စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ အရပ်သားအများအပြားသေဆုံးခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ

မင်းကင်း – ၂၀၂၄ ဇွန်(မော်ကွန်း)

ချင်းတွင်းမြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ ကျေးရွာလေးတစ်ရွာမှာ မနက်အစောပိုင်းကတည်းက မင်္ဂလာသီချင်းသံတွေလွင့်ပျံ့နေပြီး သစ်လွင်တဲ့အဝတ်အစားတွေဝတ်ထားကြတဲ့ ဧည့်ပရိသတ်တွေကလည်း မင်္ဂလာမဏ္ဍပ်ရှိရာကို ရောက်လာနေကြပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ရဲ့ တစ်ဖက်ကမ်း အိမ်ခြေနှစ်ရာကျော်ရှိတဲ့မတောကျေးရွာက ဒီမင်္ဂလာမဏ္ဍပ်ထဲမှာ သတို့သားနဲ့သတို့သမီးက ဧည့်ပရိသတ်တွေကို အပြုံးတွေနဲ့ကြိုဆိုပြီး ထမင်းဟင်းနဲ့တည်ခင်းဧည့်ခံပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဟာ ရွာထဲကလူတွေအပြင် ရွာနီးချုပ်စပ်ကလူတွေပါ လာရောက်ကြတာကြောင့် စည်ကားပါတယ်။

ဇွန်လ ၃ ရက်က ကျင်းပတဲ့ သူတို့ရဲ့မင်္ဂလာပွဲဟာ မနက် ၈ နာရီဝန်းကျင်မှာတင် ဧည့်ပရိတ်သတ် တစ်ရာဝန်းကျင်လောက်ရှိနေပါပြီ။

အခုလို မင်္ဂလာအခမ်းအနားဟာ မကြာခင်မှာပဲ အမင်္ဂလာအခင်းအကျင်းဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှထင်မထားကြပါဘူး။

မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ “ရုတ်တရက် ဝုန်းဝုန်းဆိုပြီး ဗုံးနှစ်လုံးကျလာတယ်။ တစ်လုံးက လူစည်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းကျတာ။ တစ်လုံးက မဏ္ဍပ်ထဲတည့်တည့်ကျတာ။ တချို့ဆို အစအနပါပျောက်သွားတာ” လို့ မတောရွာသားတစ်ဦးက ပြောပါတယ်။

သာရေးမှ နာရေး

အဲဒီမင်္ဂလာဆောင်ကို အာဏာသိမ်းစစ်ကောင်စီရဲ့လေတပ်က ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် မတောရွာခံတွေနဲ့ ရွာနီးချုပ်စပ်က ဒေသခံတွေအပါအဝင် လူပေါင်း ၂၈ ယောက် သေဆုံးပြီး ၅၅ ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။

သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး နှစ်နှစ်အရွယ်ကစပြီး အကြီးဆုံး ၇၂ နှစ်အရွယ်အထိပါဝင်သလို ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း သုံးနှစ်အရွယ်ကလေးငယ်ကနေ ၇၅ နှစ်အရွယ်အထိ ပါဝင်ပါတယ်။

သတို့သားနဲ့သတို့သမီးဟာ ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ အနည်းငယ်လှမ်းတာကြောင့် အသက်အန္တရာယ် လွတ်ကင်းခဲ့တယ်လို့ မတောရွာခံတစ်ဦးကပြောပါတယ်။ ဒါပေမယ့်‌ ဗုံးပေါက်ကွဲတဲ့အရှိန်ကြောင့် သတို့သမီးဟာ သတိလစ်မေ့မြောသွားခဲ့သေးတယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် လူအစုလိုက်ရှိတဲ့မင်္ဂလာဆောင်မဏ္ဍပ်ထဲကို တည့်တည့်ကျခဲ့တဲ့ဗုံးကြောင့် မင်္ဂလာပွဲလာတဲ့သူတွေ အပိုင်းပိုင်းပြတ်လွင့်ထွက်သွားသလို အနီးနားကသစ်ပင်တွေပါ ကျိုးကြေသွားတယ်လို့ ကူညီကယ်ဆယ်ရာမှာပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူတစ်ဦးက အခုလိုပြောပါတယ်။

