ရန်ကုန်၊ ၂၀၂၃ ဧပြီ ၄ (မော်ကွန်း)
ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်တွေနဲ့ ပူးပေါင်းရေးဆွဲနေတဲ့ ဆန်စပါးဥပဒေကို ယခုနှစ်လယ်ပိုင်းမှာပြဋ္ဌာန်းသွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆန်စပါးအသင်းက ကျွမ်းကျင်သူတွေပါဝင်အဖွဲ့ဟာ ဆန်စပါးဥပဒေကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရေးဆွဲနေတာလို့ ဆိုပါတယ်။
လက်ရှိမှာ အဆိုပါဥပဒေနဲ့ပတ်သက်လို့ ဆန်စပါးလုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။
“အခုက ဥပဒေကြမ်းတော့ ပြီးသလောက်တောင်ဖြစ်နေပြီ။ ရခိုင်၊ မွန်နဲ့ ရန်ကုန်က တောင်သူတွေ ဆန်စက်လုပ်ငန်းရှင်တွေကို ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှင်းလင်းတာ၊ ဆွေးနွေးတာတွေလုပ်နေတယ်။ သူတို့အသံတွေလည်း ထည့်ရမယ်ဆိုတာကြောင့်။ ဥပဒေက ဒီနှစ်လယ်ပိုင်းမှာ ပြဋ္ဌာန်းဖြစ်မယ်လို့ သိထားတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီရေးဆွဲနေတဲ့ ဆန်စပါးဥပဒေကြမ်းမှာ ဆန်စပါးနဲ့ ဆန်ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူတွေကို စနစ်တကျမှတ်ပုံတင်ရေး၊ ဆန်စပါးပြည်ပတင်ပို့မှုအတွက် အရည်အသွေးမြင့်ဆန်တွေ ထုတ်လုပ်နိုင်ရေး၊ အရန်ဆန်စီမံခန့်ခွဲရေး စတဲ့အချက်တွေ ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။
ဆန်စပါးဥပဒေကြမ်းဟာ ဆန်ဈေးကွက်တည်ငြိမ်အောင် ထိန်းချုပ်ဖို့အတွက်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် ဆန်စပါးဈေးကွက်ကို ထိန်းချုပ်ကန့်သတ်မှုတွေလုပ်ဆောင်လာနိုင်ပြီး အောက်ခြေက ကုန်သည်တွေ၊ တောင်သူတွေအတွက် အခက်အခဲတွေရှိလာနိုင်တယ်လို့ ဧရာဝတီတိုင်းက ဆန်စိုက်ပျိုးထုတ်လုပ်သူ ဦးကျော်ရင်က ပြောပါတယ်။
“ အဲဒီ့ဥပဒေက အကာအကွယ်မဖြစ်ဘဲ အချုပ်အနှောင်ဖြစ်လာရင် တောင်သူတွေ ကုန်သည်တွေအတွက် ပိုအခက်အခဲဖြစ်မယ်။ ဈေးကွက်ကို ထိန်းချုပ်သလိုဖြစ်သွားရင် တောင်သူတွေကလည်း တွက်ချေမကိုက်လို့ မလုပ်တော့တာတွေ၊ လျှော့ပြီးစိုက်တာတွေ ရှိလာနိုင်တယ်။ အဲ့ဒီလိုဆိုရင်တော့ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ဖြစ်သွားမယ်” လို့ သူက ပြောပါတယ်။
၎င်းဥပဒေကြမ်းမှာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စက်မှတ်ပုံတင်ခြင်းကနေစပြီး ဝယ်ယူတာ၊ သယ်ယူပို့ဆောင်တာ၊ ကြိတ်ခွဲသိုလှောင်တာကနေ ပြည်တွင်းဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ခြင်းအထိ လုပ်ငန်းစဉ်တွေပါဝင်တဲ့ အခန်း ၁၀ ခန်း၊ ပြဋ္ဌာန်းချက် ၅၁ ချက်ပါဝင်တယ်လို့ဆိုပါတယ်။
#Dailynews

