ဂေထော ၊ ဒီဇင်ဘာ ၂၄
စစ်ရှောင်စခန်းများတွင် ခိုလှုံနေရသည့်ဒုက္ခသည်များအနက်မှ လာမည့်နှစ်မတ်လတွင် နေရပ်ပြန်နိုင်ရန် ရွာ ၁၇ ရွာကို ရွေးချယ်ထားကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
ကျေးရွာများကို ရွေးချယ်ရာတွင် အပစ်မရပ်သေးသော်လည်း နေရပ်ပြန်နိုင်သည့် ရွာများရှိသလို အပစ်ရပ်မှ နေရပ် ပြန်နိုင်မည့်ကျေးရွာများလည်း တွေ့ရှိရကြောင်း ၎င်းက ပြောသည်။ လက်ရှိ ရွေးချယ်ထားသည့် ၁၇ ရွာသည် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ရှောင်းစခန်းများတွင် နေထိုင်သူများ ပါဝင်မည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
“ လောလောဆယ်တော့ ကျွန်တော်တို့ ၁၇ ရွာကို ရွေးချယ်ထားတာရှိတယ်၊ ဒါပေမဲ့ တချို့ကတော့ ငြိမ်းချမ်းရေးရမှ လုပ်နိုင်မယ့်ရွာတွေရှိသလို အဲဒီကိစ္စကို ကျွန်တော်တို့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) နဲ့ တွေ့ပြီး KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) နဲ့ တွေ့ဖို့ ရှိတာပေါ့” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
စစ်ဘေးရှောင်များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ပဋိပက္ခဖြစ်ပွားသည့် ကျေးရွာများကို မိုင်းရှင်းလင်းရန် လိုအပ်သဖြင့် တပ်မတော်နှင့် KIO လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်းကလည်း ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများကို အမေရိကန်ဒေါ်လာ ငါးသန်း ထောက်ပံ့ ပေးခဲ့ပြီး နေရပ်ပြန်မည့်စစ်ရှောင်များအတွက် အိမ်ခြေ ၅၀၀ ဝန်းကျင် တည်ဆောက်ပေးသွားမည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
ကချင်ပြည်နယ်စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်း နှစ်သောင်းဝန်းကျင် ရှိနေပြီး ယင်းတို့အနက် တစ်သောင်းနီးပါးကို နေရပ်ပြန်ပို့နိုင်ခဲ့ပြီဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
ကချင်ပြည်နယ်က စစ်ရှောင်စခန်းတစ်ခု
#mawkun #magazine #chronicle #dailynews