စစ်သားစုဆောင်းမှု လူပြန်ပေးဆွဲသလိုလုပ်ဆောင်နေတယ်လို့ ရန်ကုန်က မိသားစုဝင်တချို့ဆို

စစ်သားစုဆောင်းမှု လူပြန်ပေးဆွဲသလိုလုပ်ဆောင်နေတယ်လို့ ရန်ကုန်က မိသားစုဝင်တချို့ဆို

ရန်ကုန် – ၂၀၂၄ ဧပြီ ၂ (မော်ကွန်း)

စစ်မှုထမ်းဖို့ ဆင့်ခေါ်တာဟာ ဥပဒေအရဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရပဲ ဆောင်ရွက်မှာလို့ စစ်ကောင်စီက ဝါဒဖြန့်ပေမယ့် မြေပြင်မှာကြုံရတာက လူပြန်ပေးဆွဲသလိုဖြစ်နေတယ်လို့ စစ်သားစုဆောင်းခံရတဲ့ ရန်ကုန်တိုင်းက မိသားစုဝင်တချို့က ပြောပါတယ်။

ရပ်ကွက်/ကျေးရွာတွေအတွင်းက စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေကို သက်ဆိုင်ရာက လာခေါ်သွားပြီးနောက် ထိုလူတွေနဲ့ မိသားစုဝင်တွေကြား အဆက်အသွယ်ဖြတ်တောက်ခံရတယ်လို့ ကိုယ်တွေ့ကြုံတဲ့ မိသားစုဝင်တချို့က ပြောပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်အိုဇာ(အမည်လွှဲ) ရဲ့ သားဆိုရင် စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေထဲ ပါဝင်ပါတယ်။ သူတို့ရပ်ကွက်မှာ မဲပေါက်သူ ၂၀ ရှိပြီး ပထမဆုံး ခေါ်ယူစုဆောင်းခံရတဲ့ ရှစ်ယောက်ထဲမှာ သူ့သားလည်း ပါသွားပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့သားကို မနက်ဖြန်ရုံးကို စောစောလာပို့ဖို့ လာအသိပေးခဲ့တယ်။ ဒီတော့ နောက်ရက် တနင်္ဂနွေမနက်အစောပိုင်းမှာ သူကိုယ်တိုင် သားဖြစ်သူကို ရပ်ကွက်ရုံးထံ ပို့ပေးခဲ့ပါတယ်။

“ ရပ်ကွက်ရုံးကို သားကို လိုက်ပို့တာပေါ့။ ကျွန်မတို့ ထင်တာကတော့ သူတို့ ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်းဆို ဒါက ဆေးစစ်တာတို့၊ ခေါ်တွေ့တာတို့ လုပ်ဖို့လို့ပဲထင်တာပေါ့။ ဒါပေမယ့် တစ်နေကုန် ပြန်ပေါ်မလာတော့ဘူး။ ည ၁၁ နာရီထိုးမှ သားဆီက ဖုန်းဝင်လာတယ်။ ‘သား တောင်ကြီးရောက်နေပြီ’ တဲ့”လို့ ဒေါ်အိုဇာက ငိုရင်းပြောတယ်။

သူ့ရဲ့သားဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ကို ရောက်သွားတာပါ။ ဒီစစ်ဌာနချုပ်ဟာ မြောက်ပိုင်းတော်လှန်ရေးမဟာမိတ်တွေရဲ့ နာမည်ကျော် စစ်ဆင်ရေး ‘၁၀၂၇’ အတွင်း ရှမ်းမြောက်ဒေသမှာ အကျအဆုံးများထားတဲ့ စစ်ဌာနချုပ်လည်း ဖြစ်ပါတယ်။

“ သားက သူတို့ထင်တာ နေပြည်တော်တို့၊ ဘာတို့ ပို့မယ်ထင်တာ။ ကားတွေနဲ့ တန်းမောင်းသွားတယ်။ မနက်စာတောင် မကျွေးဘူး။ လမ်းမှာ လုံးဝမရပ်ဘဲ တောင်ကြီး ရောက်သွားတယ်။ မနက်စာ၊ ညစာပေါင်းစားရတယ်။ ဖုန်းအဆက်အသွယ်လည်း အဲဒီရောက်မှ လုပ်ခွင့်ပေးတယ်” လို့ သူ့ကို ပြောကြောင်း ပြန်ပြောပြတယ်။

