငါးပိသိပ်သည်ကသိပ်၊ ပြီး လျှင် ပိုက်ပြန်ချ။ နားရသည့်အချိန်က တစ်နာရီပြည့်အောင် တောင် မရ။ အလုပ်ကို ဆက်တိုက်လုပ်ရသည်။

ဒီလိုအလုပ်ပင်ပန်းမှုတွေကြောင့် ဘယ်ကျော်အပြင်းဖျား တော့သည်။ လှိုင်းမူးကာ အစားမစားနိုင်ဖြစ်ပြီး အာဟာရပြတ် သွားခြင်းဖြစ်သည်။ ကုသဖို့ ဆရာဝန်ဝေလာဝေး၊ သောက်ဖို့ ဆေးတစ်ပြားပင်မရှိ။ ပင်လယ်ရေငန်ကိုသာ ဆေးအဖြစ် သောက်ရသည်။ ဆားငန်ရေသောက်လျှင် လှိုင်းမူးပျောက်သည် ဟု ဖောင်သမားတွေက ယုံကြည်ထားကြသည်။ အဖျားဒဏ် ကြောင့် တစ်လလောက်မထနိုင်။ မတ်တတ်ရပ်လျှင်ပင် တစ်ခုခု ကို ကိုင်ထားရသည်။ ထိုစဉ်က သူ့ကိုယ်သူသေတော့မည်ဟုသာ စိတ်ထဲ တွေးထားလိုက်သည်။

ကံကောင်းထောက်မသဖြင့် အဖျားရောဂါပျောက်သွားခဲ့ သည်။ တစ်လကျော်ကြာတော့ စားနိုင်သောက်နိုင်ပြန်ဖြစ်လာ၏။ အဖျားကြောင့်မသေခဲ့ပေမယ့် သဘာဝဘေး၊ မတော်တဆ အန္တရာယ်တွေက အချိန်ပြည့်ရှိနေသေးသည်။ ဘယ်အချိန် ကမ်း ကို ပြန်ရောက်မည်ဆိုတာ သူ့ခေါင်းထဲတွင်မရှိ။ ဘယ်နေ့၊ ဘယ် အချိန်၊ ဘယ်လိုပုံစံဖြင့်သေမလဲဆိုတာကိုပဲ တွေးနေရသည့်ဘဝ ဟု ဘယ်ကျော်က ကျားဖောင်လုပ်သားဘဝကြမ်းတမ်းပုံကို ပြောပြသည်။

”အသက်က မနက်နဲ့ ညကိုပဲ သေမင်းဘယ်ချိန် ခေါ်ပါ့မလဲ ဆိုတာကိုပဲ အမြဲတမ်းမျှော်နေရတာ”

သေမည့်အတွေးများက ခေါင်းထဲအချိန်ပြည့်ရောက်နေ သော်လည်း ဘယ်ကျော့်စိတ်ထဲတွင် မမေ့သည့်အရာတစ်ခု ရှိ သည်။ ပင်လယ်ထဲတွင် အသက်စွန့်လုပ်ကိုင်နေရင်း မိဘတွေကို လွမ်းဆွတ်သတိရခြင်းပင်ဖြစ်သည်။ ညစဉ်အိပ်ခါနီးတိုင်း အဖေ နှင့် အမေကို ရှိခိုးကန်တော့သည်ဟု သူက ဆိုပါသည်။

အသက်ကိုဖက်နှင့်ထုပ်ထားရသည့် ကျားဖောင်ပေါ်တွင် နောက်ဒုက္ခတစ်ခုကလည်းရှိသေးသည်။ ဘယ်ကျော်တို့လို ကျား ဖောင်လုပ်သားတွေကို အုပ်ချုပ်သည့် ဖောင်ဦးစီး၏နှိပ်စက်မှုဖြစ် သည်။ လုပ်ငန်းခွင်အတွင်း လွဲချော်မှုတစ်စုံတစ်ရာ ရှိပါက ဖောင် ဦးစီးက ရိုက်နှက်တတ်သည်။

ဘယ်ကျော်ဆို ပိုက်ချတုန်း ပိုက်လန်သွားသဖြင့်တစ်ခါ၊ ပိုက်ပြဲတုန်းကတစ်ခါ၊ နှစ်ခါအရိုက်ခံလိုက်ရသည်။ သုံးကြိမ် မြောက် အရိုက်ခံရသည့်အခါမှာတော့ သူ၏သည်းခံနိုင်စွမ်းတို့ ကုန်သွားခဲ့ပြီ။ တစ်နေ့ အလုပ်မှာလွဲချော်သဖြင့် ဖောင်ဦးစီးက ဘယ်ကျော့်ကို ရိုက်သည်။ အရိုက်ခံရပြီး ခါးတောင်ကောင်း ကောင်းမဆန့်နိုင်ဖြစ်သွားသည်။ စိတ်ထဲက မှတ်ထားသည်။ ည ရောက်တော့ ဖောင်ဦးစီး အပြင်ထွက်သည့်အချိန် ဓားနှင့် ပြေး ထိုးတော့သည်။

ထိုးလိုက်တာက ဗိုက်ကိုဖြစ်သည်။ ဖောင်ဦးစီးက ရှောင် လိုက်သောအခါ နံကြားကို ထိုးမိသွားပြီး သွေးတွေပန်းထွက်လာ ကာ နေရာတွင်ပင်ပစ်လဲကျသွားသည်ဟု ဘယ်ကျော်က ပြန် ပြောပြသည်။ ထိုအချိန် သူ့စိတ်ထဲ ဘာမှမမြင်တော့။ ဒေါသ ကြောင့် မွှန်နေသည်။ ဓားကို လက်က မလွှတ်တမ်းကိုင်ထားသည်။

သူ့အနားလည်း မည်သူကမှမကပ်ရဲကြ။ ကပ်ရင်လည်းသူက ကပ် တဲ့သူကိုသူ့ဓားနှင့်ထိုးမည်ဖြစ်သည်။ ဖောင်ကိုလည်း ကြိုးဖြတ် ကာ မျှောလိုက်သည်။ ဖောင်ပေါ်တွင်ပါသည့် အခြားအလုပ် သမားလေးတွေက အင်္ကျီများကိုချွတ်၊ တုတ်ချောင်းထိပ်တွင် ချည်ကာ မီးရှို့ပြီး အခြားစက်လှေတွေကို လှမ်းခေါ်ကြသည်။

