မိုးကုတ်-၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာကို စစ်ကောင်စီတပ်က မနေ့ ည ၈း၀၀နာရီ ဝန်းကျင်မှာ လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။
“သေဆုံးတာက အသက် ၁၂နှစ်အရွယ်ကလေး နှစ်ယောက်ပါ၊ ကျား နှစ်ယောက်၊ အမျိုးသမီး ခြောက်ယောက် ထိခိုက်ဒဏ်ရာရပါတယ်” လို့ မိုးကုတ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဗုံးက ပန်းမထိပ်ရွာရဲ့ ဂေါ်ရခါးလူမျိုးစုတွေ အများစုနေထိုင်တဲ့ အပိုင်းကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အချို့လည်းထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူများကိုညတွင်းချင်းဆေးကုသမှုပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အိမ်တောင်တုန်တယ်၊ ကြဲပြီးမကြာဘူး၊ လူနာတင် ကားတွေ တက်သွားတာတွေ့လိုက်တာ၊ လေယာဥ်သံကလည်း ကြဲပြီးမှ ပြန်တက်သွားတာကြားရတယ်”လို့ ပန်းမထိပ်ရွာနားက တောင်ကချင်ရပ်ကွက်မှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) ကတော့ ပေါင် ၂၅၀ ဗုံးနှစ်လုံး မိုးကုတ်အရှေ့ပိုင်းက ပန်းမထိပ်ရွာကို စစ်ကောင်စီကြဲချတာကြောင့် ကလေး နှစ်ဦးသေခဲ့ရသလို ကလေးနှစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ကာ အိမ် ခုနှစ်လုံး ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ စစ်ကောင်စီက မိုးကုတ်မြို့ထဲက အရပ်သား နေထိုင်ရာ ရပ်ကွက်တွေကို နှစ်ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်တာဖြစ်ပြီး ဒီလ ၈ ရက်တုန်းကလည်း မြို့အနောက်ပိုင်းက ဂေါင်းဦးဘာရပ်ကွက်ကို ဗုံးကြဲတာ ကြောင့် အရပ်သား လေးဦးသေပြီး ရှစ်ဦးဒဏ်ရာ ရခဲ့ပါသေးတယ်။
ပုံစာ – ပန်းမထိပ်ရွာဗုံးကြဲခံရမှုကြောင့်ထိခိုက်ဒဏ်ရာရသူများထဲက ကလေးငယ်တချို့
ဓါတ်ပုံ – Mai Ann La Ngean