အဲဒီနောက်ပိုင်းကတည်းက သားဖြစ်သူနဲ့ အဆက်အသွယ် ပြန်ပြတ်သွားပြီလို့ ဒီနေ့မနက်ပိုင်းမှာ ပြောပြပါတယ်။ အသက် ၂၈ နှစ်အရွယ် သားဖြစ်သူဟာ အိမ်ထောင်လည်း ရှိသလို သူနဲ့အတူနေသူဖြစ်ပြီး ထိုသားရဲ့ ကျပန်းအလုပ်ကဝင်ငွေနဲ့ မိသားစုရပ်တည်ရတာလို့လည်း ဒေါ်အိုဇာက ပြောပြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံဝင်သူ ကျား/မ ဦးရေ ၁၄ သန်းနီးပါးရှိတဲ့အနက် အခုပထမအကြိမ်အတွက် အမျိုးသားတွေချည်း စစ်ကောင်စီက ခေါ်ယူနေတာပါ။ ခြောက်သန်းကျော်ရှိတဲ့ အမျိုးသားတွေထဲက ပထမအသုတ်ခေါ်ယူမှုကို နိုင်ငံတစ်ဝန်း သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ စတင်လုပ်ဆောင်နေပြီး လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မှာလည်း စုဆောင်းနေပြီဖြစ်ပါတယ်။

သာမန် အရပ်သားဆိုရင် အသက် ၁၈-၃၅နှစ်ကြားနဲ့ အတတ်ပညာရှင်ဆိုရင် ၁၈-၄၅ နှစ်ကြားအရွယ် အမျိုးသားတွေဟာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အခုအကြိမ်မှာ စစ်သားစုဆောင်းခံကြရမှာပါ။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းဖို့ ဆန္ဒအလျောက် အမည်ပေးသူတွေမှာ ရန်ကုန်တိုင်းကအများဆုံးလို့ ပြီးခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားအပြီးမှာ မီဒီယာတချို့ကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြေပြင်မှာက သူပြောသလိုမဟုတ်ဘဲ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ တောင်းတဲ့လူစာရင်း ပြည့်မီအောင် ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းနေတာတွေ ရှိတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

“ ရွာကနေ လူနှစ်ယောက် စစ်မှုထမ်းဖို့ ပေးရမယ်၊ ရွာကမပေးနိုင်ရင် တစ်အိမ်ကို ကျပ် ၇၀,၀၀၀ ထည့်ရမယ်၊ လူဝယ်ထည့်မယ်လို့ အုပ်ကြီး(ရွာလူကြီး)က ပြောတယ်။ အခု တစ်ရွာလုံး အဲဒီကိစ္စစိတ်ညစ်နေကြတာ” လို့ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာနေထိုင်တဲ့ ရွာသားတစ်ဦးက ပြောပါတယ်။ သူတို့ရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ရှိပါတယ်။

ဒီလိုကောက်ယူမှုနှုန်းထားဟာလည်း တစ်ရွာနဲ့တစ်ရွာ မတူပါဘူး။ အိမ်ခြေနည်းရင် ငွေပိုများပြီး အိမ်ခြေများရင် ထည့်ဝင်ရတဲ့ငွေ နည်းပါတယ်။

ဒလမြို့နယ်အတွင်းက အိမ်ခြေ ၃,၀၀၀ နီးပါးရှိတဲ့ ရွာကြီးတစ်ရွာမှာတော့ တစ်အိမ်ကို ကျပ် ၅,၀၀၀ ကောက်ပြီး လူဝယ်ထည့်တယ်လို့ အဲဒီရွာမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောပြီး ငွေယူပြီး စစ်မှုထမ်းချင်သူတွေလည်း ရွာမှာ ရှိနေတယ်လို့လည်းဆိုပါတယ်။

