စစ်တိုက်ရင်း အကြွေးနွံနစ်နေကြရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ

စစ်တိုက်ရင်း အကြွေးနွံနစ်နေကြရတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ

မုံရွာ – ၂၀၂၄ ဖေဖေါ်ဝါရီ (မော်ကွန်း)

မုံရွာမြို့အနောက်ဘက်၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက နှမ်းခင်းတစ်ခင်းမှာ လူငယ်တစ်စု တံစဉ်ကိုယ်စီကိုင်ကာ နှမ်းရိတ်တဲ့သူကရိတ်၊ ရိတ်ပြီးသားတွေကို နွားလှည်းတွေပေါ်တင်တဲ့သူကတင်နဲ့ အလုပ်ကိုယ်စီရှုပ်နေကြပါတယ်။

သီချင်းညည်းလိုက်၊ အချင်းချင်းစကားပြောလိုက်နဲ့ အညာနေပူပြင်းပြင်းကိုအံတုရင်း နေ့စားအလုပ် လုပ်နေကြတာပါ။
သူတို့ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ချင်းတွင်းမြစ်ဝှမ်းအခြေပြုတဲ့ နွေဦးပြောက်ကျားတပ်စု Spring Guerrilla Platoon အဖွဲ့က ရဲဘော်တွေပါ။

ဒီတပ်ဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ အစောပိုင်းကာလမှာ ယင်းမာပင်မြို့နယ်မှာ အခြေစိုက်ဖွဲ့စည်းခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းမရှိတဲ့၊ ထိတွေ့တိုက်ပွဲမဖြစ်တဲ့ကာလတွေမှာ သူတို့တပ်ဖွဲ့မှာတင်နေတဲ့ အကြွေးတွေပြန်ဆပ်ဖို့ ရရာအလုပ်ဝင်လုပ်နေကြရတာပါ။ နှမ်းရိတ်နေ့စားလုပ်အားခအဖြစ် အမျိုးသားတစ်ဦး ရှစ်ထောင်ကျပ်ရပြီး အမျိုးသမီးတစ်ဦးကိုတော့ ခြောက်ထောင်ကျပ်ရတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ကိုဝေကြီးက‌ပြောပါတယ်။

ကျောက်လုံးကြီး PDF တပ်ဖွဲ့ဝင်တချို့ (Photo – KLG)

သူတို့အဖွဲ့ဟာ စစ်ကိုင်းတိုင်းက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့လိုအပ်တဲ့ လက်နက်ခဲယမ်းတွေဝယ်ယူရာမှာ အကြွေး ငွေကျပ်သိန်း ၁၀၀ ကျော်တင်နေတာကြောင့် အဲ့ဒီအကြွေးတွေကိုဖဲ့ဆပ်နိုင်ဖို့ အခုလိုလုပ်နေရတာလို့ သူကပြောပါတယ်။

“သေနတ်ကလည်းဗျာ ကျည်မရှိရင်တုတ်တစ်ချောင်းလိုပဲ။ အဲဒီတော့ ကျည်ရှိဖို့ အဓိကလိုအပ်တယ်။ ခဲယမ်းမီးကျောက်ဖြည့်တင်းဖို့အတွက် ကျွန်တော်တို့က ဝယ်လိုက်တယ်၊ အကြွေးတင်သွားတယ်။ ပြီးရင် အဲဒီအကြွေးတွေပြန်ဆပ်ဖို့ ဒီအလုပ်ကိုလုပ်ရတယ်၊ ဒါပါပဲဗျာ” လို့ သူကပြောပါတယ်။

နွေဦးပြောက်ကျားတပ်စုဟာ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ဘုတလင် စတဲ့နေရာတွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက အခြားဒေသတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပြီး ဒေသတွင်းမှာ တိုက်ပွဲပေါင်း ၆၀ ဝန်းကျင်ထိ ဖော်ဆောင်ထားပြီးဖြစ်ပါတယ်။