“အစအနပျောက်သွားတာ။ သေတဲ့သူက ဘယ်သူဘယ်ဝါဆိုတာတောင်မသိဘူး။ သူတို့ဝတ်ခဲ့တဲ့ အဝတ်အစားလေးတွေနဲ့ ခွဲရတာ။ လက်ပြတ်ခြေပြတ်တွေကို မနည်းဘူး”
စစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဧပြီလအထိ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့ကဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်မှုအကြိမ်ရေ ၂,၅၀၀ ဝန်းကျင် ပြုလုပ်ခဲ့တယ်လို့ အရပ်ဘက်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က အခုနှစ်မေလ ၂၁ ရက်မှာထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ(၄)မှာ ဆိုထားပါတယ်။

ဒီအဖွဲ့ဟာ လွပ်လပ်တဲ့ သတင်းမီဒီယာ ၄၃ ခုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာ ၁,၃၀၀ ကျော်ကနေ အချက်အလက်တွေ ကောက်ယူဖော်ပြနေတာဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့အစီရင်ခံစာအရ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားသေဆုံးမှုဟာ ၁,၂၉၅ ဦးအထိရှိပြီး ဒဏ်ရာရရှိသူဟာ ၁,၆၃၄ ဦးအထိရှိတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ဇွန်လ ၃ ရက်က လေကြောင်းကနေတိုက်ခိုက်ခံရတဲ့ မတောရွာ မင်္ဂလာဆောင်မှာ ထိခိုက်သေဆုံးတဲ့ လူဦးရေစာရင်း မပါသေးပါဘူး။

စစ်တပ်ဟာ အာဏာသိမ်းချိန်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမြင့်တက်လာသလို အရပ်သားတွေ သေဆုံးဒဏ်ရာရမှုဟာလည်း သိသိသာသာတိုးမြင့်လာတယ်လို့ ဆိုထားပါတယ်။

သတင်းပေါက်ကြားတဲ့ မင်္ဂလာဆောင်

အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ မတောရွာကမင်္ဂလာဆောင်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့မင်္ဂလာဆောင်ဖြစ်တာမို့ ကြိုတင်သတင်းရပြီး ဗုံးကြဲတိုက်ခိုက်တာလို့ဆိုကြသလို သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

သတို့သမီးမနှင်းဆီဟာ မတောရွာကဖြစ်သလို မင်းကင်းမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနှင်းဆီဟာ မင်းကင်းမြို့နယ်ထဲမှာ ရွှေမျောလုပ်ငန်းတွေလုပ်ဖို့ ဦးစီးဆောင်ရွက်တာနဲ့ အဲဒီရွှေမျောလုပ်ငန်းတွေကနေ အခွန်ကောက်ခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒီအချက်အလက်တွေနဲ့ပတ်သက်လို့ မော်ကွန်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“သတို့သမီးက ကာကွယ်ရေးအဖွဲ့ဝင်၊ သူ့မင်္ဂလာဆောင်သတင်းပေါက်သွားလို့ ဒီလိုဖြစ်သွားတာ။ သတို့သားကတော့ အရပ်သားလို့သိရတယ်။ သူတို့ကတော့ လွတ်သွားတယ်။ သေတဲ့အထဲမှာ ရွာခံတွေကော တခြားရွာကလာတဲ့ ဒေသခံတွေပါပါတယ်။ ကာကွယ်ရေးအဖွဲ့ဝင်တချို့ပါတယ်။ နည်းတယ်” လို့ မင်းကင်းအခြေစိုက် အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်ကာကွယ်ရေးအဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်ကထုတ်ပြန်ခဲ့တဲ့ ‘စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထများ’ ဆိုတဲ့ အစီရင်ခံစာမှာ လေကြောင်းတိုက်ခိုက်မှုစုစုပေါင်းရဲ့သုံးပုံတစ်ပုံဟာ စစ်ရေးပစ်မှတ်တွေမဟုတ်တဲ့ အရပ်သားတွေနေတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်း၊ ဘုရားကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အထိမ်းအမှတ်ပွဲတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအပြင် စစ်ကောင်စီဟာ လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေလို့ ထိခိုက်ကျဆုံးမှု အရေအတွက်ဟာ များပြားနေဆဲဖြစ်သလို တစ်ရက်ကို ပျမ်းမျှ တစ်ဦးနှုန်းသေဆုံးနေရတယ်လို့ BACS ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီလေတပ်ဟာ မတောကျေးရွာက မင်္ဂလာဆောင်သတင်းကို ကြိုတင်သိရှိပြီး ဗုံးမကြဲခင်ညပိုင်းက အဲဒီရွာပေါ်ကနေ ကင်းထောက်လေယာဉ်တစ်စီးပျံဝဲခဲ့သေးတယ်လို့ မင်းကင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ရွာခံတွေက လေယာဉ်ဝဲတာကိုသိပေမယ့် ခရီးသည်တင်လေယာဉ်လို့ထင်တာကြောင့် ပေါ့ဆသွားပုံရတယ်လို့ သူကဆိုတယ်။

