စစ်ရှောင်စခန်းကို လာရောက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိထားသော်လည်း ဒုက္ခသည်များကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးမှု မရှိသေး

စစ်ရှောင်စခန်းကို လာရောက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းသုံးဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိထားသော်လည်း ဒုက္ခသည်များကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးမှု မရှိသေး

ဂေထော
ရန်ကုန်- ၂၀၂၀ ဩဂုတ် ၂၅ (မော်ကွန်း)

စစ်ရှောင်စခန်းကို လာရောက်ကူညီခဲ့သည့် ကျန်းမာရေးဝန်ထမ်းသုံးဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိထားသော်လည်း ဒုက္ခသည်များကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးမှု မရှိသေးသည့်အတွက် စိုးရိမ်ပူပန်နေရကြောင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်ရှိ ပီပင်ရင်းစစ်ရှောင်စခန်းက ဦးအောင်စိန်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Relief International အဖွဲ့မှ ဝန်ထမ်းသုံးဦးသည် COVID-19 လူနာအမှတ် ၄၀၈၊ ၄၄၀ နှင့် ၄၄၁ အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားသူများဖြစ်သည်။

Relief International အဖွဲ့မှလည်း ထိုဝန်ထမ်းများသည် လွန်ခဲ့သောနှစ်ပတ်အတွင်း၌ မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ်ဘေးရှောင်စခန်းငါးခု ကိုသွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မူအကူအညီပေးခဲ့သူများဖြစ်ကြောင်း သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုဝန်ထမ်းများသွားလာခဲ့သည့် စခန်းများကို ဩဂုတ်လ ၂၁ ရက်တွင် အဝင်အထွက်ပိတ်ထားခဲ့ပြီး သူတို့နှင့် ထိတွေ့ခဲ့သူစစ်ရှောင်များကို စခန်းတာဝန်ရှိသူများ၏ အစီစဉ်ဖြင့် စခန်းတွင်အသွားအလာ ကန့်သတ်ထားကြောင်း ဦးအောင်စိန်ဦးကရှင်းပြသည်။

မြောက်ဦးမြိုနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအပါအဝင် စခန်းတွင်းရှိသူများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ အမြန်ဆောင်ရွက်ပေးသင့်သည်ဟု တောင်းဆိုသည်။

“ သူတို့ (ဝန်ထမ်းသုံးဦး)နဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ကွာရန်တင်းမသွင်းဘူး။ ကျန်းမာရေးအရ စစ်ဆေးပြီးတော့ တို့ဖတ်နမူနာတွေကို စစ်ဆေးနိုင်အောင် သက်ဆိုင်ရာကျန်းမာရေးဌာန၊ စစ်နိုင်တဲ့နေရာတွေကို မပို့ဘူးဆိုရင် အဲဒီကနေဆက်စပ်ပြီးတော့ ဒုက္ခသည်တွေအကုန်လုံးကို ဒီရောဂါပိုးမပြန့်နှံ့ဘူးလို့ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် ပြန့်နှံ့သွားခဲ့ရင် ဒုက္ခသည်တွေအတွက် စိုးရိမ်စရာရှိပါတယ်”ဟု သူက ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်စခန်းများတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ တစ်ကိုယ်ရည်သုံး ကာကွယ်ရေးပစ္စည်းများလည်း လုံလောက်စွာ မရှိသေးကြောင်း ဦးထွန်းသာစိန်က ပြောသည်။

၂၀၁၉ မတ်လက ဖွင့်လှစ်ခဲ့သည့်ပီပင်ရင်းစစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ နှစ်ထောင်ကျော် ခိုလှုံနေသည်။

ယင်းစစ်ရှောင်စခန်းများကို COVID-19 ရောဂါဆိုင်ရာ ကာကွယ်ရေး အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရန် ရခိုင်ပြည်နယ်၊ပြည်သူ့ကျန်မာရေးဦးစီးဌာနကို ဆက်သွယ်၍ မရသေးပေ။

မြန်မာနိုင်ငံတွင် ဩဂုတ် ၂၄ ရက်အထိ COVID-19 အတည်ပြုလူနာ ၄၇၄ ဦး တွေ့ရှိထားပြီး ၃၃၅ ဦး ဆေးရုံပြန်ဆင်းခဲ့ပြီဖြစ်ကာ ခြောက်ဦး သေဆုံးထားသည်။

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းတစ်ခု
Photo – REC


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."