အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇွန် ၂၉ (မော်ကွန်း)
ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ SIM card များကို မှတ်ပုံတင်ရန်ု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားသော်လည်း စစ်ပွဲဖြစ်နေပြီး အင်တာနက်ဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် SIM card မှတ်ပုံတင်ရန် ခက်ခဲနေသည်။
စစ်ဘေးသင့်များကို ကူညီစောင့်ရှောက်ပေးနေသူ ရသေ့တောင်မြို့နယ်မှ အသက် ၃၂ အရွယ်ရှိ ကိုကျော်မင်းခိုင်က ဒေသခံများမှာ စစ်ပွဲများကြောင့် ပြေးလွှားနေရသည့်အပြင် အင်တာနက်လည်း ဖြတ်တောက်ခံထားရသည့်အတွက် SIM card များမှတ်ပုံတင်ရန် ခက်ခဲနေသည်ဟု ယနေ့မနက်ပိုင်းတွင် မော်ကွန်းကို ပြောခြင်းသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မိုဘိုင်းဖုန်းအသုံးပြု၍ ငွေပေးငွေယူကိစ္စများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန်ဆိုကာ ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား တစ်နိုင်ငံလုံးရှိ SIM card များကို မှတ်ပုံတင်ရန်နှင့် မှတ်ပုံမတင်သည့် SIM card များကို ပိတ်သိမ်းမည်ဟု ကြေညာထားသည်။
ယင်းကြေညာစာတွင် စစ်ပွဲဖြစ်ပြီး အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများနှင့် ပတ်သက်၍ တစုံတရာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
“အင်တာနက်ရှိမှ လုပ်(SIM card မှတ်ပုံတင်) လို့ရမှာလေ။ စစ်ပွဲကြောင့် ပြေးနေကြရတဲ့အချိန် အင်တာနက်ဖြတ်ထားပြီး SIM card မှတ်ပုံတင်ပါ၊ မတင်ရင်ပိတ်မယ်ဆိုတော့ တမင်သက်သက်လုပ်သလိုဖြစ်နေတယ်။” ဟု ကိုကျော်မင်းခိုင်က ပြောသည်။
SIM card မှတ်ပုံတင်ရာတွင် သက်ဆိုင်ရာ အော်ပရေတာ၏ ဆိုင်များသို့သွားရောက်၍ လည်းကောင်း၊ အင်တာနက်မှလည်းကောင်း မှတ်ပုံတင်နိုင်သည့်နည်းလမ်းနှစ်ခုရှိသည်။
သို့သော် တပ်မတော်က နယ်မြေရှင်းလင်းမည်ဟု ညွှန်ကြားချက်ကြောင့် ရသေ့တောင်မြို့နယ်အနီးတစ်ဝိုက်ရှှိ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး ယင်းညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း မသိရသေးဘဲ ထွက်ပြေးနေကြဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မည်သို့ စီစဉ်ဆောင်ရွက်မည်ကို မေးမြန်ရန် ယင်းဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ဘဲ စာပေးပို့ခိုင်းသောကြောင့် စာပေးပို့မေးမြန်းခဲ့သော်လည်း ယခုအချိန်အထိပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဦးဝင်းထွဋ္ဋ်က “အင်တာနက်ပိတ်ထားပြီး စစ်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ SIM card မှတ်ပုံမတင်နိုင်လို့ အပိတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့အတွက် သီးသန့် ဖြေလျှော့မှုမျိုးလုပ်ရပါလိမ့်မယ်။” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၉ ခုကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်နေ့ကတည်းက အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်များတွင် MPT, Ooredo, Telenor နှင့် Mytel စသည့် ဆက်သွယ်ရေးကုမ္ပဏီများ၏ အင်တာနက်သုံးစွဲခွင့်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မောင်တောမြို့နယ် တစ်ခုတည်းသာ အင်တာနက်အသုံးပြုခွင့်ပြန်ရခဲ့ပြီး ကျန်သည့်မြို့နယ်များတွင် အင်တာနက်ပိတ်ထားဆဲဖြစ်သည်။
သြဂုတ်လ ၁ ရက်အထိ အင်တာနက် ဆက်လက်ပိတ်ထားရန် ညွှန်ကြားချက်ရှိထားပြီဖြစ်ပြီး အများပြည်သူအကျိုးကို ထိခိုက်မှုမရှိသည့်အခါ ပြန်ဖွင့်ပေးမည်ဟု နေပြည်တော်တွင်ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထနှစ်အတွင်း ဆောင်ရွက်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောခဲ့သည်။
#Dailynews