ရန်ပုံငွေကြပ်တည်းနေတဲ့ တပ်ဖွဲ့များ

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်ကိုခုခံတော်လှန်ရင်း အကြွေးတင်နေတာ ကိုဝေကြီးတို့တပ်ဖွဲ့တစ်ခုတည်းတော့ မဟုတ်ပါဘူး။ သူတို့အဖွဲ့လိုပဲ အကြွေးတွေတင်နေတဲ့တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိပြီး ငွေကြေးအခက်အခဲတွေကြောင့် မရပ်တည်နိုင်တော့ဘဲ ပျက်သွားတဲ့အဖွဲ့တွေလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ပြောကြပါတယ်။

ဘုတလင်မြို့နယ်မှာ အခြေစိုက်ပြီး ၂၀၂၁ မှာ စတင်တည်ထောင်ခဲ့တဲ့ ‘သွေးကြွေး’ ဒေသခံကာကွယ်ရေးအဖွဲ့ အဖွဲ့ဟာ ၂၀၂၂ မှာ သူတို့စခန်းတွေစီးနင်းခံရပြီးနောက် လက်နက်အင်အားပြန်မဖြည့်တင်းနိုင်တာကြောင့် မြေပြင်တိုက်ပွဲဖော်ဆောင်မှုတွေကို မနှစ်ကစပြီးရပ်နားထားရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

အလားတူပဲ ခင်ဦးမြို့နယ်အခြေစိုက် Khin U Local Defence Force ဟာလည်း ပြီးခဲ့တဲ့နိုဝင်ဘာမှာ အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီး တပ်ဖွဲ့ပိုင်လက်နက်တွေကို အခြားတပ်ဖွဲ့တွေကိုလှူဒါန်းကာ ထောက်ပို့တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလို ငွေကြေးအခက်အခဲ၊ လက်နက်အခက်အခဲတွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့အဖွဲ့တွေဟာ စစ်ကိုင်းတိုင်းသာမကဘဲ အခြားဒေသတွေမှာလည်း ရှိနေပါသေးတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အခြေစိုက် Sky Hero ဒေသခံကာကွယ်ရေးအဖွဲ့ဟာလည်း လက်နက်ရိက္ခာအခက်အခဲကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အဖွဲ့ကိုဖျက်သိမ်းလိုက်ရပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရွာငံမြို့နယ်မှာ အခြေစိုက်တဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဟာ အခက်အခဲအမျိုးမျိုးကြောင့် ဆက်လက်မရပ်တည်တော့ဘဲ အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်လို့ ၂၀၂၂ ဇွန်လကုန်ပိုင်းက ကြေညာခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ ကျောက်လုံးကြီးတပ်ဖွဲ့ကတော့ လက်နက်ခဲယမ်းတွေဖြည့်တင်းရင်းနဲ့ ငွေကျပ် သိန်းတစ်ထောင်ကျော်ထိ အကြွေးတင်နေတယ်လို့ အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်သူကပြောပါတယ်။

လိုအပ်တဲ့ငွေကြေးကို နီးစပ်ရာ ငွေကြေးတတ်နိုင်သူတွေဆီက အတိုးမဲ့ချေးယူတာတွေရှိသလို ငါးကျပ်တိုးနဲ့ ချေးယူတာ၊ အိမ်၊ ခြံ၊ မြေနဲ့ လယ်ယာပိုင်ဆိုင်မှု စာရွက်စာတမ်းတွေအပ်နှံပြီး ကာလရှည်ချေးယူတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“အကြွေးဆပ်ဖို့ ပိုက်ဆံလေးစုလိုက်၊ တိုက်ပွဲလိုအပ်ချက်နဲ့ ကျည်ပြန်ဝယ်လိုက်နဲ့ ဒါနဲ့လုံးလည်ချာလည်လိုက်နေတာ။ တိုက်ပွဲဖြစ်လိုက်၊ တိုက်ပွဲထဲ ကျည်ပြန်ဖြည့်လိုက် ကုန်လိုက်နဲ့ အဲဒီလိုသံသရာလည်နေတာ တစ်နှစ်လောက်ရှိသွားပြီ” လို့ ကျောက်လုံးကြီးတပ်ဖွဲ့က ကိုအောင်သူက ပြောပါတယ်။

