ရန်ကုန် – ၂၀၂၄ ဧပြီ ၂ (မော်ကွန်း)
ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပိတ်ဆို့ဖြတ်တောက်တဲ့အနေနဲ့ အဓိကလမ်းတစ်ခုဖြစ်တဲ့ မင်းဘူး-ပဒါန်း-အမ်း လမ်းပိုင်းကို အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါလမ်းပိုင်းဟာ ရခိုင်ရိုးမကို ကျော်ဖြတ်ကာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း မင်းဘူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းတစ်ခုပါ။
စစ်ကောင်စီတပ်ဟာ အဆိုပါလမ်းပိုင်းကို အသုံးပြုပြီး ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့တာ၊ တပ်ပြောင်းရွှေ့တာ၊ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေကို အရပ်သားကားတွေကို အသုံးပြုပြီး သယ်ဆောင်တာတွေအပြင်၊ မိုင်းထောင်တာတွေလည်း ပြုလုပ်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်ရှိမှာလည်း ၎င်းကားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် လမ်းအသုံးပြုမှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်ထားတာပါ။
အဆိုပါ ကားလမ်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ မြောက်ဦး၊ မင်းပြားအထိ ပေါက်တဲ့လမ်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပြီးနောက် အစစ်အဆေးတင်းကြပ်ထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
အဆိုပါ လမ်းကြောင်းမှာ ရခိုင်ပြည်နယ်ဘက်က ရှောင်တိမ်းလာတဲ့ စစ်ဘေးရှောင်တွေ၊ စစ်ဘက်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အများဆုံး အသုံးပြုနေတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။
“ရခိုင်ကနေ ပြည်မဘက်ကို ကားလမ်းဆိုလို့ စစ်တွေဘက်ကလာတဲ့လမ်းတွေလည်း မရတော့ဘူး၊ ဒီဘက် ကျောက်ဖြူလမ်းကလည်း မအီတံတားက ကျိုးထားတော့ မရတော့ဘူး။ ရန်ကုန်ပြန်ချင်တဲ့သူ ရခိုင်ပြန်ချင်တဲ့သူ ကုန်းကြောင်းအတွက်ဆိုရင် မင်းဘူးတစ်လမ်းပဲ ဖွင့်ထားပေးတာ။ အဲဒီလမ်းက သွားချင်ရင် အမ်းစစ်ဌာနချုပ်က ခွင့်ပြုချက်တင်ရတယ် အစစ်အဆေးတော့ တော်တော်များတယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ AA ဟာ အဆိုပါ မင်းဘူး-အမ်း လမ်းတစ်နေရာဖြစ်တဲ့ မကွေးတိုင်း ငဖဲမြို့နယ်အထိ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ စတင်ဖော်ဆောင်လာပါတယ်။
ယခုလ ၂၆ ရက်နဲ့ ၂၈ ရက်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ် တုံးကြီးကျေးရွာအနီးနဲ့ ချောင်းဖျားကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစပြီး ရခိုင်ပြည်နယ်မှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲနေကာ ပလက်ဝအပါအဝင် မြို့နယ် ၁၀ မြို့နယ်ထိ သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ စစ်တွေ၊ အမ်း အစရှိတဲ့ မြို့တွေကိုလည်း ပိတ်ဆို့ထားပါတယ်။
ဒါ့အပြင် မတ်လ ၂၈ ရက်ကလည်း AA ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်နက်ချအညံ့ခံဖို့ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပါသေးတယ်။
အမ်းမြို့နယ်ဟာ နမခ ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်းငါးခုနဲ့ ထောက်ပို့တပ်ရင်းတွေအများအပြား အခြေစိုက်ထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
စစ်ကောင်စီဟာ ယခုလ ၂၆ ရက်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို ရာထူးကနေ ဖယ်ရှားခဲ့ပြီး ၎င်းရဲ့နေရာမှာ တနင်္သာရီတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကို အစားထိုးခန့်အပ်ခဲ့ပါတယ်။
ပုံစာ – မင်းဘူး-အမ်း ကားလမ်းပေါ်က နတ်ရေကန်တောင်တက်လမ်းအနီး ၂၀၁၈ ခုနှစ်က မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း