ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၃ (မော်ကွန်း)
စစ်မှုထမ်းအပတ်စဉ် (၁၀) အတွက် ရန်ကုန်တိုင်းကမြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း လူငယ်တချို့ ကို စစ်ကောင်စီက အဓမ္မခေါ်ဆောင်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။
ရန်ကုန်တိုင်းက ရွှေပြည်သာ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံတောင်နဲ့ ဒဂုံအရှေ့မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် (၁၀) အတွက် စုဆောင်းထားတဲ့ လူငယ်တချို့ကို ညပိုင်းအချိန်တွေမှာပဲ စစ်ကောင်စီကားတွေ အိမ်စီးကားတွေအသုံးပြုကာ ခေါ်ဆောင်သွားတယ်လို့ ဒီမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။
စစ်မှုထမ်းစာရင်းကောက်ပြီး ရက်ပိုင်းမှာပဲ မဲပေါက်တယ်ဆိုကာ လူငယ်တချို့ကို နေအိမ်တွေထိ ညတွင်းချင်းလာရောက်ခေါ်ဆောင်သွားတာလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ရပ်ကွက်ရုံးအရှေ့မှာ စစ်ကားနှစ်စီးပါတယ်။ ဖယ်ရီကားတွေရော၊ အိမ်စီးကားလေးတွေရောနဲ့ တစ်ခါတည်းခေါ်သွားတယ်။ ပါသွားတဲ့လူတွေနဲ့လည်း ညတွင်းချင်းပဲ ဖုန်းအဆက်အသွယ်တွေပါ ဖြတ်လိုက်တယ်။ တချို့ဆို သိတောင်မသိလိုက်ဘူး။ မဲပေါက်တယ်ဆိုပြီး ညတွင်းချင်း အိမ်လာခေါ်သွားတယ်” လို့ ၎င်းကပြောပါတယ်။
အလားတူ မြောက်ကဥက္ကလာပ မြို့နယ်မှာလည်း စစ်မှုထမ်းစာရင်းလိုက်လံကောက်ခံစဉ် လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် နီးစပ်ရာလူငယ်တချို့ ပေါ်တာဆွဲခံလိုက်ရတယ်လို့ ဒီမြို့နယ်မှာ နေထိုင်သူတချို့က ပြောပါတယ်။
“ညပိုင်းနောက်ကျပြန်တဲ့ လူငယ်တွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေပါသွားတယ်။ တချို့ဆို အိမ်ကတောင်မသိသေးဘူး။ တန်းပို့လိုက်ပြီးမှ ပါသွားလို့သိတာ။ ငွေကြေးတတ်နိုင်ရင်တော့ လိုက်ရင်လိုက်မှာပေါ့။ မတတ်နိုင်ရင်တော့ ပါသွားပြီပဲ” လို့ မြောက်ဥက္ကလာပမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွှေပြည်သာမြို့နယ်အစွန်က ကျေးရွာတွေမှာနေထိုင်တဲ့လူငယ်တချို့ကို နေအိမ်အထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာတွေရှိခဲ့တယ်လို့ သတင်းဌာနတချို့မှာ ဒီနေ့မနက်ပိုင်းက ဖော်ပြထားပါတယ်။
ရန်ကုန်အပြင် မန္တလေးတိုင်းက မြို့နယ်ခုနစ်ခုမှာလည်း ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်မှုထမ်းသင်တန်းအတွက် စစ်ကောင်စီက လူငယ်ပေါင်း ၂၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ မန္တလေးတိုင်း သပိတ်အင်အားစုက ထုတ်ပြန်ခဲ့ပါသေးတယ်။
နိုင်ငံတစ်ဝန်းမှာ စစ်ရေးအရအရေးနိမ့်နေပြီး စစ်အင်အားလိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ လူငယ်တွေကို စစ်ထဲဆွဲသွင်းမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ အသက်သွင်းခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို ပြီးခဲ့တဲ့နှစ် ဧပြီလပိုင်းက စပြီးဖွင့်လှစ်ခဲ့ပါတယ်။
စစ်မှုထမ်းသင်တန်းသားတွေ စတင်ခေါ်ယူစဉ်ကတော့ တပ်သားသစ်တွေကို ရှေ့တန်းမပို့ပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ပေမယ့် အခုလက်ရှိသင်တန်းဆင်းလာသူတွေ အများစုဟာ ရှေ့တန်းစခန်းတွေကို ပို့လွှတ်ခံနေရတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်မယ့် အမျိုးသမီးတွေရဲ့ စာရင်းတွေကို ကောက်ယူခဲ့ပါသေးတယ်။
စစ်ကောင်စီက အခုလို စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ကာ လူငယ်တွေကိုပစ်မှတ်ထား စစ်သားစုဆောင်းလာတာကြောင့် နိုင်ငံတစ်ဝန်းက လူငယ်တွေ ပြည်ပကိုထွက်ခွာတာ၊ နေရပ်ကနေ ရှောင်တိမ်းတာတွေလည်း အများအပြားရှိလာပါတယ်။
ပုံစာ – ပြီးခဲ့တဲ့လကုန်ပိုင်းက သင်တန်းဆင်းခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် (၇) မြင်ကွင်း
ဓါတ်ပုံ – ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်

