ဇန်နဝါရီ-၁၆
ပြည်သူများအနေဖြင့် ဆရာဝန်ညွှန်ကြားချက်မရှိသော စပ်ဆေးများ ကို သုံးစွဲကြခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိပ်ပေါက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ အရိုးပွရောဂါ ဖြစ်ပွားခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ်ခြင်း စသည့် အန္တရာယ်များအပြင် ရောဂါပိုမို ဆိုးဝါးလာရာမှာ အသက်သေဆုံး သည့်အထိ ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် သတိ ပေးသည်။
အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတီးရွိုက်ဆေးနှင့်ပဋိဇီဝဆေးများကို မလိုအပ်ဘဲ (၂)မျိုး၊ (၃)မျိုးအား စိတ်ထင်ရာအမျိုးမျိုးရောချင်သလိုရောစပ်ပြီး ရောင်းချနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စပ်ဆေးများသောက်သုံးခြင်းသည် ရောဂါလက္ခဏာကို ခေတ္တသာလျှင် သက်သာစေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသမှု ခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွာနိုင်ရာမှ အသက်အန္တရာယ်ရှိသည့်အထိ ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တွေ့ရှိချက်များအရ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဈေးကွက်အတွင်းရောင်းချနေသော စပ်ဆေးများတွင် သက်တမ်းကုန်ဆုံးနေသောဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ ရောဂါအတွက် သုံးစွဲရန်မသင့်သော ဆေးဝါးများပါဝင်နေသည်ဟု ဆိုသည်။
#mawkun #magazine #chronicle