“ အခု ပထမအကြိမ်အတွက်တော့ အဆင်ပြေသွားပြီ။ ရွာက စုပေါင်းထောက်ပံ့တာကိုယူပြီး စစ်မှုထမ်းမယ့် သူတွေလည်းရှိနေတော့ အဆင်ပြေသွားတယ်။ ရွာက ချမ်းသာတဲ့သူတချို့ကလည်း ဘယ်လောက်ကောက်ကောက် ထည့်မယ်လို့ ပြောကြတာရှိတယ်။ သူတို့သား၊ သမီး မပါရင်ပြီးရောပေါ့လေ” လို့ အထက်ပါရွာက ရွာသားက ပြောပြတယ်။ အခု ပထမအကြိမ် စစ်သားစုဆောင်းမှုအတွက် သူတို့ရွာက နှစ်ဦးပေးရပြီး စစ်မှုထမ်းပေးသူတစ်ဦးစီရဲ့ မိသားစုဝင်တွေကို ကျပ်သိန်း၅၀ ရွာက ပြန်ပေးတယ်လို့ သူက ပြောပြတယ်။

ဒီလိုစစ်မှုထမ်းဖို့ လူဆင့်ခေါ်တဲ့နေရာမှာ အောက်ခြေရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အဓိကကျပြီး တချို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ကိုယ်ကျိုးစီးပွားရှာဖွေမှုတွေ၊ အမိန့်အလွဲသုံးစားလုပ်ဆောင်မှုတွေ မြေပြင်မှာဖြစ်နေပေမယ့် မတားနိုင်ဘူးလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတချို့ကလည်း ပြောပြပါတယ်။

“ အခု ပထမအသုတ်တွေထဲမှာ သူတို့ဆန္ဒအလျောက်ဆိုပြီး ဝင်လာတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အဲဒါက နည်းတယ်။ အရေ အတွက် ပြည့်အောင်ဆိုပြီး အုပ်ကြီးတွေက တချို့လူငယ်တွေကို အဲဒီစာရင်းထဲ အတင်းထိုးထည့်လိုက်တာ ရှိတယ်။ တချို့ ရပ်ကွက်ထဲမှာ ဆေးမိထားတဲ့(မူးယစ်ဆေးဝါးလက်ဝယ်မိထားတဲ့) လူငယ်တွေရှိတယ်။ အဲဒီလူငယ်တွေကို ထောင်ထဲ သွားမလား၊ စစ်ထဲဝင်မလားဆိုပြီး ထည့်လိုက်တာတွေ ရှိတယ်။ တချို့ကျတော့ ဘုမသိ ဘမသိနဲ့ပဲ ဆေးစစ်မယ်ထင်ပြီး လိုက်လာတာ။ ပြီးတော့မှ အပြီးခေါ်လာတာမှန်းသိတဲ့ မိသားစုတွေလည်း ရှိတယ်။ အုပ်ကြီးတွေက အောက်ခြေမှာ လုပ်နေတာတွေ ရှိတယ်။ အခု အဲဒီလူငယ်တွေက ဆန္ဒအလျှောက်ဝင်လာတဲ့ လူငယ်တွေဆိုပြီး ဖြစ်သွားတယ်” လို့ တောင်ဒဂုံ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ရှင်းပြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်စစ်အာဏာရှင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ် ၂၀၁၀ မှာ ရေးဆွဲပြဌာန်းခဲ့ပေမယ့် ဥပဒေအဖြစ် အသက်မသွင်းခဲ့ပါဘူး။ ကြားထဲမှာ အုပ်ချုပ်ခဲ့တဲ့ ဒီမိုကရေစီအစိုးရနှစ်ဖွဲ့၊ ၁၀ နှစ်အတွင်းမှာလည်း လွှတ်တော်တွေရှိပေမယ့် အသက်မသွင်းခဲ့ပါဘူး။

ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ အရပ်သားအစိုးရကို ဖမ်းဆီးအာဏာသိမ်းပြီးနောက် ခုခံတွန်းလှန်သူတွေရဲ့ အပြင်းအထန် တုံ့ပြန်မှုတွေကြောင့် သုံးနှစ်အတွင်းမှာ ဖရိုဖရဲပြိုလဲလာတဲ့ စစ်တပ်ကိုကျားကန်ဖို့ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ မှာ ဒီဥပဒေကို အမိန့်နဲ့ အသက်သွင်းပြီး စစ်သားစုဆောင်းဖို့ ပြင်ဆင် လာတာဖြစ်ပါတယ်။