ကျောက်လုံးကြီး PDF တပ်ဖွဲ့ဝင်တချို့ (Photo – KLG)

စစ်တပ်အာဏာသိမ်းမှုနဲ့ အတူပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သူ့လက်အောက်မှာရှိနေတဲ့ တစ်နိုင်ငံလုံးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်သေးဘူးလို့ ၂၀၂၃ မေလပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြအစီရင်ခံစာမှာ ဝန်ခံထားပါတယ်။

NUG ရဲ့ လက်အောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ စစ်ကြောင်းပေါင်း ၃၀၀ ကျော်ကို တစ်နိုင်ငံလုံးက မြို့နယ် ၂၅၀ ကျော်မှာ ဖွဲ့စည်းထူထောင်ထားတယ်လို့ အဲဒီ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးက သိန်းနဲ့ချီရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးကို တစ်ဦးချင်းစီ ခေတ်မီမောင်းပြန်သေနတ်တွေတပ်ဆင်နိုင်ဖို့က ဖြစ်နိုင်ခြေနည်းပါးတယ်လို့လည်း NUG အစိုးရက အဲ့ဒီအစီရင်ခံစာကဆိုပါတယ်။

လိုအပ်တဲ့ မောင်းပြန်သေနတ်တွေနဲ့ ကျည်ဆန်တွေအတွက် ငွေကြေးအကန့်အသတ်ရှိနေတာ၊ လိုသလောက် လက်နက်အရေအတွက် ဝယ်လို့မရတာ၊ ဈေးနှုန်းအဆမတန် ကြီးမြင့်နေတာတွေရှိနေသလို ဒေသတွင်းမှာ လက်နက်တွေသယ်ယူပို့ဆောင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ NUG ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ NUG အနေနဲ့ မြေပြင်အခြေအနေကို အချိန်မီ လက်တွေ့ကျကျသိရှိအောင် လေ့လာဖို့လိုအပ်တယ်လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူကပြောပါတယ်။ စစ်ကိုင်းဖိုရမ်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေ၊ သပိတ်ကော်မတီတွေ စတဲ့နိုင်ငံရေးအင်အားစုတွေ အများအပြားပါဝင်ပါတယ်။

ကိုလွမ်းသူဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းက NUG လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနီးပါးဟာ ရန်ပုံငွေရရှိဖို့ခက်ခဲနေတယ်လို့ သူကပြောပါတယ်။

အထူးသဖြင့် NUG လက်အောက်မှာမရှိတဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေရရှိဖို့က ပိုမိုခက်ခဲလာနေပြီး တာဝန်ရှိသူတွေ မြေပြင်ကွင်းဆင်းလေ့လာပြီး ထိန်းကျောင်းဖို့လိုအပ်နေပြီလို့ သူကဆိုပါတယ်။

