ပိုင်ကျုံ – ၂၀၂၄ မတ် ၂၆ (မော်ကွန်း)
စစ်အာဏာရှင်အောက်မှာ အသက်ပေး၊ ကျွန်ခံလို့ ဖက်ဒရယ်မရနိုင်တာကြောင့် ပြည်သူနဲ့အတူ ရပ်တည်ဖို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအတွင်းရေးမှူး-၂ ခွန်ဝေထူးက ပြောပါတယ်။
၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အခုလ ၂၄ ရက်က ကေအဲန်ယူ တပ်မဟာ ၇ ၊ ပိုင်ကျုံမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဒီလိုကျင်းပတာဟာ ပအိုဝ်းအမျိုးသားခေါင်းဆောင်တွေရဲ့ အနစ်နာခံမှုတွေ၊ စွန့်လွှတ်ပေးဆပ်မှုတွေအတွက် အလေးပြု၊ ဂုဏ်ပြုတာဖြစ်ပေမယ့် အခုအချိန်မှာတော့ မလုံလောက်တော့ဘဲ စစ်အာဏာရှင်အောက်ကပါ ရုန်းထွက်နိုင်ဖို့ လိုတယ်လို့ ခွန်ဝေထူးကပြောပါတယ်။
PNFC ရဲ့ ထုတ်ပြန်ချက်မှာတော့ “စစ်အာဏာရှင်စနစ်နှင့်မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးမူ”ကို အခြေခံဖွဲ့စည်းခဲ့တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)ဟာ စစ်အုပ်စုရဲ့ လက်ဝေခံပြည်သူ့စစ်ဘဝကနေ ရုန်းထွက်ပြီး ပအိုဝ်းအပါအဝင် ပြည်သူတရပ်လုံးနဲ့ တော်လှန်ရေးမှာပါဝင်ဖို့တိုက်တွန်းထားပါတယ်။
ခေတ်အဆက်ဆက်မှာ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုတွေ အကြိမ်များစွာပြုလုပ်ခဲ့ပေမယ့် ပအိုဝ်းတွေလိုလားတောင့်တတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးတွေမရရှိခဲ့ဘူးလို့ ခွန်ဝေထူးက မော်ကွန်းကိုပြောပါတယ်။
“ဒါကြောင့် ယနေ့အခင်းအကျင်းမှာလည်းပဲ စစ်အာဏာရှင်စနစ်အောက်မှာ အသက်ပေး၊ ကျွန်ခံပေးလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့တန်းတူအရေးရလိမ့်မယ်လို့ဆိုတဲ့ အသွင်ပြောင်းပြည်သူ့စစ်ရဲ့ယုံကြည်မျှော်လင့်ချက်တွေဟာ လုံးဝမထားရှိသင့်တော့ဘူး” လို့ ခွန်ဝေထူးက ပြောပါတယ်။
ပအိုဝ်းတွေဟာ ကိုယ်ပိုင်ထူးခြားမှု ဝိသေသလက္ခာတွေရှိတာကြောင့် စစ်အာဏာရှင်တွေဆီမှာ ထားတဲ့မျှော်လင့်ချက်တွေဟာ ပအိုဝ်းတွေရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ညှိုးနွမ်းစေတယ်လို့ သူကပြောပါတယ်။
PNFC ရဲ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို အွန်လိုင်းကနေတက်ရောက်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခွန်သူရိန်ကတော့ အာဏာရှင်တွေဟာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပျက်စီးအောင် ခေတ်အဆက်ဆက်မှာ ဖျက်ဆီးခဲ့တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
” အထူးပြောချင်တာကတော့ ကျွန်တော်တို့ ပအိုဝ်းလူမျိုးက ကျွန်လူမျိုးမဟုတ််သလို တခြားတိုင်းရင်းသားလူမျိုးများဟာလည်း ကျွန်လူမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ ပအိုဝ်းလူမျိုးကို ကိုယ့်လူမျိုးကိုယ် ကျွန်ဖြစ်အောင်လုပ်တဲ့သူကတော့ သမိုင်းတရားခံဖြစ်သွားမှာပဲဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ခွန်သူရိန်ကပြောပါတယ်။
PNFC အတွင်းရေးမှူး ၂ ခွန်ဝေထူးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ ပအိုဝ်းတစ်မျိုးသားလုံးသွေးစည်းညီညွတ်ဖို့လိုတာလာတာကြောင့် စစ်အာဏာရှင်ကို တိုင်းရင်းသားလူထုနဲ့အတူ တပ်ပေါင်းစုအဖြစ် တွန်းလှန်ကြဖို့ ပန်ကြားတယ်လို့ပြောပါတယ်။
ပအိုဝ်းလက်နက်ကိုင်အဖွဲ့တွေထဲမှာ သုံးစုရှိပြီး ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA)ဟာ လက်ရှိမှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်ဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ကတော့ အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကတော့ နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး သူ့အောက်မှာ မြေပြန့်နဲ့တောင်ပေါ် ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ခမ်းကောင်နဲ့ခမ်းဒမ်တပ်ဖွဲ့တွေကို စစ်ဒေသအလိုက် ဖြန့်ကျက်ထားပါတယ်။
လက်ရှိ ရှမ်း-ကရင်နီနယ်စပ်၊ ဆီဆိုင်မြို့ကစလို့ ဟိုပုံးမြို့နယ်တကြောထိ PNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်၊ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)အဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် စစ်ရှောင် တစ်သိန်းကျော်ရှိလာနေပါတယ်။
ပုံစာ – ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့မြင်ကွင်း
ဓါတ်ပုံ – PNFC