တိုင်းတစ်ပါးကျူးကျော်ရန်ကို ကာကွယ်ဖို့ စစ်မှုထမ်းရတာမျိုးကို မဆန့်ကျင်လိုပေမယ့် ပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမှာတော့ စစ်မှုမထမ်းလိုဘူးလို့ စစ်မှုထမ်းသက်ပြည့်မီနေတဲ့ လူငယ်တချို့ကလည်း ပြောကြပါတယ်။

တောင်ဒဂုံမြို့နယ်က အသက် ၂၆ နှစ်အရွယ် ကိုဗထူး(အမည်လွှဲ)ဆိုရင် စစ်မှုထမ်းဖို့ မဲပေါက်ထားသူပါ။ ဒါပေမဲ့ ဒီတစ်ကြိမ် ခေါ်ယူမှုမှာ သူ့အမည်မပါသေးပေမယ့် နောက်တစ်ကြိမ်များ သူ့အလှည့်ကျလာမလားဆိုတဲ့ စိုးရိမ်မှုနဲ့ နေ့တိုင်းဖြတ်သန်းနေရပါတယ်။

သူတို့ သိရ၊ ကြားရတဲ့သတင်းတွေအရ ရပ်ကွက်/ကျေးရွာတစ်ခုမှာ လူတစ်ဦး၊ နှစ်ဦးလောက်သာ ခေါ်မှာလို့ သိပေမယ့် အခု သူနေထိုင်ရာ ရပ်ကွက်ထဲတင် ဆယ်နဲ့ချီတဲ့ အရေအတွက်ကို ပထမအကြိမ်တင် ခေါ်ယူစုဆောင်းသွားတာ မြင်ရတော့ ထိတ်လန့်မိတယ်လို့ ကိုဗထူးက ဆိုတယ်။

“ အခုကျွန်တော်တို့ သိရသလောက် တောင်ဒဂုံက ရပ်ကွက်တွေ၊ တချို့ရပ်ကွက်က ၁၀ ယောက်၊ တချို့ရပ်ကွက်တွေဆို ရှစ်ယောက်၊ ကိုးယောက် လောက်ခေါ်သွားတယ်။ ပထမအသုတ်မှာတင် အဲဒီလောက်ခေါ်ပြီဆိုရင် ကျွန်တော်တို့ မဲပေါက်ထားတဲ့သူတွေက တဝက်လောက်ပါသွားပြီး ဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဘယ်အချိန် လာဆွဲခေါ်သွားမလဲ မသိရတဲ့အခြေအနေ ရောက်နေတယ်။ မိသားစုနဲ့ဆိုတော့ ကျွန်တော်တို့က ဘယ်မှလည်း ထွက်ပြေးဖို့ အဆင်မပြေဘူး။ စစ်ထဲလည်းမဝင်ချင်ဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ချင်တယ်ဗျာ”လို့ သူက ဆိုတယ်။ ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်သမားအဖြစ် ကိုဗထူးက လက်ရှိ အသက်မွေးပြီး မိသားစုဝင်ငွေကို ထောက်ပံ့နေသူပါ။

ပြီးတော့ ရန်ကုန်မှာ စစ်သားစုဆောင်းနေတာဟာ တစ်နေရာနဲ့တစ်နေရာ၊ တစ်မြို့နယ်နဲ့ တစ်မြို့နယ် လုပ်ပုံလုပ်နည်းတွေ ကွာဟနေတယ်လို့ ကြုံတွေ့ရသူတချို့က ပြောပြပါတယ်။ တချို့မြို့နယ်မှာ မဲပေါက်သူတွေ စစ်မှုထမ်းဖို့ ခေါ်သွားသလို တချို့ မြို့နယ်တွေမှာတော့ အခုထိ မဲမဖောက်သေး၊ ခေါ်ယူမှု မလုပ်သေးတာတွေလည်း ရှိပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အသက် ၃၂ နှစ်အရွယ် ကိုထက်(အမည်လွှဲ)ကတော့ သူတို့ မြို့နယ်မှာ စစ်မှုထမ်းဖို့ မဲမဖောက်သေးဘူး လို့ ပြောပြတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းနဲ့ နေထိုင်တဲ့ မိသားစုတွေထဲက အသက် ၂၄ နဲ့ ၃၀ ကြား လူငယ်တွေကို ရပ်ကွက် ရုံးတွေက စာရင်းပြုစု မှတ်တမ်းယူသွားတာတော့ ရှိတယ်လို့ ပြောပြတယ်။