“Local တွေကကျ ဘာဖြစ်လဲဆိုတော့ NUGရဲ့အောက်မှာ မရှိတဲ့အခါကျ NUG က အချို့သော Fundraiser တွေ၊ ထောက်ပံ့အဖွဲ့တွေကို NUG အောက်မရှိရင်မလှူနဲ့ဆိုတဲ့ ကန့်သတ်မှုတွေရှိတဲ့အခါကျတော့ တချို့သောတကယ်လုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမှာ ရန်ပုံငွေရရှိမှုက တော်တော်လေးကျပ်တည်း ခက်ခဲလာတာပေါ့” လို့ ၎င်းက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တချို့ကတော့ လက်နက်ခဲယမ်းနဲ့ရိက္ခာဖိုးအတွက် စစ်ကိုင်း-မန္တလေးကားလမ်း၊ မုံရွာ-ရွှေဘိုကားလမ်း အစရှိတဲ့ လမ်းကြောင်းတွေနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်က သူတို့ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံတာရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဆိုပါ ဂိတ်တွေမှာ ခရီးသည်တင်ကားတွေ၊ ကုန်တင်ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ငွေကြေး စေတနာရှိသလောက် အလှူခံတာတွေရှိသလို မြစ်ကြောင်းမှာဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ရေယာဉ်တွေကို သတ်မှတ်နှုန်းထားအလိုက် အခွန်ဆောင်ခိုင်းတာတွေ အလှူငွေထည့်ဝင်ခိုင်းတာတွေလည်း ရှိနေပါတယ်။

“ကျွန်တော်တို့ကလည်း အဲဒီလိုသတ်မှတ်ပြီးတော့ ကြေးမကောက်ချင်ဘူး။ ဒါပေမယ့် ဘယ်လိုမှမတတ်သာလို့ ဂိတ်လေးဖွင့်ပြီး ငါးရာ၊ တစ်ထောင်ကအစ စေတနာရှိသလောက်ထည့်ကြဖို့ အလှူခံတာတော့ ရှိတယ်” လို့ ချင်းတွင်းမြစ်ကြောင်းမှာဂိတ်ဖွင့်ထားတဲ့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြင့်တက်လာတဲ့ လက်နက်ခဲယမ်းဈေး

တကယ်တော့ သူတို့တော်လှန်ရေးအဖွဲ့တွေ ငွေကြေးလိုအပ်ချက်တွေများလာတာဟာ ဒေသတွင်းမှာ လက်နက်ခဲယမ်းဈေးတွေ မြင့်တက်နေတာကြောင့်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ နီးစပ်တဲ့အဖွဲ့တွေအချင်းချင်းချိတ်ဆက်ကာ လက်နက်ခဲယမ်းတွေကို ဝယ်ယူဖြည့်တင်းနေရတာပါ။

အာဏာသိမ်းကာလအစောပိုင်းမှာ မောင်းပြန်ရိုင်ဖယ်တစ်လက်ရဲ့ဈေးနှုန်းဟာ ကျပ်သိန်း ၁၀၀ အောက်မှာပဲ ရှိပါတယ်။
အခုအချိန်မှာတော့ မောင်းပြန်တစ်လက်ကို ကျပ်သိန်း ၂၀၀ ကျော် ၃၀၀ ထိ ရှိနေပြီး လက်နက်ခဲယမ်းဈေးတွေဟာ နှစ်ဆကျော်မြင့်တက်သွားတယ်လို့ ကိုဝေကြီးက ပြောပါတယ်။

သူတို့မှာရှိတဲ့ RPG လက်နက်ကို ကျည်ဖိုးမတတ်နိုင်တာကြောင့် နီးစပ်ရာအဖွဲ့တစ်ခုကို အခုရက်ပိုင်းအတွင်း ရောင်းချရတော့မှာလို့ ပြောပါတယ်။

“အဖူး(RPG ထိပ်ဖူး) ဈေးက တစ်ဖူးကို သိန်းအစိတ်လောက် ရှိနေတာဆိုတော့ ပစ်လည်းမပစ်နိုင်ဘူးလေ၊ အဲ့ဒါကြောင့် ရောင်းရတော့မှာ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သုံးနေတဲ့ မောင်းပြန်သေနတ်တွေအတွက် ကျည်တစ်တောင့်ကို ကျပ် တစ်သောင်းကျော်ထိ ပေးဝယ်နေရပြီး ၄၀ မမ ဗုံးသီးတစ်လုံးကို ကျပ်လေးသိန်းဝန်းကျင် ပေးဝယ်နေရတာပါ။ တိုက်ပွဲတစ်ပွဲအတွက် ရဲဘော်တစ်ဦးကို ကျည်ဆန်အတောင့်တစ်ရာထည့်ပေးရင် တစ်ယောက်ကို ၁၀ သိန်းကျော်လောက် ကုန်ကျနေတာပါ။