ဖောင်ပေါ်ရှိ အဝတ်အစားတွေလည်းကုန်သလောက်ရှိ တော့မှ  မီးအချက်ပြမှုကြောင့် စက်လှေတစ်စီးရောက်လာသည်။ စက်လှေပေါ်မှလူတွေက အဖြစ်အပျက်ကိုမေးမြန်းပြီး ဘယ် ကျော့်ကိုဖျောင်းဖျကြသည်။ ကိုယ်လည်း လုပ်ပြီးပြီဖြစ်သော ကြောင့် ကိုယ့်အပြစ်ကို ကိုယ်ခံဖို့ ပြောကြသည်။

သူတို့ကိုစက်လှေပေါ်တင်ခေါ်လာပြီး ဘယ်ကျော့်ကို ဖျာပုံ မြို့နယ်အတွင်းရှိ ပင်လယ်ဝတွင်ရှိသော ကုလားထိပ်ရွာ ရဲစခန်း သို့ ပို့သည်။ ထိုအချုပ်ထဲတွင် ကိုးလခန့်နေရပြီး ဖျာပုံထောင်တွင် ထောင်ဒဏ်သုံးနှစ်ခွဲပြစ်ဒဏ်ကျခံခဲ့ရ၏။ သူ ဓားနှင့် ထိုးလိုက် သည့် ဖောင်ဦးစီးကတော့ မသေခဲ့ပါ။

ထောင်ကျသည့်အတွက် သူက ပျော်နေသည်။ ကျားဖောင် ပေါ် တွင် ကိုးလခန့်သာကြာပြီး ကုန်းပေါ်ပြန်ရောက်သောကြောင့် ဖြစ်၏။ ထောင်ကျသည်က သူ့အတွက်ပင်လယ်ထဲက ဘဝထက် သာသည်ဟု ယူဆထားသည်။ အချိန်တန်လျှင် သူထောင်က လွတ်မည်။

ထောင်ထဲတွင် ရောက်ရောက်ချင်း သူနေရသည်က အိမ် သာခန်း။ ထောင်သားတွေ စွန့်သမျှ မစင်တွေကို ကျုံးရ၊ ခပ်ရ သည်။ တစ်နှစ်ခန့်အကြာ အိမ်သာဘုတ်ခေါင်း (အိမ်သာတွင်တာ ဝန်ကျသူများကိုကြီးကြပ်စေခိုင်းရသူ)ဖြစ်တော့မှ ဒီအလုပ်တွေ ကို သူမလုပ်ရတော့။ ချုပ်ရက်ကိုးလနှင့် ပေါင်းလိုက်သောကြောင့် ဖျာပုံထောင်တွင်နှစ်နှစ်ကျော်သာနေရပြီး သူလွတ်လာခဲ့သည်။

အလောင်းဆယ်သမား

ထောင်ကထွက်သည်နှင့် အိမ်သို့ပြန်သွားသည်။ သူ့ညီတွေ၊ ညီမတွေလည်း အိမ်ထောင်တွေနှင့်ဖြစ်ကုန်ပြီ။ ညီတွေ၊ ညီမတွေ အိမ်မှာလည်း မနေချင်။ ထို့ကြောင့် မိဘတွေမရှိသည့် သူ့မွေးရပ် မြေမှ သူထွက်လာခဲ့တော့သည်။ သူနေထိုင်ရာ စဉ့်အိုးတန်း ဆိပ်ကမ်းသို့ ပြန်ရောက်လာခဲ့လေ၏။

ဆိပ်ကမ်းမှာ ကုန်ထမ်းသည့်ဘဝပြန်ရောက်သည်။ ကုန် ထမ်းလိုက်၊ အိပ်လိုက်စားလိုက်နှင့် ကမ်းနားတွင် ကြုံသလိုနေ ထိုင်သည်။ ဒီလို နေထိုင်နေရင်းနှင့် အလောင်းဆယ်တဲ့သူဘဝ ကိုရောက်ဖို့အတွက် ကံကြမ္မာက ဖန်လာသည်။ သူ အလောင်း ဆယ်သည့်အလုပ်ကို မလုပ်ခင်က သူ့ထက် အရင်အလောင်းဆယ် သည့် သူတစ်ယောက် ဆိပ်ကမ်းတွင် ရှိခဲ့သည်။ သူက ရဲသတင်း ပေးလည်းလုပ်သည်။

ဘယ်ကျော်တို့လို ဆိပ်ကမ်းအိမ်လုပ်နေရသည့် သူတွေ ကြား ထိုသူက ဆရာတစ်ဆူ။ သူ့ကို ကပ်ရ၊ ဖားရ၏။ သူစိတ် မထင်လို့ ရဲကိုတိုင်လျှင် မလွယ်။ ဘယ်ကျော်ဆို ထိုသူတိုင်သော ကြောင့် တစ်ခါ၊ နှစ်ခါ ထွက်ပြေးရဖူးသည်။ တစ်ခါတော့ သူ ဆိပ် ကမ်းတွင် အိပ်နေတုန်း ထိုသူရောက်လာလေသည်။ သူ့ကို ဆိပ်ကမ်းတွင် အိပ်သည့်အတွက် ရဲတိုင်မည်ဟုဆို၏။ ဘယ်ကျော် လည်း အဖမ်းခံရမည်ကြောက်သောကြောင့် သူ့ကိုတောင်းပန်ရ သည်။ ရဲတော့ မတိုင်ပါနှင့် ခိုင်းတာလုပ်ပါ့မည်၊ အလောင်းဆယ် သည့်အလုပ်တွင်လည်း ကူညီပါ့မည်ဟု ကတိပေးလိုက်သည်။

ထိုမှစ၍ အလောင်းဆယ်ဖို့ အလုပ်သင်ဆင်းရတော့သည်။ ကုန်လည်း ထမ်းသည်။ အလောင်းတွေ့ရင်လည်းထိုသူနှင့် လိုက် ကူညီပေး၏။ သူပထမဆုံးတွေ့ရသည့် မြင်ကွင်းကို သူ့မျက်စိထဲက မထွက်။ ဆိပ်ကမ်းတွင်ရပ်ထားသည့် သင်္ဘောမှ နိုင်ငံခြားသား တစ်ဦး ပြုတ်ကျသေဆုံးသွားပြီး ပေါ်လာတော့ ပုပ်ပွနေသည့် အလောင်းက အနံ့တထောင်းထောင်း ထနေသည်ဟု ဘယ်ကျော် ကပြန်ပြောပြသည်။ ကိုင်ဖို့အသာထား ကြည့်တောင်မကြည့်ရဲ။