“အရင်ကလည်း အဲဒီလိုဝဲတယ်။ အရင်က ပျံတယ်ဆိုတာ ခရီးသည်တင်လေယာဉ်တွေပျံတာကို။ ခရီးသည်တင်လေယာဉ်ကလည်း အဲဒီရွာနားက လမ်းကြောင်းကပဲပျံတာလေ။ ဘာလေယာဉ်မှန်းမသိလိုက်တာ” လို့ သူကမချိတင်ကဲပြောပါတယ်။

ဆေးဝါးကုသခွင့် စစ်တပ်ပိတ်ပင်

မတောကျေးရွာနဲ့ မင်းကင်းမြို့ဟာ ချင်းတွင်းမြစ်ရဲ့ တစ်ဖက်ကမ်းဆီမှာရှိကြပြီး ကြားထဲမှာ သောင်ထွန်းနေတဲ့နေရာတစ်ခုရှိသလို အဲဒီနေရာမှာ ရေလယ်ကျွန်းလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်လို့ မင်းကင်းဒေသခံ ဦးသိန်းကဆိုပါတယ်။

စစ်ကောင်စီလေတပ်က မတောရွာကို ဗုံးမကြဲမီ ဇွန်လ ၃ ရက် မနက်အစောပိုင်းမှာတော့ ရေလယ်ကျွန်းကဒေသခံတွေကို မင်းကင်းဆိပ်ကမ်းဘက်ကူးလာလို့မရအောင် စစ်တပ်က ကမ်းကူးခွင့်ပိတ်ခဲ့ပြီး လေကြောင်းကနေ‌ဗုံးကြဲပြီးမှသာ ဆိပ်ကမ်းပြန်ဖွင့်ပေးတာလို့ ဦးသိန်းက ပြောပါတယ်။

“အခုကျ စစ်တပ်က မင်းကင်းဆိပ်ကမ်းမှာ လုံခြုံရေးချပြီး မင်းကင်းကနေပြန်မယ့် အဲဒီကူးတို့လှေတွေနဲ့ ကျွန်းပေါ်ကဒေသခံတွေအကုန်လုံးကို ပစ္စည်းတွေစစ်တယ်။ ဆေးဝါးတွေဆို အကုန်သိမ်းတယ်။ အိမ်သုံးဆေးဝါးကအစမရဘူး။ (လေကြောင်းတိုက်ခံရလို့ ဒဏ်ရာရသူတွေကို) ဆေးကုလို့မရအောင်ကို ပိတ်ထားတာ။ ဆေးဝါးမရအောင်လို့ပေါ့ဗျာ။ အခုအဲဒီလိုလုပ်နေတယ်” လို့ သူကဆိုတယ်။

