ရန်ကုန် – ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း နိုင်ငံရဲ့ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်ဟာ ၃ ဒသမ ၅ သန်းကျော်ထိ စံချိန်တင်မြင့်တက်လာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာသတင်းလွှာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာသူဦးရေဟာ စံချိန်တင်မြင့်တက်နေတဲ့အပြင် အရပ်သားတွေကို ပဋိပက္ခတွေကနေ အကာအကွယ်ရေးပေးရေးအတွက် စိုးရိမ်ဖွယ်ရာတွေလည်း မြင့်တက်လာနေပြီး နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေ ဆက်ရှိနေသေးတယ်လို့ UNOCHA က ဖော်ပြထားတာပါ။
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အင်အားစုအမျိုးမျိုးကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေဟာ ကျယ်ပြန့်တဲ့ပဋိက္ခတွေအပြင် ဘေးန္တရာယ်တွေ၊ ရောဂါတွေ၊ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အရေးကြီးတဲ့ပြည်သူ့ဝန်ဆောင်မှုတွေ ပုံမှန်မရရှိတော့ခြင်းတွေအပါအဝင် အကျပ်အတည်းမျိုးစုံနဲ့ တပြိုင်နက်တည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှိန်မြင့်တက်လာနေတဲ့ ပဋိက္ခရဲ့ ရလဒ်အဖြစ် မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှုအရေအတွက်ဟာ တခြားနိုင်ငံတွေထက် ကျော်လွန်လာပြီး ကမ္ဘာပေါ်မှာ အရေအတွက်အများဆုံးဖြစ်လာနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့ လူဦးရေ ၁၅ သန်းကျော်ဟာလည်း စားနပ်ရိက္ခာမလုံလောက်မှု၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုမရရှိမှုတွေနဲ့အတူ ဘေးကင်းလုံခြုံတဲ့ မှီခိုရာနေရာမရှိတာ၊ သောက်သုံးရေ မရရှိတာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေမလောက်ငှမှုတွေ ရင်ဆိုင်နေရတာကြောင့် အခုလို အခက်အခဲဖြစ်နေသူတွေကို အကူအညီအပြည့်အဝ မပေးနိုင်သေးဘူးလို့လည်း ဒီသတင်းလွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။
ပြည်တွင်းက စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့ကတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီက နယ်စပ်ဒေသလို နေရာမျိုးတွေပဲ ရောက်ရှိပြီး ပြည်တွင်းဒုက္ခသည်တွေကိုတော့ လက်လှမ်းမီတာမရှိသေးဘူးလို့ ပြောပါတယ်။
ရှမ်းတောင်ပိုင်းက စစ်ဘေးရှောင်တွေ ကူညီနေသူတစ်ဦးကတော့ “နိုင်ငံတကာရဲ့ အထောက်အပံ့က နယ်စပ်တွေနဲ့ နီးစပ်တဲ့နေရာတွေလောက်ပဲ ရောက်ပါတယ်။ အထဲမှာတော့ အချင်းချင်းပဲ ရှိတဲ့အဖွဲ့လေးတွေ စုပြီး ဒေသခံတွေက စစ်ပြေးလာတဲ့သူတွေကို လှူတယ်။ ဒီလိုပဲ အချင်းချင်း ကူတာမျိုးလောက်ပဲရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရန်ပုံငွေမလုံလောက်မှုနဲ့ အခြားအခက်အခဲတွေ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ နိုင်ငံရဲ့ လူဦးရေ ၄ ဒသမ ၂ သန်းကိုပဲ အကူအညီတွေပေးနိုင်ခဲ့တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီနှစ်မှာတော့ လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘဝကယ်ဆယ်ရေးအကူအညီတွေပေးနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်မယ်လို့ UNOCHA ရဲ့ သတင်းလွှာမှာဖော်ပြထားပါတယ်။
ပုံစာ – ကရင်နီဒေသက စစ်ဘေးရှောင်စခန်းတစ်ခုမြင်ကွင်း
ဓါတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