နောက်တော့ သူ့ဆရာက သူ့ကို ရဲဆေးတင်ပေးသည်။ အလောင်းဆယ်မည်ဆိုရင် အရက်သောက်ရမည်ဟုဆိုကာ သူ့ ကို အရက်စတိုက်သည်။ ထိုအချိန်မှစ၍ သူ အရက်သမားဘဝသို့ ရောက်ခဲ့သည်။ အရက်ကို နေ့နေ့ညညသောက်သည်။ ဆရာ ဖြစ်သူနှင့်အလောင်းဆယ်တာ ကူညီလိုက်၊ ကုန်ထမ်းလိုက်၊ အရက် သောက်လိုက်နှင့်ကမ်းနားတွင် ပေပေတေတေ နေထိုင်ခဲ့သည်။

သူ့ဆရာဖြစ်သူလည်း သက်ဆိုးတော့ မရှည်လိုက်။ အရက် အလွန်အကျွံသောက်သောကြောင့် သေဆုံးသွားသည်။ သူ့ဆရာ သေဆုံးပြီးချိန်မှာတော့ ဆောင်းပါးအစတွင်ဖော်ပြခဲ့သလို        အလောင်းကိုင်ဖို့အခွင့်အရေးကြုံလာတော့ ကမ်းနားတွင် လွတ် လွတ်လပ်လပ်နေထိုင်ခွင့်ရရေးအတွက် ဘယ်ကျော်က အလောင်း စည်သူဘွဲ့ကို ခံယူခဲ့လေသည်။

လုပ်ခါစကတော့ သူ့ဘဝရှင်သန်နေထိုင်ရေး အဆင်ပြေ စေရန်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ လုပ်ရင်းကိုင်ရင်း သူ စေတနာထားတတ်လာခဲ့သည်။ ရေပေါ်တွင် မျောချင်ရာမျောတော့ မည့် လူသေအလောင်းများကို ဆယ်ပေးကာ ဆေးရုံသို့ ပို့ဆောင် ပေးသဖြင့် ကောင်းကောင်းမွန်မွန်သြင်္ဂိုဟ်ခွင့်ရသည်ကို ကုသိုလ် ရသည့် လုပ်ငန်းတစ်ခုအဖြစ် သဘောထား၏။

”နောက်တော့မှပြန်စဉ်းစားလိုက်ရင် ငါဟာ ဘဝမှာ ကုသိုလ်ဆိုတာလည်း ဘာမှမလုပ်ခဲ့ဘူး။ အမြဲတမ်း အကုသိုလ်ပဲ ဖြစ်နေတယ်။ အဲဒီတော့ကုသိုလ်လေးတစ်ခုကို စွဲစွဲမြဲမြဲကိုင်ထား မှဆိုပြီး ဒီအလုပ်ကို လုပ်နေတာ”ဟု သူ့ခံယူချက်ကို ဘယ်ကျော် က ပြောပြသည်။

အလောင်းဆယ်သည့်အတွက် ပိုင်ရှင်မဲ့အလောင်းဆိုလျှင် ရဲက ကျပ်ငါးထောင်၊ တစ်သောင်းပေးသည်။ ပိုင်ရှင်တွေ့ပြီ ဆိုလျှင်တော့ တစ်သောင်းခွဲ၊ နှစ်သောင်းရသည်ဟု သူကဆိုပါ သည်။ ဆယ်သည့်အလောင်းတော်တော်များများကတော့ ပိုင်ရှင် မဲ့တွေများသည်ဟု သူက ဆိုပါသည်။

ပိုင်ရှင်ရှိလျှင်လည်း သူက ပိုက်ဆံကို သိပ်မတောင်း၊ ပေး သမျှ ယူထားလိုက်သည်။ သူများတွေ ပူဆွေးဝမ်းနည်းနေသည့် အချိန်တွင် တောင်းရတာ အားနာသောကြောင့်ဟု ဘယ်ကျော် က ဆိုပါသည်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း ဆင်းရဲတဲ့သူ ဖြစ် သောကြောင့် ဘဝတူတွေဖြစ်နေလျှင ်သူက စာနာတတ်သည်။

”ကျွန်တော်က ဆင်းရဲတဲ့လူဆိုရင် တော်ရုံတန်ရုံ ပိုက်ဆံ မယူတော့ဘူး။ တောင်းလည်း မတောင်းတော့ဘူး”

အလောင်းဆယ်သည့် အလုပ်ကလည်း လွယ်ကူလှသည် တော့ မဟုတ်။ အလောင်းဆယ်ရင်း ကိုယ်တိုင်လည်း အလောင်း ဖြစ် သွားနိုင်သည်။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲဆယ်ရသည့် အလောင်း တွေလည်းရှိသည်။ ရေစီးနှင့်မျောလာသည့် အလောင်းများက ကမ်းနားတွင် ကပ်ချင်သည့်နေရာတွင် ကပ်နေတတ်သည်။

သင်္ဘောကြိုသင်္ဘောကြားထဲရောက်သည့်အခါ အကြို အကြားထဲ ဝင်ရောက်ဆွဲထုတ်ရသည်။ အခန့်မသင့်ဘဲ သင်္ဘော အောက်၊ ဆိပ်ခံဘောတွေအောက် ရောက်သွားလျှင် သူလည်း အသက်ရှင်နိုင်မည်မဟုတ်။

တစ်ခါတစ်ရံ ရေထဲမျောနေသည့်အလောင်းတွေဆိုလျှင်လည်း မြစ်ထဲဒိုင်ဗင်ပစ်ကာ လိုက်ဆယ်ရသည်။ အလောင်းကို ကိုင်မိလျှင် ခြေတွေ၊ လက်တွေကြိုးတုပ်ကာ စက်လှေတစ်စီးဖြင့် ကမ်းသို့ဆွဲယူရသည်။ ပလတ်စတစ်ကြိုးဖြစ်သောကြောင့် ရေစီး က သန် ရေဆန်ကိုပြန်တက်ရသည့်အခါမျိုးတွင် ကြိုးပြတ်သွား တတ်သည်။ ထိုအခါ ဘယ်ကျော်လည်း အလောင်းကို ဖက်ကာ ရေစီးနှင့် လိုက်မျောရသည်။ စက်လှေက နောက်ကနေ လိုက် ဆွဲပေရော့။