ဗုံးကြဲခံရတဲ့ မတောရွာက ဒေသခံတွေကို ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်ခဲ့တဲ့ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student’s Revolutionary Force) ကလည်း ဗုံးကြဲခံရတဲ့နေ့က ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ ယာဉ်အလုံအလောက်မရှိတာ၊ ဆေးကုသဖို့ ဆေးဝါးမလုံလောက်တာ၊ ဆေးရုံဆေးခန်းနဲ့ အလှမ်းကွာတာကြောင့် လမ်းမှာတင်သေဆုံးခဲ့သူတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် ဒဏ်ရာပြင်းထန်သူတွေများလို့ ဆေးဝါးလိုအပ်ချက်တွေရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့လည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိအချိန်မှာတော့ ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ ၅၅ ဦးကို နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေမှာရှိတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနေရပြီး စိုးရိမ်ရသူတွေလည်းရှိနေတယ်လို့ မင်းကင်းကာကွယ်ရေးအဖွဲ့ဝင်က ဆိုပါတယ်။

“နောက်ဆုံးရစာရင်းကတော့ စိုးရိမ်ရတာ ၁၆ ဦးပေါ့ဗျာ။ အခုစာရင်းက လက်လှမ်းမီသလောက်ပဲ ယူထားရတာ။ တော်တော်စိုးရိမ်ရတဲ့ သူတွေကရှိသေးတယ်”လို့ သူက ပြောတယ်။

အမင်္ဂလာ

အာဏာသိမ်းစစ်ကောင်စီဟာ မြေပြင်မှာ တိုက်ခိုက်ရေးတွေ အားနည်းလာတာကြောင့် တိုက်ပွဲတိုင်းနီးနီးမှာ လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်လာတယ်လို့ BACS က ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေမှာ အထိအခိုက်နည်းပါးစေဖို့ လေကြောင်းရန်ကာကွယ်ရေး ကြိုတင်လေ့ကျင့် အသိပညာပေးတာတွေ၊ လေကြောင်းအန္တရာယ် အချက်ပြသတိပေးစနစ်တွေဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

ဒါပေမယ့် ဗုံးခိုကျင်းမရှိ၊ လေကြောင်းကနေ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်တာကို မသိလိုက်တဲ့မတောရွာခံတွေကတော့ ရွာထဲမှာမနေရဲကြတော့သလို လေယာဉ်သံကြားတာနဲ့ အထိတ်တလန့်ဖြစ်နေရပြီလို့ မတောရွာသားတစ်ဦးက ပြောပါတယ်။

နောက်ထပ်လည်း ဗုံးလာကြဲဦးမယ်ဆိုတဲ့ အရပ်စကားတွေလည်းပျံ့နှံ့နေတာကြောင့် အရင်က အထိုက်အလျောက်လူစည်ခဲ့တဲ့ မတောရွာဟာ အခုချိန်မှာတော့ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေပါတယ်။

ဗုံးကြဲခံရတဲ့ မင်္ဂလာဆောင်အိမ်ပတ်ဝန်းကျင်မှာလည်း ပျက်စီးနေတဲ့မင်္ဂလာမဏ္ဍပ်၊ ပြန့်ကျဲနေတဲ့ မင်္ဂလာဧည့်ခံထမင်းဟင်း၊ ပန်းကန်အပိုင်းအစတွေ၊ ကျိုးကြေနေတဲ့သစ်ပင်တွေ၊ မင်္ဂလာပွဲမှာ သေဆုံးသွားကြသူတွေရဲ့ခန္ဓာကိုယ်အပိုင်းအစ၊ သွေးစသွေးနတွေနဲ့ သုသာန်တစပြင်အလား ဖြစ်သွားပြီလို့ သူကဆိုတယ်။

“ရွာက ရွာပျက်ကြီးလိုဖြစ်သွားပြီ။ သတို့သားလည်း သူ့ရွာပြန်သွားတယ်။ သတို့သမီးက ကြောင်တောင်တောင်ဖြစ်သွားတယ်။ သူ့မင်္ဂလာဆောင်မှာ လူအများကြီးသေတော့ ခံစားရမှာပေါ့။ မင်္ဂလာကနေ အမင်္ဂလာဖြစ်သွားတာ”

ဓာတ်ပုံ-Student’s Revolutionary Force

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."