ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၂၇ (မော်ကွန်း)
ဒဂုန်ဝင်းဝင်း (Dagon Win Win)ကုမ္ပဏီက ရာနဲ့ချီတဲ့ဝန်ထမ်းတွေကို ခွင့်ရက်မပေးဘဲ လစာဖြတ်တောက်နေတယ်လို့ဝန်ထမ်းတွေကပြောပါတယ်။
“အလုပ်ဝင်တာလေးလရှိပြီ၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်ယူမယ်ဆိုလစာဖြတ်တယ်။ နေမကောင်းလို့ပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ်လစာဖြတ်နေတယ်။”လို့ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
ဒဂုန်ဝင်းဝင်းကုမ္ပဏီဟာ စစ်တပ်ရဲ့ဒဂုန်ဘီယာကိုအဓိကဖြန့်ချိပေးနေပြီး ဒီနှစ်မတ်လကတပ်မတော်နေ့စစ်ရေးပြပွဲအတွက်အမေရိကန်ဒေါ်လာလေးသိန်းလှူဒါန်းခဲ့တဲ့ခရိုနီတွေထဲကတစ်ဦးဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက မတ်လ ၂၈ ရက်မှာနေပြည်တော်၊ စစ်ထောက်ချုပ်ရုံးမှသတင်းအရင်းအမြစ်ကိုကိုးကားပြီးရေးသားခဲ့ပါတယ်။
ကုမ္ပဏီမှာဝန်ထမ်း ၇၀၀ နီးပါးရှိပြီးဝန်ထမ်းအားလုံးဟာခွင့်ရက်ဘယ်သူမှမယူရဲကြဘူးလို့ဆိုပါတယ်။
ခွင့်ယူလို့လစာဖြတ်တဲ့အခါမှာလည်း တစ်ရက်လုပ်ခထက်နှစ်ဆကျော်ဖြတ်တောက်နေတယ်လို့ လစာဖြတ်တောက်ခံရတဲ့ ကုမ္ပဏီဝန်ထမ်းကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ဒဂုန်ဝင်းဝင်းကုမ္ပဏီကိုဆက်သွယ်ပေမယ့်လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဥပဒေပညာရှင်တစ်ဦးကတော့ “ လစာကဖြတ်လို့မရဘူးလေ။ အခကြေးငွေပေးချေရေးဥပဒေနဲ့ညှိနေတယ်။
ဥပဒေနဲ့မညီဘူး။ အခကြေးငွေပေးချေရေးဥပဒေမှာအလုပ်သမားများကိုခိုင်းပြီးရင်အခကြေးငွေပေးရမယ်။ နောက်ပြီး ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ (၂) အရ အလုပ်သမားက်ိုရှောင်တခင်ခွင့်ပေးရမယ်။ ရှောင်တခင်ခွင့်ပေးရင်အခကြေးငွေဖြတ်တောက်နုတ်ယူခြင်းမရှိဆိုတာမျိုးရှိတယ်။ အဲ့ဒါတွေနဲ့ငြိနေတယ်” လို့ပြောပါတယ်။
#Dailynews