ကမ်းပေါ်ရောက်သည်နှင့် အလောင်းကို တာလပတ်နှင့် သေချာထုပ်ပိုးကာ ဆေးရုံသို့ ပို့ရသည်။ တစ်ခါတစ်ရံ ပုပ်ပွနေ သည့် အလောင်းတွေကို ပယ်ပယ်နယ်နယ်ကိုင်တွယ်ခဲ့ပြီးလျှင် သူ့ကိုယ်တွင်လည်း အပုပ်နံ့က စွဲနေတတ်သည်။ ထိုအခါ ရိုးရိုး ဆပ်ပြာနှင့် ဆေး၍မရ။ လက်တွေကို ကွမ်းတံတွေးနှင့် ဆေးသည်။ ကိုယ်လုံးကိုတော့ လက်ဖက်အသား လက်တစ်ဆုပ်စာကို ဖျော် ပြီးလောင်းချမှ အနံ့ပျောက်သည်ဟု သူက ဆိုသည်။

ကုန်းပေါ်သေသည့်လူများလည်း သူ့လက်နှင့်မလွတ်။ ဆိပ် ကမ်းတစ်ဝိုက်လမ်းဘေးတွင် သေဆုံးနေသူများကိုလည်း သူက လိုက်ကောက်ပေးသည်။ အလောင်းဆယ်သည့်အလုပ်က အချိန် အတိအကျမရှိ။ အလောင်းတွေ့သည်နှင့် ရဲကသူ့ကို လာခေါ်လျှင် ပြေးရသည်။

တစ်ခါတလေအလောင်းနှင့်အတူ ညအိပ်ရသေးသည်။ တစ်ခါ ညဘက်ကြီး လမ်းဘေးတွင် အရက်သမားတစ်ယောက် သေဆုံးနေသဖြင့် ဘယ်ကျော် အလောင်းကို ဆေးရုံပို့ရန် သွား ထုပ်ပိုးပေးသည်။ ထုပ်ပိုးပြီးချိန်အထိ အလောင်းသယ်မည့် ဆေးရုံကားက မလာသေး၊ အလောင်းနားကလည်း ခွာ၍ မဖြစ်။ သူ့တာဝန်က ဆေးရုံရောက်အောင် ပို့ဆောင်ပေးရမည်ဖြစ် သည်။ ထို့ကြောင့် ဆေးရုံကားစောင့်ရင်း အလောင်းဘေးမှာတင် အိပ်ခဲ့ရသည်ဟု သူက ပြန်ပြောပြပါသည်။

ရေထဲတွင်လည်း တစ်ခါတစ်ရံ တစ်နေ့တည်း သုံး၊ လေး လောင်းဆယ်ရသည်။ မှတ်မှတ်ရရ သီလဝါဆိပ်ကမ်းနားတွင် ငါးဖမ်းစက်လှေကို  နိုင်ငံခြားသင်္ဘောဝင်တိုက်သွားတုန်းကဖြစ်သည်။ စက်လှေနှစ်ပိုင်းပြတ်သွားပြီး လူဆယ်ယောက်ခန့် သေ သွားသည်။ အလောင်းတွေက ခြေပြတ်လက်ပြတ်ဖြစ်နေကြ သည်။ အဲဒီတုန်းက စက်လှေပျက်ထဲက အလောင်းတွေကို တစ်စ စီ ဆွဲထုတ်ခဲ့ရတာ မှတ်မှတ်ရရဖြစ်ခဲ့သည်ဟု သူက ဆိုပါသည်။

သူတစ်ယောက်တည်း မနိုင်သည့်အတွက် သူ့တပည့်တွေပါ အကူခေါ်လိုက်ရသည်။ သူ့လိုပင်ဆိပ်ကမ်းမှာ နေထိုင်ကာ ကြုံ ရာလုပ်ကိုင်စားသောက်သူတွေကို သူက အလောင်းဆယ်ပုံဆယ် နည်းကိုသင်ပြထားသည်။ လေးငါးဆယ်ယောက်ခန့် ရှိသည်ဟု သူကဆိုသည်။

သူဆယ်ယူခဲ့ရသည့် အလောင်းတွေကတော့ စုံသည်။ ယောကျ်ားမိန်းမ၊ သီလရှင်တွေတောင် ပါသည်။ သူကတော့ လူ မျိုးဘာသာမရွေး ပေါ်သည့် အလောင်းမှန်သမျှ စေတနာထားကာ ဆယ်ယူဆောင်ရွက်ပေးသည်ဟု ဆိုပါသည်။ တစ်ခါတစ်ရံ ငါး တွေစားထားသည့်အတွက် အလောင်းတွေက ပုံပျက်ပန်းပျက် ခေါင်းမပါ၊ ခြေတွေလက်တွေ မပါ။ သူက သေချာထုပ်ပိုးကာ စေ တနာနှင့် ဆောင်ရွက်ပေးသည်။

အလောင်းဆယ်နေရင်း သူစိတ်မကောင်းဖြစ်ရသည့်အခါ လည်းရှိခဲ့ဖူးသည်။ တစ်ခါတော့ ရဲက သူ့ကို ဖုန်းဆက်သည်။ အလုံ ကမ်းနားတွင် အလောင်းတစ်လောင်း ရေနှင့်မျောလာကာ ကမ်း ပေါ်တင်နေသည်ဟုဆိုသည်။ ထိုနေရာသို့ သူရောက်သွားသည်။

အလုံကမ်းနားကိုရောက်သည့်အခါ ရေစီးနှင့် မျောလာ သည့်အလောင်းက အမှိုက်ပုံပေါ်တွင် မည်သို့တင်နေသည် မသိ၊ ကားကားကြီးဖြစ်နေသည်ကိုလှမ်းတွေ့လိုက်ရသည်။ အမှိုက်ပုံ ပေါ်တက်ကာ အလောင်းကို သယ်ဖို့ပြင်သည်။ အနီး ရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူမှင်တက်မိ သွားရသည်။

