ရန်ကုန်၊၂၀၂၃-မတ်၁၀(မော်ကွန်း)
စဥ့်ကူးမြို့အနီး ရွာသာရွာရဲ့အနောက်ဘက်ဧရာဝတီမြစ်ဘေးမှာ လက်နက်ကြီးကျည်စထိမှန်တယ်လို့ယူဆနိုင်တဲ့ ဖောက်ထွင်းဒဏ်ရာနဲ့ ဧရာဝတီလင်းပိုင်အထီးတစ်ကောင်သေဆုံးနေတာကို အခုတစ်ပတ်အတွင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီ့နေရာအနီးတစ်ဝိုက်မှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့စစ်ကိုင်းတိုင်းအတွင်းက ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေပါတယ်။ ဒီလိုပစ်ခတ်လိုက်တဲ့လက်နက်ကြီးအချို့ဟာ ဧရာဝတီမြစ်ထဲကိုကျရောက်တာတွေရှိတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။
“ဟိုဘက်ကမ်း ဒီဘက်ကမ်းပစ်နေကြတာလေးရက်လောက်ရှိပြီ၊ ကျွန်တော်တို့က ဒီဘက်ကမ်းကဆိုတော့ လင်းပိုင်အသေတွေ့တဲ့နေရာကိုသွားကြည့်လို့တော့မရဘူး။ တွေ့တဲ့ရေလုပ်သားတွေပြောတာက ဖောက်ထွင်းဒဏ်ရာသုံးချက်လို့ပြောတယ်။ လက်နက်ကြီးတွေကမြစ်ထဲကျတာတွေလည်းရှိတော့ မိုင်းကွဲသလိုဖြစ်ပြီး ဒီရက်ထဲငါးတွေခေါင်းပြတ်တာနဲ့ကိုယ်လုံးမှန်တာနဲ့တအားသေတယ်။ အခုတွေ့ရတဲ့လင်းပိုင်လည်း လက်နက်ကြီးကျည်စမှန်ပြီးသေတယ်လို့ယူဆလို့ရတယ်လို့”စစ်ကိုင်းတိုင်းဝက်လက်ဒေသခံ ရေလုပ်သားတစ်ဦးကပြောပါတယ်။
သေဆုံးတဲ့လင်းပိုင်ဟာအရှည်ခုနစ်ပေရှိကာ ခန့်မှန်းချက်အရ သက်တမ်းနှစ် ၄၀ နီးပါးခန့်ရှိပြီး ရရှိတဲ့ဒဏ်ရာအနေအထား ကတော့ လင်းပိုင်ရဲ့အပေါ်ပိုင်းငါးပေလောက်မှာ ရှစ်လက်မအကွာဒဏ်ရာနှစ်ချက်နဲ့ အမြီးပြားရဲ့အပေါ်ပိုင်းနှစ်ပေ လောက်မှာဒဏ်ရာတစ်ချက်တွေ့ရှိရတယ်လို့သိရပါတယ်။
“ဒီလိုအရွယ်လင်းပိုင်တစ်ကောင်ဖြစ်ဖို့ဆိုတာ ထိန်းသိမ်းတဲ့အဖွဲ့တွေရော ကျွန်တော်တို့ဒေသခံတွေပါဝိုင်းပြီး စောင့်ရှောက်လာကြရတာ။ အခုလိုသေဆုံးတာကိုတော့တအားနှမျောတယ်” လို့ဒေသခံရေလုပ်သားတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာစတင်တွေ့ရှိတဲ့အတွက် ဧရာဝတီလင်းပိုင်လို့ခေါ်ဆိုခဲ့ကြတဲ့ ဒီလင်းပိုင်တွေကို ကမ္ဘာကချစ်စရာအပြုံးပိုင်ရှင်လေးတွေလို့လည်းတင်စားခေါ် ဝေါ် ကြပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာအရှေ့တောင်အာရှရဲ့ပြယုဂ်တစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ မြစ်ရဲ့ဂေဟစနစ်ကိုထိန်းသိမ်းတဲ့နေရာမှာအရေးပါပြီး သန့်ရှင်းတဲ့ရေအရင်းမြစ်ကိုရရှိဖို့ကူညီပေးပါတယ်။ ဒါ့အပြင်ရှေးယခင်ထဲကတည်းရှိလာတဲ့ ဧရာဝတီလင်းပိုင်နဲ့ဒေသခံရေလုပ်သားတွေပူးပေါင်းပြီးငါးဖမ်းတဲ့ဓလေ့ကလည်းသမိုင်း၀င်အမွေအနှစ်တစ်ခုဖြစ်ကာ ပြည်တွင်း၊ပြည်ပခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ခရီးစဥ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ဧရာဝတီလင်းပိုင်တွေမျိုးတုန်းပျောက်ကွယ်သွားမယ်ဆိုရင် ဂေဟစနစ်ကိုထိခိုက်စေမှာဖြစ်သလိုသမိုင်း၀င်အမွေအနှစ်တစ်ခုကိုလည်းဆုံးရှုံးလိုက်ရမှာဖြစ်တယ်လို့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးပညာရှင်တွေကပြောပါတယ်။
မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနရဲ့၂၀၂၀ ဖေဖော်ဝါရီအထိစာရင်းကောက်ယူခဲ့မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်အကောင်ရေ ၇၉ ကောင်တွေ့ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမြို့နယ်၁၄မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီကပြီးခဲ့တဲ့လအတွင်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် စစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်ဆောင်နေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
Photo: Supplied
#Dailynews

