နေပြည်တော်- ၂၀၂၄ ဧပြီ ၄ (မော်ကွန်း)
နေပြည်တော်လေဆိပ်နဲ့ ဇေယျာသီရိမြို့နယ်ဝန်းကျင်ကို ပျံသန်းလာတဲ့ ဒရုန်းတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ချနိုင်ခဲ့တာကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ စစ်ကောင်စီကဆိုပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှုရှိနိုင်တယ်လို့ ပြောကြပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က နေပြည်တော်လေဆိပ်ရဲ့ အရှေ့ဘက်ကနေပျံသန်းလာတဲ့ ဒရုန်းလေးစီးကို ဖျက်ချနိုင်သလို ဇေယျာသီရိမြို့နယ်ရဲ့ အရှေ့တောင်ဘက်ကနေ ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်းသုံးစီးကိုလည်း ဖျက်ချနိုင်ခဲ့တယ်လို့ ထိခိုက်ပျက်စီးမှုတွေမရှိဘူးလို့ စစ်ကောင်စီကဆိုပါတယ်။
နေပြည်တော်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “တိုက်ခိုက်ပြီးတော့ စစ်ရုံးထိတယ်လို့ကြားလို့ ကျွန်တော်တို့ စက်နဲ့လှမ်းထောက်ကြည့်တာ(ကြားဖြတ်အသံနားထောင်တာ) ခါတိုင်းဆို သူတို့လေယာဉ်တက်တာတွေကအစ ကျွန်တော်တို့ စက်နဲ့လှမ်းထောက်လိုက်တာနဲ့ ကြားနေရတာ။ အဲဒါဖြစ်ပြီးဆက်သွယ်လို့မရတော့ဘူး။ ထိသွားဖို့တော့များတယ် “ လို့ သူကပြောပါတယ်။
ဒေသတွင်းသတင်းတွေမှာတော့ နေပြည်တော်လေယာဉ်ကွင်း(ဧလာ)ကို ဗုံးတပ်ထားတဲ့ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်းအနီးပေါက်ကွဲခဲ့လို့ လေဆိပ်ကို ခေတ္တပိတ်ထားရတယ်လို့ ဆိုကြပါတယ်။
နေပြည်တော်၊ သပြေကုန်းဈေးအနီးနေထိုင်သူတစ်ဦးကတော့“လေတပ်က မြို့ပြင်မှာ အဝေးကြီးဆိုတော့ ဘာမှသေချာမသိဘူး။ မြို့ထဲမှာတော့ ပုံမှန်ပဲသွားလာနေကြတာ။ (တိုက်ခိုက်ခံရတဲ့)သတင်းတွေတော့တွေ့တယ်။ မြေပြင်မှာတော့ ဘာမှထူးထူးခြားခြားမတွေ့ရဘူး” လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ နေပြည်တော်ဧလာလေတပ်နဲ့ စစ်ရုံးချုပ်(ကက-ကြည်း)ကို ဒီနေ့မနက်ပိုင်းက ဒရုန်းတွေနဲ့တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတွေရှိတယ်လို့ ကနဦး သတင်းရထားကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF အထူးတပ်ဖွဲ့တွေနဲ့ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ PDFတွေနဲ့ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Lethal Prop တပ်ခွဲက ဧလာလေတပ်ကိုလည်းကောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ NUGက ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးတပ်က ဖျက်ချလိုက်တဲ့ဆိုတဲ့ ဒရုန်းတချို့။
ဓာတ်ပုံ-MRTV