တွေ့လိုက်ရသည်က အမျိုးသမီးအလောင်းဖြစ်သည်။ ရိုးရိုး အမျိုးသမီးမဟုတ်။ ကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။ ကားကားဖောင်း ဖောင်းကြီး။ ထပ်ကြည့်မိပြန်တော့ သူစိတ်ထဲ အတော်ထိခိုက် သွားရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး ပေါင်ကြားထဲ တွင် ကလေးက တစ်ဝက်လောက်တောင် ထွက်နေပြီဖြစ်သော ကြောင့်ပင်။ အလောင်းမျိုးစုံကို ဆယ်ခဲ့ရသည့် သူက ဒီလိုမျိုး တစ်ခါမှ မကြုံဖူး။ သူ့တပည့်တစ်ယောက်လည်း ပါသည်။

သူ့တပည့်ကို ဗိုက်ထဲမှ ကလေးကိုဆွဲထုတ်ခိုင်းလိုက်သည်။ ဆွဲထုတ်ပြီးသည်နှင့် ကလေးကို သူ့အမေနှင့်ကပ်ခိုင်းထားလိုက် သည်။ ကလေးက ယောကျ်ားလေး။ သူ့စိတ်ကူးက ကလေးနှင့် အမေကို ခွဲမထားလို။ ထို့ကြောင့် သားအမိနှစ်ယောက်စလုံးကို သေချာယှဉ်ပူးပြီးထုပ်ပိုးကာ သူကိုယ်တိုင် ပခုံးနှင့် ထမ်းပိုးပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မှတ်မှတ်ရရ သူ စိတ်မကောင်း ဖြစ်ခဲ့ရသည့် အတွေ့အကြုံကို ဘယ်ကျော်က ပြန်ပြောပြပါသည်။

၂ဝဝ၈ နာဂစ်မုန်တိုင်းတုန်းက ဆယ်ခဲ့ရသည့်အလောင်း တွေကလည်း သူ့အတွက် မမေ့နိုင်စရာ။ မုန်တိုင်းတိုက်တော့ စဉ့် အိုးတန်းကမ်းနားမှာ ရေတွေ တက်လာသည့်အခါ ညောင်ပင် လေးဈေးသို့ သူထွက်ပြေးခဲ့ရသည်။ ထိုအချိန်ကလည်း အလောင်း တွေက ဆယ်လို့တောင် မနိုင်။ အဲဒီအချိန်က သူတစ်ယောက် တည်းတော့မဟုတ်။ ကူညီဆယ်ပေးသည့်သူတွေက များသည်။

နာဂစ်တုန်းကတော့ သူ လုပ်အားဒါနပြုခဲ့သည်။ ဆယ် သည့်အလောင်းများအတွက် သူပိုက်ဆံမယူခဲ့။ လူတွေ ဒီလောက် သေတာကိုလည်း သူတစ်ခါမှမမြင်ဖူးခဲ့။ စိတ်လည်းအတော်ထိ ခိုက်ရသည်ဟုသူကဆိုပါသည်။ ထိုအချိန်က တစ်နေ့တစ်နေ့ သူ ဆယ်ရ သည်က ကိုးလောင်း၊ ဆယ်လောင်းခန့်ရှိသည်။

”နာဂစ်ဆိုတာ လူတွေက ဒုက္ခရောက်နေတဲ့အချိန် ထမင်း စားဖို့ တောင် အခက်တွေ့နေတာ ကိုယ်က ဘယ်လို အခွင့်အရေး ယူရက်မလဲ”

လက်ရှိမွေးစားအမေ ဒေါ်မြင့်အေး ထမင်းဆိုင်တွင် တွေ့ရသည့် ဘယ်ကျော်။ ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

 

သရဲအခြောက်ခံရခြင်း

အလောင်းတွေ အမြဲတမ်းကိုင်တွယ်နေရသည့်အတွက် သရဲရောကြောက်တတ်သေးလားဟု သူ့ကို မေးလိုက်သည်။ အရင်ကတော့ သူက သရဲကြောက်တတ်သည်ဟု ဆိုသည်။ သို့ ပေမယ့် အလောင်းတွေကို ကိုင်တွယ်ရပြီးနောက်ပိုင်း မကြောက် တော့ဟု သူက ဖြေသည်။

ထိုသို့ သရဲမကြောက်တတ်သည့် ဘယ်ကျော်လည်း တစ်ခါ သရဲအခြောက်ခံရဖူးသည်။  လွန်ခဲ့သောနှစ်နှစ်ခန့်က ဖြစ်သည်။ တစ်ညနေမှာတော့ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း မျောလာ တာကို သူနှင့် သူ့တပည့်နှစ်ယောက် ဆယ်ရသည်။ သေသူက အဘွားကြီးတစ်ယောက်။ လက်မှာ နာရီလည်း ပတ်ထားသည်။ သူ့အိတ်ထဲတွင် ပိုက်ဆံတစ်သိန်းခွဲလောက်ပါသည်။ ပိုက်ဆံကို သူ့တပည့်နှင့် တစ်ယောက်တစ်ဝက်ခွဲယူလိုက်သည်။ နာရီကို တော့ ဘယ်ကျော်က ပတ်ထားလိုက်သည်။

ပိုက်ဆံကို တွေ့တွေ့ချင်းကတော့ အဲဒီလောက် များမှန်း မသိ။ ပိုက်ဆံက ရေတွေစိုကာ ကပ်နေသောကြောင့် သုံးလေး ထောင်ခန့်သာရှိမည်ဟု သူတို့က ထင်သည်။ ရဲကလည်း ဆယ် ပေးသည့်သူတို့ကို ထိုပိုက်ဆံအထပ်ကလေးကို ယူခိုင်းသည်။ နောက်မှ ပိုက်ဆံကိုဖွင့်ကြည့်တော့ တစ်ထောင်တန်အောက်မှာ ငါးထောင်တန်တွေဖြစ်နေသည်။  ရေကြည့်လိုက်တော့ တစ်သိန်းခွဲ။

အလောင်းကိုပို့ပြီးသည်နှင့်နှစ်ယောက်သား အရက် သောက်ကာ ပြန်လာခဲ့သည်။ ပြန်လာရင်း သူ့တပည့်ဖြစ်သူက အငြိမ်မနေ၊ မူးမူးနှင့် ညနေက ဆယ်ခဲ့သည့်အလောင်းကို တိုင် တည်ကာ အိမ်လိုက်ခဲ့ဖို့၊ သူခိုင်းတာလုပ်ပေးဖို့ ပေါက်တတ်ကရ တွေ အော်ပြောလာသည်။