“တိုက်ပွဲတစ်ပွဲကုန်ကျစရိတ်က မနည်းဘူးဗျ။ တကယ်ပစ်ရခတ်ရပြီဆိုရင် ပွဲတစ်ပွဲကို သိန်း တစ်ရာ၊ နှစ်ရာနီးပါးကုန်တယ်” လို့ ကိုဝေကြီးက ပြောပါတယ်။

အဲဒီ့ကုန်ကျစရိတ်က တိုက်ပွဲငယ်လေးတွေအတွက်ပဲဖြစ်ပြီး တိုက်ပွဲပြင်းထန်ရင် ပြင်းထန်သလောက် ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၅၀၀ ကနေ ၈၀၀ ခန့်ထိ ရှိတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ကြောင်းက စစ်ကောင်စီထောက်ပို့သင်္ဘောတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်ထားတဲ့ ကျောက်လုံးကြီးတပ်ဖွဲ့ကတော့ သူတို့တပ်ဖွဲ့ဟာ တစ်လကို တိုက်ပွဲငါးပွဲခန့်ဖော်ဆောင်နေပြီး အဲဒီ့အတွက် ကျည်ဆန် ၅,၀၀၀ ခန့် ကုန်ကျတယ်လို့ ကိုအောင်သူကပြောပါတယ်။

“တိုက်ပွဲကဆက်တိုက်ပဲဆိုတော့ ကျွန်တော်တို့အဖွဲ့မှာ ခဲယမ်းဖိုးကိုက အကြွေးသိန်းတစ်ထောင်ကျော်လောက်ကို တင်နေပြီ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် PDF ရဲဘော်တစ်ဦးအတွက် ယူနီဖောင်းတစ်စုံကိုပဲ ကျပ်နှစ်သိန်းနီးပါးထိရှိတယ်လို့ ဆိုပါတယ်။
“ဒါက အပြည့်အစုံမဟုတ်သေးဘူး၊ ယူနီဖောင်းတင်ပဲ။ ကျည်ကာဆိုရင် တစ်ထည်ကို တစ်သိန်းအထက်မှာပဲရှိတယ်” လို့ PDF တပ်ခွဲမှူးတစ်ဦးက ပြောပါတယ်။

မလောက်ငတဲ့ အထောက်အပံ့

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေဟာ စတင်ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်ထိ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေနဲ့ အများစုကရပ်တည်နေကြတာပါ။

NUG ကလည်း သူ့လက်အောက်ကတပ်ဖွဲ့တွေအတွက် ထောက်ပံ့ငွေအဖြစ် တပ်ရင်းတစ်ရင်းကို နှစ်လ၊ သုံးလခြား တစ်ကြိမ် ငွေကျပ်သိန်း ၈၀ ထောက်ပံ့ပေမယ့် မလုံလောက်ဘူးလို့ အဲဒီ့တပ်ဖွဲ့တွေက ပြောပါတယ်။

PDF တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကတော့ “ကျွန်တော်တို့က တိုက်ပွဲတစ်ပွဲကုန်ကျစရိတ်က သိန်းသုံးလေးရာကုန်တာနဲ့ တိုက်ပွဲတစ်ပွဲစာတောင်မရှိဘူးလေ” လို့ NUG ရဲ့ မလောက်ငတဲ့အထောက်အပံ့ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ စခန်းအားလုံးမှာ စပါးစိုက်တာ၊ ပဲစိုက်တာတွေအပြင် ဒေသတွင်းက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အလှူငွေကောက်ခံတာတွေ လုပ်ဆောင်လာပြီး ငွေကြေးအခက်အခဲကို ဖြေရှင်းနေတာတွေလည်း ရှိလာပါတယ်။

