ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကြေးနန်းရုံးအနီး ဗောဓိလမ်းမှာ ဒီနေ့လယ်ပိုင်းက အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အလောင်းသယ်ယူခဲ့တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“နေ့လယ် ၁၂ နာရီခွဲမှာ ကျွန်တော်တို့ဆီဖုန်းဝင်လာတာ။ သွေးအိုင်ထဲမှာ လူတစ်ယောက်လဲနေတယ်ဆိုပြီးဖုန်းဆက်တာ။ အဲဒါနဲ့ ကျွန်တော်တို့သွားတဲ့အချိန်မှ ပစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာသိရတာ။ အဲ့ဒါနဲ့ သက်ဆိုင်ရာတွေကို အကြောင်းကြားပြီးတော့ ကျွန်တော်တို့ အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တာခင်ဗျ” လို့ သူကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာလည်း မသိရသေးဘူးလို့ သူကပြောပါတယ်။
သူဟာ နားထင်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့အခင်းဖြစ်ရာနေရာနဲ့ အနီးပတ်ဝန်းကျင်းကို စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
ပုံစာ-သေနတ်နဲ့ပစ်ခံရလို့သေဆုံးသွားတဲ့အမျိုးသား
ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#Dailynews