ထိုအချိန် လမ်းလျှောက်လာရင်း ဘယ်ကျော့်စိတ်ထဲတွင် သူတို့နှစ်ယောက်နှင့်အတူ လူတစ်ယောက်ကပ်ပါလာသည်ဟု ခံစားလိုက်ရသည်။ ဘေးကိုကြည့်လိုက်တော့ သူတို့နှစ် ယောက်နှင့် အပြိုင် ကတ္တရာလမ်းပေါ်တွင် လမ်းလျှောက်နေသည့် ခြေရာတစ်ခု။ ခြေရာမှ ရိုးရိုးခြေရာမဟုတ်၊ သွေးခြေရာဟု ဘယ် ကျော်က ပြန်ပြောပြသည်။  မူးနေ၍ ထင်မိထင်ရာမြင်ခြင်းလား သူမဝေခွဲတတ်။

ညဘက်အိပ်တော့ အိပ်မက်ထဲတွင် သူ့အပေါ်ကို တစ်ယောက် ယောက်က ခွစီးထားသလိုခံစားနေရသည်။ သူ့ဝမ်းဗိုက်ကို ကြည့် လိုက်တော့ လှိုင်းလေထန်နေသလို နိမ့်ချည်မြင့်ချည်ဖြစ်နေတာ ကို တွေ့ရသည်။ အိပ်မက်ကနေ သူလန့်နိုးလာခဲ့၏။ ချွေးစေးတွေ လည်း ပြန်နေပြီ။ နိုးနိုးချင်း ဘုရားစာထရွတ်မိသည်။ မနက်လင်း တော့ သူ့တပည့်ဖြစ်သူလည်း ညက အိမ်ပေါ် အိပ်ပျော်နေရင်း နိုး လာတော့ အိမ်ရှေ့က မြောင်းထဲရောက်နေသည်ဟု သူ့ကို ပြန် ပြောပြသည်။

သူတို့လည်းကြောက်သွားသည်။ အဘွားကြီးထံမှ သူယူ ဝတ်ထားသည့် နာရီကိုလည်း မြစ်ထဲလွှင့်ပစ်လိုက်သည်။ အဘွား ကြီးဆီက ပါလာသော ပိုက်ဆံတချို့တစ်ဝက်ကိုလည်း ဗိုလ် တထောင်ဘုရားသို့ သွားလှူကာ သေသူအတွက် ကုသိုလ်ကောင်း မှုပြုပေးပြီး အမျှအတန်းဝေလိုက်သည်ဟု သူ သရဲအခြောက်ခံခဲ့ ရသည့် အဖြစ်အပျက်ကို ပြန်ပြောပြသည်။ နောက်နေ့တော့ အခြောက်မခံရတော့။

လမ်းမှန်သို့ရောက်ရပြီ

သူကိုယ်တိုင်သရဲအခြောက်ခံခဲ့ရသလို အလောင်းဆယ် သည့် သူ့ကိုလည်း လူတွေက သရဲလိုကြောက်ကြသည်။ တော်ရုံ သူ့အနား မည်သူကမှမကပ်။ ထမင်းဝယ်စားမည်ဟု ဆိုင်ထဲဝင် သည်နှင့် ဆိုင်ရှင်တွေက မောင်းထုတ်သည်။ အလောင်းတွေကို အမြဲတမ်းကိုင်တွယ်နေသည့် သူ့အနားတွင် နာနာဘာဝများ ကပ် နေမည်ဟု လူတွေက ထင်ကြ၊ ကြောက်ကြခြင်းဖြစ်သည်။

သူကလည်း မူးလာလျှင် ပေါက်ကရတွေ လျှောက်ပြောနေ တတ်တာလည်းပါသည်။ သူ့အနောက်တွင် သရဲသုံးကောင် လိုက် လာကြောင်း၊ သူတို့ဗိုက်ဆာနေသဖြင့် ထမင်းကျွေးရန်ထမင်း လာဝယ်တာဖြစ်ကြောင်း ပြောတတ်သည်။ လက်ရှိ သူ့ကို မွေး စားထားသည့် ဒေါ်မြင့်အေးဆိုလျှင် ဘယ်ကျော့်ကို သ့ူထမင်းဆိုင် ထဲ အဝင်မခံ။ သူဝင်လာတာမြင်သည်နှင့် မောင်းထုတ်တော့သည်။

”သရဲတွေခေါ်၊ ထမင်းတွေ ကျွေးလိုကျွေး၊ ကြောက်လို့နှင် တာ၊ သူလာရင် သရဲပါမယ်အောက်မေ့ပြီး”ဟု ဘယ်ကျော်နှင့် စ တွေ့စဉ်က ကြုံရပုံကို ဒေါ်မြင့်အေးက ပြန်ပြောပြသည်။  ယခု တော့ ဘယ်ကျော်ကသူတို့မိသားစုဝင်ဖြစ်နေပြီ။ ဒေါ်မြင့်အေးက ဆိပ်ကမ်းမှာ လေလွင့်နေသည့်ဘယ်ကျော်ကို သနားစိတ်ဝင် လာပြီး ခေါ်ယူပြုပြင်ခဲ့သည်။ သူ၏ မခိုးတတ် မဖွက်တတ်သည့် ဉာဉ်လေးကိုလည်း သဘောကျ၍လည်းဖြစ်သည်။

လူပေါင်းစုံဝင်ချည်ထွက်ချည်နှင့် စရိုက်ပေါင်းစုံရှိသော ဆိပ်ကမ်းကလူများကြား ဘယ်ကျော်က မိုးလင်းမိုးချုပ် အရက် သောက် ပေပေတေတေနေသော်လည်း ရိုးသားသည့် ဉာဉ်ကလေး က ထူးခြားသည်။ သူများပစ္စည်းကို မခိုးတတ်မဖွက်တတ်၊ မဟုတ် တာကို သူမလုပ်ဟု ဒေါ်မြင့်အေးက ဆိုသည်။

ဘယ်ကျော်ကလည်း ခံယူချက်တစ်ခုတော့ရှိသည်။ ဆိပ် ကမ်းတွင် ပေပေတေတေ လေလွင့်နေရပေမယ့် သူက ဘယ်တော့ မှ အကျင့်ပျက်သည့်လူတွေနှင့် မပေါင်း။ လူရွေးပေါင်းသည်။ သူ့ ရှင်သန်ရေးခံယူချက်က ရှင်းသည်။ အသက်ရှည်ရှည်နေနိုင်ဖို့နှင့် ရန်မဖြစ်ဖို့ဘဲဖြစ်သည်။

