စစ်တွေ- ၂၀၂၄ ဇန်နဝါရီ ၁၅ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) အဝိုင်းခံထားရတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ညအချိန် ဧည့်စာရင်းစစ်ဆေးတာကို အကြောင်းပြပြီး စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်လာနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို မြို့ခံတချို့ကပြောပါတယ်။
ဒီလ ၁၁ ရက် ည ၁၀ နာရီခွဲအချိန်လောက်ကဆိုရင် စစ်ကောင်စီတပ်သားတချို့ စစ်တွေမြို့က ရွာသာယာရပ်ကွက်ထဲကို ဝင်ရောက်ကာ ဧည့်စာရင်းစစ်ဆေးခဲ့ပြီး အဲဒီရပ်ကွက်က လူငယ်တစ်ဦးကို ဖမ်းဆီးသွားခဲ့သေးတယ်လို စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။
” သူတို့က ကားနဲ့ရောက်ချလာပြီး ဧည့်စာရင်းဝင်စစ်ပါတယ်။ ရပ်ကွက်ထဲက အိမ်တိုင်းကို စစ်တာမျိုးလည်း မဟုတ်ဘူး။ သူတို့ ဝင်စစ်ချင်တဲ့ အိမ်ကို ဝင်စစ်တာ။ အဲဒီနေ့ကလည်း ဧည့်စာရင်းစစ်ပြီးလို့ အထွက်မှာ ကောင်လေးကို ဖမ်းသွားတာ။ မိသားစုတွေက မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကိုပြပေမယ့် ဖမ်းခေါ်သွားတယ်” လို့ သူကပြောပါတယ်။
အဆိုပါလူငယ်ဖမ်းဆီးခံထားရတာဟာ ၄ ရက်အထိ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့လည်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
AA ရဲ့ မြို့သိမ်းတိုက်ပွဲဟာ စစ်တွေမြို့ အထိရောက်ရှိလာနေပြီး စစ်ကောင်စီကလည်း မြို့ထဲမှာ အရင်ကထက် အင်အား တိုးချဲ့တာ၊ လုံခြုံရေးတင်းကြပ်တာ၊ ဧည့်စာရင်းစစ်ဆေးတာတွေကို လုပ်နေတာဖြစ်တယ်လို့ နောက်ထပ် စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။
” ခေတ်ကာလမကောင်းတော့ ည၇နာရီခွဲလောက်ဆို ကိုယ့်အိမ်မှာပဲကိုယ်နေကြတာများတယ်။ စစ်တပ်ကလည်း ညဆို ကားနဲ့ ပတ်ပြီ။ ညဉ့်နက်လာတာနဲ့ ဧည့်စာရင်းဝင်စစ်တယ်။ သူတို့ စိတ်မကျေနပ်ရင် ဖမ်းခေါ်သွားမှာလည်း ကြောက်ရတယ်။ AA က တစ်မြို့ပြီး တစ်မြို့သိမ်းနေတော့ စစ်တွေကို ဝင်သိမ်းမှာကိုကြောက်ပြီး သွေးရူးသွေးတမ်းနဲ့ လျှောက်လုပ်နေတာ” လို့ အထက်ပါ မြို့ခံက ပြောပါတယ်။
ရခိုင်ဒေသတွင်း သတင်းတွေမှာတော့ စစ်တွေမြို့ကို စစ်ကောင်စီဟာ ခံစစ်အခိုင်အမာပြင်ဆင်နေပြီး မြို့အနီးဝန်းကျင်က ကျေးရွာတွေမှာ နေထိုင်သူတွေကို မြို့တွင်းသွင်းကာ အဲဒီရွာတွေကိုရှင်းလင်း၊ မိုင်းကွင်းတွေ၊ ကတုတ်ကျင်းတွေတူးပြီး ခံစစ်ပြင်နေသလို ပင်လယ်ပြင်ဘက်က ထိုးဖောက်လာမယ့် AA အန္တရာယ်ကို ကာကွယ်ဖို့ စစ်တွေ ကမ်းနားလမ်း တစ်လျှောက်လုံးကို ဝင်းခြံခတ် ကာကွယ်ထားတယ်လို့ ဖော်ပြကြပါတယ်။
တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး စစ်ဆင်ရေးအတွင်းမှာ ချင်းတောင်ပိုင်းက ပလက်ဝမြို့အပါအဝင် မြောက်ဦး ၊မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ ၊တောင်ကုတ်မြို့တွေကို AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီဟာ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့ တို့ကိုသာ ထိန်းချုပ်နိုင်ပါတော့တယ်။
ပုံစာ- စစ်တွေမြို့တွင်း တစ်နေရာ
ဓါတ်ပုံ- ABN