အဲ့ဒီလို လုပ်ဆောင်နေလို့ တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာဖိုး စိုးရိမ်စရာမရှိပေမယ့် လက်နက်ခဲယမ်းဝယ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေထောက်ပံ့ကူညီတဲ့ပိုက်ဆံကို အလေအလွင့်မရှိအောင်ပဲ ကျွန်တော်တို့ရသမျှပိုက်ဆံကို ကျည်ထဲပဲထည့်နေတယ်ဗျ။ ကျွန်တော်တို့မှာရှိတဲ့ အိမ်တွေ၊ လယ်တွေ၊ ယာတွေ (အပေါင်) ထားတယ်။ အတိုးကတော့ မပေးရဘူး။ ပြန်ဆပ်ဖို့အတွက်က အများကြီးတော့ မစဉ်းစားရသေးဘူး” လို့ ကျောက်လုံးကြီးတပ်ဖွဲ့က ကိုအောင်သူက ပြောပါတယ်။

ကျောက်လုံးကြီး PDF တပ်ဖွဲ့ဝင်တချို့ (Photo – KLG)

စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့တွေဟာ လက်ရှိမှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ထက် ပြောက်ကျားစစ်ကိုပဲတိုက်ခိုက်နိုင်တဲ့ အခြေအနေရှိပြီး လက်နက်ခဲယမ်းအခက်အခဲကို ဖြေရှင်းဖို့လိုအပ်နေတယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ရှမ်းမြောက်ဒေသနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဖော်ဆောင်သင့်တယ်လို့လည်း သူကပြောပါတယ်။

“PDF တွေက ဆက်သွယ်ရေးလမ်းကြောင်းဖောက်ပြီးတော့ ရှမ်းမြောက်မှာရတဲ့ အဲဒီ့လက်နက်တွေကို ဆက်စပ်ပြီးရယူနိုင်ဖို့လိုပါတယ်။ လက်နက်က ပိုက်ဆံရှိရုံနဲ့လည်းမရဘူး။ အဲဒီကရရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော်တို့ အဲဒီ့ဟာကို တိုက်တွန်းနေတာပဲ။ ကိုယ်တိုင် (PDF တပ်ဖွဲ့တွေ) လုပ်နိုင်မလုပ်နိုင်ကတော့ မသိပါဘူး” လို့ ၎င်းကပြောပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ AA ၊ TNLA နဲ့ MNDAA အဖွဲ့တွေက မနှစ်က အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်းတွေ၊ မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်ဆင်ရေးနှစ်လကျော်ကာလအတွင်းမှာ ရှမ်းမြောက်တစ်ခွင်မှာရှိတဲ့ မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ရာနဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ NUG အနေနဲ့ လက်နက်ခဲယမ်းတွေ အလုံအလောက်ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“စရိတ်စကများလေ ကျွန်တော်တို့အတွက် ခက်ခဲလေပဲဗျ။ ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ရုန်းမှာပဲ။ မရုန်းနိုင်တဲ့ တစ်နေ့တော့ ကျွန်တော်တို့ ဒီတိုင်းထိုင်နေရုံရှိတော့တာပေါ့ဗျာ” လို့ နွေဦးပျောက်ကြားတပ်စုရဲ့ခေါင်းဆောင် ကိုဝေကြီးက ပြောပါတယ်။

လက်ရှိကြုံတွေ့နေတဲ့ ရန်ပုံငွေအခက်အခဲတွေကိုမဖြေရှင်းနိုင်ရင် တိုက်ပွဲဖော်ဆောင်ဖို့ခက်ခဲလာပြီး  ပြည်သူလူထုက တော်လှန်ရေးကို ယုံကြည်မှုကျဆင်းသွားနိုင်တယ်လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူကအခုလိုပြောပါတယ်။

“ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင် တချို့သော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက စစ်တိုက်ချင်စိတ်ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေရှိတယ်”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."