ထို့ကြောင့်လည်း ”လူလေး၊ မင်းကို အမေမွေးစားမယ်။အမေနဲ့နေရင်တော့ အရက်မသောက်ရဘူး။ အရက်ကိုဖြတ်နိုင် ရင်တော့ မင်းကို မွေးစားမယ်။ အမေတို့ဆီလိုက်ခဲ့ဆိုပြီး ခေါ်သွား တာ”ဟု လွန်ခဲ့သည့်သုံးနှစ်ကျော်က ဘယ်ကျော့်ကို ခေါ်ယူမွေး စားခဲ့ပုံကို ဒေါ်မြင့်အေးက ထမင်းဆိုင်နောက်ဘက်တွင် ထိုင်နေ ရင်းက ပြန်ပြောပြသည်။

အရင်တုန်းကဆိုလျှင် အရက်ကို နေ့ည တရစပ်သောက် သည်။ အရက်သောက်နေမှလည်း အလောင်းဆယ်ဖို့ အားအင် တွေ ရှိလာသည်ဟု သူကဆိုသည်။ တော်ရုံစိတ်နှင့်ဆို ပိန်ပိန်ပါး ပါး သူ့ကိုယ်ခန္ဓာနှင့် အလောင်းကို မဖို့ မလွယ်။ လေတိုက်လျှင် လဲတော့ မည့်ပုံ။ အချိန်ပြည့်မူးနေသည့်အတွက်လည်း သူက ဆိပ်ကမ်းတွင် ခဏခဏအနိုင်ကျင့်ခံခဲ့ရသည်ဟုဆိုသည်။ မူးပြီး ယိုင်နေသည့် သူ့ကို ကမ်းနားတွင်နေသည့်သူအချင်းချင်းက လည်း ရိုက်လိုက်ပုတ်လိုက် တွန်းလိုက်ထိုးလိုက်နှင့်လုပ်ကြသည်။ အမူးလွန်နေသည့်အတွက် သူ့ကိုအနိုင်ကျင့်သူများကို သူ ပြန် မလုပ်နိုင်ခဲ့။

တစ်ခါတော့သူ့ဘဝကို ကောင်းကောင်းမွန်မွန်ဖြစ်စေတော့ မည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ခါတိုင်းအရက်မူးသည့်အခါ သူ့ကိုအနိုင်ကျင့်နေသည့်သူတွေကြားထဲတွင် သူနှင့် ဆိပ်ကမ်း တွင်ပေါင်းနေသည့် သူငယ်ချင်းအရင်းကြီးကပါ ပါဝင်လာပြီး သူ့ ကို အနိုင်ကျင့်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က သူငယ်ချင်းဖြစ်သူတွန်းထုတ်လိုက်သဖြင့် ဘယ် ကျော်တစ်ယောက် ခြေတွေ၊ လက်တွေ၊ ဒူးတွေ ပွန်းပဲ့ကုန်၏။ သူ စိတ်ထဲနာကျင်သွားသည်။ ဒီအရက်ကြောင့် သူအမြဲတမ်း အနိုင် ကျင့်ခံနေရတာဟု တွေးမိလိုက်သည်။ ဒါကြောင့် အရက်ကို ဖြတ် ဖို့ သူဆုံးဖြတ်ခဲ့လေသည်။

ဖြတ်ခါစက သူ့စိတ်တွေ ဂနာမငြိမ်။ အကြာကြီးစွဲသောက် လာသည့် အရက်ကို တိကနဲဖြတ်ပစ်သဖြင့် စိတ်နောက်သလို တောင် ဖြစ်သွားခဲ့ပြီး ဆိပ်ကမ်းတွင် ဘောင်းဘီတိုလေးတစ် ထည်နှင့်လျှောက် ပြေးနေသည်ဟု ဘယ်ကျော့်ကိုမွေးစားခဲ့သည့် ဒေါ်မြင့်အေးက ပြန်ပြောပြသည်။

ထိုစဉ်ကလည်း ဒေါ်မြင့်အေးကပင် ဘယ်ကျော့်ကို ဆေး ဝယ်တိုက်ခဲ့သည်။ ထမင်းကျွေးခဲ့ရသည်။ ဘယ်ကျော်ကလည်း ဒေါ်မြင့်အေးပြောစကားဆို နားထောင်သည်။ အခုတော့ အရက် လည်းပြတ်သွားပြီ။ အရင်ကလို ဆိပ်ကမ်းတွင် ပေပေတေတေ နေရသည့် ဘဝမဟုတ်တော့။ ပိန်ပိန်မည်းမည်းနှင့် လေတိုက်လျှင် လဲတော့မည့် ခန္ဓာကိုယ်လည်းမဟုတ်တော့။ ဝဝလုံးလုံးဖြစ်နေပြီ။

လက်ရှိအချိန်တွင်ဘယ်ကျော်က ဒေါ်မြင့်အေးဖွင့်ထား သည့် ထမင်းဆိုင်တွင် ဦးစီးဦးဆောင် လုပ်ကိုင်နေပြီး ဒေါ်မြင့် အေးအိမ်မှာပင်အတူနေ၏။ ဒေါ်မြင့်အေးကလည်း ဘယ်ကျော့် ကို ဆိုင်အလုပ်သမားဟုမသတ်မှတ်၊ မိသားစုဝင်အဖြစ် သတ် မှတ်ထားသည်။

ဒီလိုနေထိုင်နေရသည့် ဘယ်ကျော်တစ်ယောက် အလောင်း ဆယ်သည့်ဝါသနာကိုတော့ သူမစွန့်လွှတ်နိုင်သေး။ ကုသိုလ်ရ သည့် လုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်နေဆဲပင်။  သို့ပေမဲ့ အလောင်း တိုင်းတော့ သူမကိုင်တွယ်ဖြစ်တော့။ ဆိပ်ကမ်းတွင် သူသင်ပြပေး ထားသည့် တပည့်တွေနှင့် လွှဲထားတတ်သည်။

သူများမဆယ်နိုင်သည့် ချောင်ကြိုချောင်ကြားထဲက အလောင်းများနှင့် ခက်ခက်ခဲခဲဆယ်ရမည့် အလောင်းမျိုး ဆို လျှင်တော့ သူကိုယ်တိုင်သွားဆယ်ပေးသည်။