အင်ဂျင်နီယာဖြစ်တဲ့သူဟာလည်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ်မှာ ပါဝင်နေပြီး ကြားနေရတဲ့ သတင်းတွေအရ သူတို့မြို့နယ်မှာ တစ်ရပ်ကွက်ကို လူ ၁၀ ဦး ရွေးချယ်မယ်လို့ ကြားရကြောင်း ပြောပြပါတယ်။

“ ကျွန်တော်ကတော့ အသက်ကလည်း မကျော်သေးဘူး။ ပြီးတော့ ကျွမ်းကျင်ပညာရှင်အဆင့်နဲ့ ခေါ်မယ်ဆိုလည်း‌ ခေါ်လို့ရတဲ့ အရွယ်ဖြစ်နေတော့ စိုးရိမ်ရပါတယ်။ ကျွန်တော့်မိသားစုကတော့ နိုင်ငံခြားထွက်ဖို့ တိုက်တွန်းထားတယ်။ ကျွန်တော်လည်း ထွက်ဖို့က အလုပ်ရှာရသေးတယ်။ ပတ်စ်ပို့ဘာညာကလည်း နောက်သုံးလေးလမှရမှာ။ ထွက်ဖို့တော့ လုပ်ပြီးသွားပြီ။ စိုးရိမ်တာက မထွက်ခင်ခေါ်ရင် ဘယ်လိုလုပ်မလဲ။ တခြားမြို့နယ်တွေမှာ ခေါ်နေတဲ့သတင်းတွေလည်း ကြားရတယ်လေ။ စစ်မှုမထမ်းနိုင်ဘူး။ ကျွန်တော့်မှာ သားသမီး ရှိတယ်။ ကလေးတွေလည်း ငယ်သေးတယ်” လို့ သူ့ရဲ့ ပူပန်မှုကို ကိုထက်က ပြောပြပါတယ်။

စစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က လူထုကြုံနေရတာက တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ပြဿနာပါ။ အောက်ခြေအာဏာပိုင်တွေဟာ မြို့ပေါ်မှာတစ်မျိုး၊ ကျေးလက်မှာတစ်နည်း၊ အမိန့်အမျိုးမျိုး၊ လုပ်ဟန်အမျိုးမျိုးနဲ့ စစ်သားစုဆောင်းဖို့ ပြင်ဆင်နေတာကို လူထုကြုံနေရတာပါ။

ဒေါ်အိုဇာကတော့ ခဏဆိုပြီး တောင်ကြီးမြို့အထိ ရောက်သွားတဲ့ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီ ဖြစ်ပါတယ်။ ပြီးတော့ ဒီသားနဲ့ အဆက်အသွယ်ပြန်ရဖို့ ဘယ်လောက်ကြာမယ်မှန်း၊ ဘာလုပ်ရမှန်း မကြံစည်တတ်အောင် ဖြစ်နေတဲ့အကြောင်း အခုလိုပြောပါတယ်။

“ ကျွန်မတို့တော့ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိတော့ပါဘူး။ သူတို့ထုတ်ပြန်ထားတဲ့၊ ပြောထားတဲ့အတိုင်းလည်း တစ်ခုမှ မဟုတ်ဘူး။ ဆေးစစ်တာ၊ ကျန်းမာရေးစစ်ဆေးတဲ့အဆင့်တွေ မသိရဘူး။ ကြိုပြင်ဆင်ဖို့အတွက် အိမ်ကိုလည်း လုံးဝပေးမသိဘူး။ ကလေးတွေလည်း ဘာမှမသိရဘူး။ ဒါမတရားလုပ်တာပဲ။ ကျွန်မတို့ သားသမီးတွေကို ပြန်ပေးဆွဲသွားသလိုပဲ”

ပုံစာ – ရန်ကုန်တိုင်းက စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ လူငယ်များ
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချယ်နယ် ဟန်ငြိမ်းဦး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."