ရန်ကုန် – ၂၀၂၅ မတ် ၂၆ (မော်ကွန်း)
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ရက်ညပိုင်းမှာ စဉ့်ကူးမြို့နယ်ထဲက စိုက်ပျိုးရေပေးဝေတဲ့ ရေလှောင်တမံတစ်ခုနဲ့ ရွှေတူးဖော်ရေးလုပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။
ဂျက်ဖိုက်တာငါးစင်းခန့် အုပ်စုဖွဲ့ပျံသန်းပြီး
စဉ့်ကူးမြို့နယ်ထဲက မာလဲနတ်တောင်ဆည်၊ ဇိုက်ချောင်းကျေးရွာ၊ ထောက်ကြံ့ပင်ကျေးရွာနဲ့ ကံတောင်ကျေးရွာတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကြောင့် မာလဲနတ်တောင်ရေလှောင်တမံအပါအဝင် ရွှေတူးဖော်ရေးလုပ်ကွက်နေရာတချို့ ထိခိုက်ပျက်စီးခဲ့တာပါ။
ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ MDY-PDF တပ်က ဓါတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
မာလဲနတ်တောင် ရေလှောင်တမံဟာ စဉ့်ကူးမြို့နယ် မာလဲကျေးရွာအနီးမှာတည်ရှိပြီး ဒီရေလှောင်တမံကနေ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေထဲက စိုက်ပျိုးဧကပေါင်း ၆,၅၀၀ ခန့်ကို ဆည်ရေပေးဝေနေတာပါ။
စစ်ကောင်စီဟာ ဒီလ ၁၇ ရက်နဲ့ ၁၄ ရက်ကလည်း စဉ့်ကူးမြို့နယ် လက်ပံလှရွာက လူစည်ကားရာဈေးဆိုင်တန်းအပါဝင် အရပ်သားနေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၃၀ ဦးကျော် သေဆုံးခဲ့ပါသေးတယ်။
မန္တလေးတိုင်းထဲက စဉ့်ကူးမြို့ပေါ်အပါအဝင် မြို့နယ်တစ်ခုလုံးနီးပါးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပါအဝင် တော်လှန်ရေးပူပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တပ်တွေအကြား မတ္တရာ၊ သပိတ်ကျဉ်းနဲ့ နောင်ချို မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေပြန်ရဖို့ ထိုးစစ်ဆင်နေတာပါ။
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရတဲ့ ရေလှောင်တမံနဲ့ ရွှေလုပ်ကွက်ရဲ့မြင်ကွင်း
ဓါတ်ပုံ – MDY-PDF