အရက်ပြတ်သွားပြီးနောက်တွင်တော့ အလောင်းများကို ကိုင်တွယ်ရာ တွင် ယခင်နဲ့မတူတော့။ အရင်ကတော့ တွေ့သည့်အလောင်းကို မည်သည့်နေရာမှာမဆို ဆယ်တတ်၊ သယ်တတ်သော်လည်း ယခုမူ သူ ရှက်တတ်လာခဲ့လေပြီ။ အမြဲတော့ မဟုတ်။ တစ်ခါတလေ အလောင်း ဆယ်သည့်အခါ ဝိုင်းအုံကြည့်သည့် လူ များတွင် သူနှင့် ရွယ်တူကောင်မလေး တွေလည်း ပါသည့်အခါ သူမနေတတ် တော့။ အဲဒီအခါ လူတွေကို သူမကြည့် တော့ဘဲ သူ့အလုပ်ကိုသာ အာရုံစိုက် ပြီး လုပ်တော့သည်ဟု သူက ဆိုပါသည်။

”အနားမှာ(လူတွေ)အုံလာတဲ့ အချိန်သူတို့ကို ပြန်ကြက် သီးထနေရ တယ်။ အလောင်းကို ကြက်သီးမထ ဘူး။ တစ်ခါတလေ ကျရင်လည်း ရှက် တာပေါ့” ဟု ဘယ်ကျော်က ရယ် လျက် ဆိုသည်။

လူပျိုပေါက်အရွယ်လွန်လာခဲ့ပြီ ဖြစ်သော ဘယ်ကျော့်ကို အိမ်ထောင် ပြုဖို့ရော စဉ်းစားထားသလားဟု ကျွန် တော်က မေးလိုက်သည်။ သူက မဆိုင်း မတွပင် မစဉ်းစားဘူးဟုပြန်ဖြေသည်။ သူ့လို အိမ်မရှိ၊ ယာမရှိ ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ရှာစားနေရသူအဖို့ အိမ်ထောင်ပြု ဖို့မဆိုထားနှင့်၊ ရည်းစားတောင်ထားဖို့ မစဉ်းစားဘူးဟု ဘယ် ကျော်က ခပ်လေးလေးဆိုပါသည်။ တစ်ခါတလေတော့ သူများ အတွဲတွေမြင်ရင် သူက အားကျတတ်သည်။ စိတ်အားလည်း ငယ်မိသည်။

”သူများတကာတွေက တော်ရုံတန်ရုံ နှလုံးသားရေးရာကို စဉ်းစားပိုင်ခွင့်ရှိတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ နှလုံး သားရေးရာကို စဉ်းစားပိုင်ခွင့် မရှိသေးပါဘူးဗျာ”ဟု သူက ဆို ရှာသည်။

ဘယ်ကျော်က အိမ်ထောင်ပြုဖို့ မစဉ်းစားပေမယ့် သူ့ကို လက်ထပ်ဖို့ စဉ်းစားသည့်တစ်ဦးတော့ ရှိခဲ့ဖူးသည်။ ကျိုတ် လတ်က အိန္ဒိယနွယ်ဖွားအမျိုးသမီးတစ်ဦးဖြစ်သည်။ ထမင်းဆိုင် တွင် လုပ်ကိုင်နေသည့် ဘယ်ကျော့်ကို မြင်မြင်ချင်း စိတ်ဝင်စား ကာ ဘယ်ကျော့် မွေးစားအမေထံ လာတောင်းလေ၏။

ဒေါ်မြင့်အေးကတော့ သူ့သဘောဟုဆိုသည်။ ဘယ်ကျော် က လက်မခံခဲ့။ ဘယ်ကမှန်းလည်း မသိ။ ဘာသာကလည်း မတူ။ သူ့ဒေသရောက်လျှင် ဘာမှ လုပ်ကိုင်တတ်မည်လည်း မဟုတ် သောကြောင့် ထိုအမျိုးသမီး၏ တောင်း ဆိုချက်ကို လက်မခံခဲ့ဟု ပြန်ပြော ပြသည်။

ယခုဆိုလျှင်တော့ ဘယ်ကျော့် အသက်က ၂၈ နှစ်ရှိပြီ ဖြစ်သည်။ သို့ သော်ဒီအသက်က သူခန့်မှန်းပြောခြင်း ဖြစ်သည်။ သူ့ မွေးနေ့ကိုလည်း သူက မမှတ်မိ။ သူ့အမေပြောဖူးတာတော့ သူ့ မွေးပြီး အရေးအခင်းထဲ ထွက်ပြေးနေ ရသည်ဟုတော့ သူကြားဖူးသည်။ ဘယ်အရေးအခင်းမှန်းလဲတော့ သူ မသိ။ သူ့ရုပ်ရည်ကို ခန့်မှန်းကြည့် လိုက်သောအခါ သုံးဆယ်ကျော်အရွယ် ဟု ထင်မှတ်ရသည်။

ကောင်းကောင်းမွန်မွန်နေထိုင် လာသည့်အချိန်တွင် အလောင်း ဆယ်ရခြင်းကို သူရှက်တတ်လာသော ကြောင့် ဒီအလုပ်ကို ဘယ်အချိန်စွန့်ပစ် မလဲဟု ကျွန်တော်က ဘယ်ကျော့်ကို မေးသည်။ သူက ကံကောင်းလွန်းပြီး ထီပေါက်ကာ ချမ်းသာသွားမှ ဒီအလုပ် ကို စွန့်ပစ်နိုင်မည်ဟု သူကရယ်လျက် ပြောပါသည်။

ဒီဘဝ ထီမပေါက်လည်း ကိစ္စမရှိ။ သူလုပ်ခဲ့သော ကုသိုလ် ကောင်းမှုတွေကြောင့် နောက်ဘဝရောက်လျှင်တော့ ချမ်းချမ်း သာသာနေရမည်ဟု သူက ယုံကြည်နေသည်။ ဒီအတွက်လည်း သူက ယခုအချိန်မှာ သေရမည်ကိုလည်း မကြောက်တော့။ သူ့ ကုသိုလ်ကောင်းမှုတွေကို ယုံကြည်ပြီး သူက ယခုလိုဆိုသည်။

”ကျွန်တော်သေရင် သေလို့ ရပြီ” ။       ။

၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉) မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်သည်။

သက်ဦးမွန် ရေးသည်။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."