ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၉ (မော်ကွန်း)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံစစ်ရှောင်တစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအမိုးအကာအကူအညီတွေ လိုအပ်နေတယ်လို့ မုန်းမြို့နယ်၊ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဘာတွေလိုအပ်လဲဆိုရင် အမိုးအကာ၊ တာလပတ်တွေလိုအပ်တယ်။ မိုးတွင်းဖြစ်တဲ့အခါ (စစ်ရှောင်)တချို့ဆိုရင် အဝတ်စားမပါဘဲ သွားလာရနေရတဲ့အခါကျ သူတို့ရဲ့ကျန်းမာရေးပိုင်းဆိုင်ရာမှာလည်း ဆေးဝါးတွေလည်းလိုအပ်တယ်။ နောက်တစ်ချက်က စောင်၊ ခြင်ထောင် အများကြီးလိုအပ်တယ်။ အဓိကလိုအပ်ချက်ကတော့ စားနပ်ရိက္ခာပဲလေ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး လက်နက်ကြီးတွေပစ်ခတ်တာတွေကြောင့် လုံးဝရွာပြန်မရတော့တဲ့ စစ်ရှောင်ဦးရေတစ်သောင်းဝန်းကျင်အထိရှိလာနေတယ်လို့ သူကဆိုပါတယ်။
စစ်ရှောင်ဦးရေများလာတဲ့အပြင် စစ်ရှောင်တွေကို ကူညီကယ်ဆယ်မယ့်အဖွဲ့အစည်းတွေ၊ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေက ကန့်သတ်ထားတာတွေကြောင့် ကူညီကယ်ဆယ်ရေးပိုင်းမှာလည်း အခက်အခဲတွေရှိလာတယ်လို့သူကပြောပါတယ်။
“တချို့နေရာတွေဆိုရင် ကျွန်တော်တို့ ဆန်ပို့လို့မရတဲ့နေရာတွေရှိတယ်၊ ရိက္ခာသယ်ယူလို့ မရတဲ့ နေရာမျိုးတွေလည်း ရှိတယ်။ ရိက္ခာလည်း သိပ်ပြီးတော့ ကူညီကယ်ဆယ်ရေးပိုင်းဆိုင်ရာမှာလည်း ပြည်သူတွေအရမ်းများတဲ့အခါကျ ပေးဖို့က တော်တော်ကြီးကို ကြပ်တည်းတာရှိတယ်။ နောက်တစ်ချက်ကျတော့ အကူအညီတွေလာတဲ့အခါ စစ်ကောင်စီကနေဝင်ပြီး ကျွန်တော်တို့ဆီလာတဲ့ အဖွဲ့အစည်းတွေရှိတယ်၊ အဲ့လိုအဖွဲ့အစည်းတွေကျ ကျွန်တော်တို့က လက်မခံရဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ဆီကယူသွားတဲ့ ဒေတာအချက်အလက်တွေက စစ်ကောင်စီဆီပြန်ပို့တဲ့လူတွေဖြစ်တော့ မယုံရဲဘူးပေါ့နော်” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၃၁ ရက်ကနေ အခုလ ၁၆ ရက်အထိ မုန်းမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်၊ လက်နက်ကြီးနဲ့ကျေးရွာတွေကို ပစ်ခတ်မှု ၄၅၁ ကြိမ်ပြုလုပ်တဲ့အပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးပြီးကျေးရွာတွေမီးရှို့တာ၊ အဖိုးတန်ပစ္စည်းတွေယူတဲ့အပြင် ကျေးရွာတွေထဲမှာ မိုင်းထောင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံလေးဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရကာ သုံးဦးဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မုန်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဉ် စစ်ရှောင်ဦးရေတိုးလာနေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ဩဂုတ်လအထိ ကိန်းဂဏန်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ သိရပါတယ်။
ပုံစာ – မုန်းမြို့နယ်အတွင်းကကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့ပြီး မိုင်းထောင်ထားပုံ
ဓါတ်ပုံ – KNU
#Dailynews

