ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၂ (မော်ကွန်း)
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုကြောင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ မန္တလေးဒေသမှာ ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရကာ နေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာအတွင်း လေကြောင်းကနေဗုံးကြဲမှုကြောင့် မန္တလေးတိုင်းထဲက မိုးကုတ်မြို့မှာ ကိုးဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါအပြင် နောင်ချိုမြို့မှာ ၁၆ ဦး သေပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မိုင်းငေါ့မြို့မှာတော့ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလအတွင်း ကွတ်ခိုင်မြို့မှာတော့ သုံးဦးသေဆုံးခဲ့ကာ ကလေးငယ်တွေအပါအဝင် ခုနှစ်ဦးဒဏ်ရာရခဲ့သလို နိုဝင်ဘာ ၃၀ မှာ ကျောက်မဲမြို့ကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်တွေအတွင်း အရပ်သားနေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါအပြင် စစ်ကောင်စီနဲ့ TNLA မဟာမိတ်တွေကြားတိုက်ပွဲဟာ နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားနိုင်ဆဲ တောင်ခမ်းနဲ့ ဂန့်ကော်ရွာတွေဘက်မှာ ဆက်လက်တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးများနေတယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေကလည်း ဒီနေ့ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်အထိ အရပ်သား ၆,၀၀၀ သေဆုံးခဲ့ရတာကို အတည်ပြုထားနိုင်ပြီး စိစစ်ဆဲသေဆုံးစာရင်းက ၂,၆၀၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က မနေ့က ထုတ်ပြန်ပါတယ်။ ဒီတောအတွင်း ၂၇,၇၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၄ သန်း ဝန်းကျင်ရှိလာနေပြီး နိုင်ငံတစ်ဝန်းမှာ အရေးပေါ်အကူအညီလိုအပ်နေသူ ၁၈ ဒသမ ခြောက်သန်း အထိ ရှိလာနေပြီလို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ- နိုဝင်ဘာ ၃၀ က လေကြောင်းကနေဗုံးကြဲခံရပြီး လူ ၁၀ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့တဲ့ ကျောက်မဲမြို့
ဓါတ်ပုံ- TNLA

